
မိဘတစ်ယောက်ဖြစ်လာတဲ့အခါ တာဝန်တွေအများကြီး ရှိလာတဲ့အလျှောက် အလုပ်၊ အိမ်မှုကိစ္စတွေနဲ့ နေ့စဉ်လုပ်စရာတွေကြားမှာ တစ်ခါတလေ အရေးကြီးတဲ့အရာတစ်ခုကို မေ့လျော့သွားတတ်ပါတယ်။ အဲ့ဒါကတော့ ကလေးတွေနဲ့အတူ အချိန်ပေးပြီး ကစားပေးဖို့ပါ။ ကလေးတွေနဲ့အတူ ကစားတာဟာ ပျော်ဖို့အတွက်ပဲလို့ ထင်ရပေမယ့် ကလေးတွေအတွက်တော့ လေ့လာသင်ယူဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကလေးနဲ့မိဘတွေကြား ရင်းနှီးချစ်ခင်မှု ပိုမိုတည်ဆောက်ဖို့အတွက် အဓိကအရေးပါတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ဒါဆို ဘာကြောင့် ကလေးတွေနဲ့အတူ ကစားပေးသင့်တာလဲ?
မိဘနဲ့ကလေးကြား သံယောဇဉ်ပိုခိုင်မာစေခြင်း
ကလေးတွေနဲ့အတူ ကစားပေးတဲ့အခါ တန်ဖိုးရှိတဲ့ မိသားစုအချိန်ကိုအတူဖြတ်သန်းဖြစ်စေသလို ကလေးတွေကလည်း မိဘတွေရဲ့ ချစ်ခြင်း၊ ဂရုစိုက်ခြင်းနဲ့ တန်ဖိုးထားခြင်းကို ပိုမိုခံစားရစေနိုင်ပါတယ်။

ကလေးတွေရဲ့ သင်ယူနိုင်စွမ်းကို အထောက်အကူပြုခြင်း
ကစားရင်းနဲ့ ကလေးတွေဟာ ပြဿနာဖြေရှင်းနည်း၊ ဆက်သွယ်ပြောဆိုနည်း၊ မျှဝေတတ်ခြင်းနဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေကို အသုံးချတတ်လာခြင်း စတာတွေကိုအထောက်အကူဖြစ်စေလာနိုင်ပါတယ်။
စိတ်ခံစားမှုကောင်းဖို့ အထောက်အကူဖြစ်ခြင်း
ကလေးတွေနဲ့အတူ ကစားခြင်းက ကလေးတွေအတွက် ပျော်ရွှင်စရာအချိန်တစ်ခု ဖြစ်စေသလို သူတို့ရဲ့ခံစားချက်တွေကို လွတ်လပ်စွာ ဖော်ပြနိုင်ဖို့လည်း အခွင့်အရေးဖြစ်စေပါတယ်။ ဒါ့အပြင် မိဘတွေရဲ့အနားမှာ လုံခြုံပြီး သက်တောင့်သက်သာရှိတယ်လို့ ခံစားရစေနိုင်ပါတယ်။

အပြန်အလှန်ပြောဆိုမှုတိုးတက်လာစေခြင်း
ကလေးတွေနဲ့ ကစားနေတဲ့အချိန်မှာ သူတို့ရဲ့အတွေးတွေ၊ ခံစားချက်တွေနဲ့ နေ့စဉ်အတွေ့အကြုံတွေကို ဖွင့်ဟလာတတ်လေ့ရှိပါတယ်။ ဒါက မိဘတွေအနေနဲ့ ကလေးတွေရဲ့စိတ်ကို ပိုမိုနားလည်နိုင်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာစေပါတယ်။
ကလေးတွေကို သူတို့နှစ်သက်တဲ့ကစားနည်းကို ရွေးချယ်ခွင့်ပေးကာ ဒီလိုရိုးရှင်းတဲ့ ကစားချိန်လေးတွေ ထည့်သွင်းနိုင်ပါတယ်။
• 🧩 ပဟေဠိအတူတူ ဖြေခြင်း
• 🎨 ပုံ အတူဆွဲခြင်း
• 📚 ပုံပြင်စာအုပ် အတူဖတ်ခြင်း
• 🧸 သူတို့နှစ်သက်တဲ့ အရုပ်တွေနဲ့ အတူကစားခြင်း
• 🎲 ဘုတ်ဂိမ်း အတူကစားခြင်း စတာတွေကို အတူလုပ်ဆောင်နိုင်ပါတယ်။
အတူကစားပေးခြင်းဟာ ပျော်ဖို့သက်သက် မဟုတ်ပါဘူး။ အတူကစားပေးခြင်းဟာ ကလေးတွေအတွက် မိဘတွေရဲ့ အချိန်ပေးခြင်း၊ အာရုံစိုက်ပေးခြင်းနဲ့ အနားမှာရှိနေပေးခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။
ဒါကြောင့် သူတို့နဲ့ ကစားပေးခြင်း၊ သူတို့ပြောတာကို နားထောင်ပေးခြင်း၊ သူတို့နဲ့အတူ ရယ်မောပေးခြင်းဖြင့် မိဘတွေ လုပ်မိတတ်တဲ့ အကြီးမားဆုံးအမှားတွေထဲက တစ်ခုကို အမှန်ပြင်လိုက်ရအောင်။
Comments