အိမ်မှာ ခြောက်လတစ်ကြိမ် ပုံမှန်ထိန်းသိမ်း‌ပေးသင့်တာလေးတွေ

Posted in ကျန်းမာရေး


အိမ်ကို သန့်ရှင်းအောင်ထားဖို့ အရေးကြီးသလို၊ အိမ်အတွင်းရှိ ပစ္စည်းတွေကိုလည်း ခြောက်လတစ်ကြိမ် ပုံမှန်စစ်ဆေးထိန်းသိမ်းပေးဖို့လည်း အရေးကြီးပါတယ်။ တချို့ပစ္စည်းတွေက လပေါင်းများစွာ ကောင်းကောင်းအလုပ်လုပ်နေနိုင်ပေမယ့် ပုံမှန်စစ်ဆေးမှုမရှိရင်ခဲ့ရင်တော့ ပျက်စီးလာတာမျိုးတွေ ဒါမှမဟုတ် အန္တရာယ်ရှိလာနိုင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ပုံမှန်ခြောက်လတစ်ကြိမ် အောက်ဖော်ပြပါအရာလေးတွေကို စစ်ဆေးထိန်းသိမ်းပေးဖို့လိုအပ်ပါလိမ့်မယ်။


အဲယားကွန်း

အဲယားကွန်း Filter တွေကို ခြောက်လတစ်ကြိမ် သန့်ရှင်းပေးပါ၊ လိုအပ်ရင် အသစ်လဲပေးပါ။ အဲယားကွန်း ကောင်းမွန်စွာ အလုပ်လုပ်နေမနေကိုလည်း ပုံမှန်သေချာစစ်ဆေးပါ။ ဒီလိုမျိုးလေးတွေလုပ်ပေးခြင်းက လေဝင်လေထွက်ကို ကောင်းစေပြီးသက်တောင့်သက်သာဖြစ်စေမှာပါ။

ရေသန့်စင်စက် Filter

အိမ်မှာ ရေသန့်စင်စက်အသုံးပြုထားမယ်ဆိုရင်တော့ Filter ကို ပုံမှန်စစ်ဆေးပေးပြီး ထုတ်လုပ်သူရဲ့ သတ်မှတ်ချက်အတိုင်း လဲလှယ်ပေးတာမျိုးတွေလုပ်ပေးမယ်ဆိုရင်တော့  သန့်ရှင်းတဲ့ Filter က ရေအရည်အသွေးကို ထိန်းသိမ်းပေးမှာအမှန်ပါပဲ။

မီးခိုးနှင့် မီးလောင်မှုသတိပေးစက်

မီးခိုးနဲ့ မီးလောင်မှုသတိပေးစက်တွေ အလုပ်လုပ်မလုပ် ပုံမှန်စမ်းသပ်ကြည့်ပေးပါ။ Battery အားနည်းနေပါက အသစ်လဲပေးပြီး ဖုန်မှုန့်တွေ မပိတ်ဆို့နေအောင်လည်း စစ်ဆေးပေးဖို့လိုအပ်ပါတယ်။


ရေပိုက်များ

ရေကန်၊ ရေအိမ်နဲ့ ရေပိုက်တွေရှိတဲ့နေရာတွေမှာ ရေယိုစိမ့်မှု ဒါမှမဟုတ် စိုစွတ်နေတဲ့နေရာတွေ ရှိမရှိ စစ်ဆေးပေးပါ။ ရေယိုစိမ့်မှုအသေးစားတွေကို အချိန်မီပြုပြင်ခြင်းက နောက်ပိုင်းမှာ ပြဿနာကြီးမားလာနိုင်တာတွေကို ကြိုတင်ကာကွယ်မှုဖြစ်စေနိုင်ပါတယ်။

လျှပ်စစ်ပလပ်ပေါက်နှင့် ကြိုးများ

ပျက်စီးနေပြီး ချောင်နေတဲ့ ဒါမှမဟုတ် မီးလောင်ရာလက္ခဏာရှိတဲ့ လျှပ်စစ်ပလပ်ပေါက်နဲ့ ကြိုးတွေ ရှိမရှိ ပုံမှန်စစ်ဆေးပါ။ ရှိပါကလည်း အသစ်လဲပေးဖို့လိုအပ်ပါတယ်။

အိမ်ခေါင်မိုးနှင့် ရေမြောင်း

အိမ်ခေါင်မိုးမှာ ပျက်စီးနေတဲ့နေရာတွေ ရှိမရှိ ပုံမှန်စစ်ဆေးပေးတာမျိုးတွေ၊ ရေမြောင်းတွေရှိရင်လည်း အမှိုက်နဲ့ အရွက်တွေကို ဖယ်ရှားသန့်ရှင်းပေးတာမျိုးတွေကိုလုပ်ပေးခြင်းဖြင့် အမှိုက်ကင်းရှင်းကာ ရေစီးဆင်းမှုပိုမိုကောင်းမွန်အောင် အကူအညီဖြစ်စေပါလိမ့်မယ်။


ပန်ကာနှင့် လေဝင်လေထွက်စနစ်

မျက်နှာကျက်ပန်ကာ၊ အိမ်သာနဲ့ မီးဖိုချောင် Exhaust Fan စတဲ့ လေဝင်လေထွက်စနစ်တွေကိုလည်း ပုံမှန်သန့်ရှင်းမှုဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ ဖုန်မှုန့်များစွာ စုဝေးနေရင် အလုပ်လုပ်နိုင်စွမ်း လျော့ကျစေနိုင်ပြီး အိမ်အတွင်းလေထုကိုလည်း မွန်းကြပ်စေနိုင်ပါသေးတယ်။

တံခါးနှင့် ပြတင်းပေါက်

တံခါးနဲ့ ပြတင်းပေါက်တွေမှာ လက်ကိုင်ချောင်တာ၊ သော့ပျက်တာ ဒါမှမဟုတ် အပျက်အစီးတွေ ရှိမရှိလည်း စစ်ဆေးပေးဖို့လိုပါတယ်။ ဒါ့အပြင် အလွယ်တကူ ဖွင့်ပိတ်နိုင်ပြီး လုံခြုံစွာ သော့ခတ်နိုင်ဖို့ကလည်းအရေးကြီးပါတယ်။

ချုပ်အားဖြင့်ဆိုသော် ...

အိမ်မှာ တစ်ခုခုပျက်သွားတဲ့အထိ စောင့်နေတာမျိုးမလုပ်ဘဲ ခြောက်လတစ်ကြိမ် အိမ်အတွင်းရှိ ပစ္စည်းတွေကို ပုံမှန်စစ်ဆေးထိန်းသိမ်းပေးခြင်းဖြင့် ပြဿနာအသေးစားတွေကို စောစောသိရှိနိုင်စေပြီး အိမ်ရဲ့လုံခြုံမှုနဲ့ သက်တောင့်သက်သာရှိမှုကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။

ဒါကြောင့် ဖော်ပြပေးသွားတဲ့ အရာလေးတွေကို ‌ခြောက်လတစ်ကြိမ်၊ တစ်နှစ်ကို နှစ်ကြိမ် ပုံမှန်ထိန်းသိမ်း‌ဆောင်ရွက်ပေးခြင်းဖြင့် မလိုလားအပ်တဲ့ ယိုယွင်းပျက်စီးတာတွေကို ကြိုတင်ကာကွယ်လိုက်ရအောင် ။


Share

Comments

Related Posts