
ဘယ်အရာမဆို တိုးတက်ပြောင်းလဲမှု မြန်ဆန်လွန်းလှတဲ့ အခုလိုခေတ်ကာလမှာ ဖြစ်ပျက်နေသမျှတွေကို အမှီလိုက်နိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူလှပါဘူး။ အတန်းပညာ သင်ယူတဲ့အခါ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်က တိုးတက်ပြောင်းလဲမှုတွေကို သင်ယူတဲ့အခါ ဖြစ်ဖြစ် ဘဝရဲ့ ဘယ်လိုအခန်းကဏ္ဍတွေမှာမဆို စဥ်ဆက်မပြတ် လေ့လာသင်ယူပြီး အသုံးချတတ်ဖို့က အရေးကြီးဆုံးဖြစ်နေပါပြီ။ သင်ယူလေ့လာခြင်းမှာ အသက်အရွယ် ကန့်သတ်မှုမရှိတာကြောင့် ကိုယ်ပိုင်အရည်အသွေးတွေ တိုးတက်မြင့်မားစေဖို့ဆို ကျွမ်းကျင်မှု အသစ်သစ်တွေကို စတင်သင်ယူနေဖို့ လိုအပ်ပါတယ်။ ဘာသာစကား အသစ်သင်ယူတာ၊ ပန်းချီဆွဲတာ၊ ဂီတတူရိယာ တီးခတ်တာ၊ Programming သင်ယူရေးသားတာ စသဖြင့် ဘယ်လိုအတတ်ပညာကို မဆို စတင်လိုက်တာက Skill အသစ်တွေကိုလည်း လေ့လာနိုင်ပြီး မိမိကိုယ်ကိုယ်လည်း ယုံကြည်မှုအသစ်တွေ ဖန်တီးနိုင်မှာပါ။

Skill အသစ်တွေကို ဘာကြောင့်သင်ယူနေသင့်တာလဲ
အလေ့အကျင့်အသစ်တစ်ခု၊ ကျွမ်းကျင်မှုအသစ်တစ်ခုကို စတင်လိုက်တာက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေရုံသာမကပဲ ရှေ့ဆက် ဘဝအတွက်ပါ များစွာ အကျိုးကျေးဇူး ရှိစေမှာဖြစ်ပါတယ်။
ဦးနှောက်စွမ်းရည် မြင့်မားလာတယ် - အလေ့အကျင့်အသစ်တွေကို လေ့လာနေတာကြောင့် လူကြီး၊လူငယ်မရွေး ဦးနှောက်ဆဲလ်တွေ တစ်ခုနဲ့တစ်ခု အချိတ်အဆက်ကောင်းလာပြီး မှတ်ဉာဏ်နဲ့ စဥ်းစားတွေးခေါ်နိုင်စွမ်းကို ပိုမိုအားကောင်းလာစေပါတယ်။
ဇွဲ၊ လုံ့လ ကောင်းလာတယ် - ဘယ်လို သင်ယူလေ့လာခြင်းမှာမဆို စစပိုင်းမှာ အသစ်အဆန်းတွေ ဖြစ်နေဦးမှာမလို့ မကျွမ်းကျင်သေးဘဲ အမှားတွေလုပ်မိရင် ကိုယ့်ကိုယ် သည်းခံခွင့်လွှတ်နိုင်စွမ်းနဲ့ ဒီထက် ပိုတိုးတက်အောင် လုပ်ဆောင်ချင်တဲ့ ဇွဲ၊ လုံ့လ တို့ကို ဖြစ်ပေါ်စေပါတယ်။
ယုံကြည်မှု တိုးတက်လာတယ် - Skill အသစ်တွေ သင်ယူရင်း ကိုယ့်ရည်မှန်းချက် သေးသေးလေးတွေဖြစ်ဖြစ် အောင်မြင်အောင် လုပ်ဆောင်လာနိုင်တာနဲ့အမျှ မိမိကိုယ်ကိုယ် ယုံကြည်မှုအားကောင်းလာပြီး စိန်ခေါ်မှုမှန်သမျှကို ရင်ဆိုင်လာရဲစေတာပါ။
စိတ်ဖိစီးမှု လျော့ကျလာတယ် - ပုံမှန် နေ့တိုင်းလုပ်နေကြ လုပ်ငန်းဆောင်တာတွေကနေ ခဏရပ်တန့်ပြီး ဝါသနာပါရာ Skill အသစ်တစ်ခုကို သင်ယူလေ့ကျင့်လိုက်တာက အသစ်အဆန်းဖြစ်စေပြီး စိတ်ကို လန်းဆန်းစေကာ ကျေနပ်ပျော်ရွှင်မှုပါ နောက်က ထပ်လိုက်လာစေမှာ ဖြစ်ပါတယ်။

Skill အသစ်တစ်ခုကို ဘယ်လိုအောင်မြင်အောင် စတင်လုပ်ဆောင်ကြမလဲ
ကျွမ်းကျင်မှုအသစ် တစ်ရပ်ကို စတင် သင်ယူပြီး အောင်အောင်မြင်မြင် တက်မြောက်ပြီးစီးဖို့ဆိုတာ သိပ်မလွယ်ကူတဲ့ကိစ္စဖြစ်တာကြောင့် အခုလိုနည်းလမ်းတွေနဲ့ စတင်နိုင်ဖို့ လိုပါတယ်။
နေ့စဉ် အချိန်အနည်းငယ် ပေးပါ - လေ့လာသင့်ယူမှုတစ်ခုကို တစ်ခါတည်း အချိန်အကြာကြီး အပြီးအစီး လုပ်လိုက်တာထက်စာရင် တစ်နေ့ကို ၁၅ မိနစ်လောက်နဲ့ ပုံမှန်လေး အာရုံစိုက်လုပ်ဆောင်သွားတာက ပိုထိရောက်စေပြီး ရေရှည်အတွက်လည်း အကျိုးကျေးဇူးကောင်းစေမှာပါ။
အမှားလုပ်မိရင် လက်ခံပါ - သင်ယူလေ့လာတဲ့ စစချင်းကာလတွေမှာ မပြည့်စုံတာတွေ၊ အမှားတွေလုပ်မိတာကို လက်ခံပေးပါ။ ဒါကပဲ ကိုယ့်ရဲ့ တိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အဆင့်တွေထဲက တစ်ခု ဖြစ်ပါတယ်။
ရည်မှန်းချက်အသေးလေးတွေ ခွဲခြားထားပါ - ရည်မှန်းချက်ကြီးကြီးမားမားထားတာ ကောင်းတယ်ဆိုပေမဲ့ ချက်ချင်းတစ်ခါတည်း ကြိုးစားနေတာမျိုး မဟုတ်ဘဲ အလွယ်ဆုံး အဆင့်လေးတွေကနေ စပြီး အပေါ်ကို တစ်ဆင့်ချင်း အတက်လှမ်းပါ။
တိုးတက်မှုကို မှတ်တမ်းတင်ပါ - ကိုယ့်ရဲ့ လေ့လာသင်ယူမှု အခြေအနေကို နေ့တိုင်း မှတ်တမ်းတင်ထားတာက ပုံမှန်လေ့လာမှုကို အားပေးသလို ဖြစ်စေပြီး တိုးတက်လာတဲ့ ရလဒ်တွေကို အားတက်စရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အခုလို ပြောပြသွားတဲ့ နည်းလမ်းလေးတွေအပြင် ရေရှည်မှာလည်း လေ့လာသင်ယူမှုတွေ မပြတ်ရှိနေစေဖို့ဆို ဝါသနာတူညီ၊ အတွေးတူညီ၊ ရည်မှန်းချက်တူညီတဲ့ သူတွေနဲ့ ပူးပေါင်းပြီး အကြံဉာဏ်ဖလှယ်ကြတာက အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ ဒါကြောင့် လေ့လာသင်ယူရတဲ့ အဆင့်တိုင်းကို ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်ပြီး အနာဂတ်အတွက် တန်ဖိုးရှိတဲ့ စွမ်းရည်ကောင်းတွေကို တူတူတည်ဆောက်ထားလိုက်ကြရအောင်ပါ။
Comments