
ချစ်ရတဲ့ တိလေးတွေနဲ့ အပြင်ထွက်လမ်းလျှောက်နေကျ တိဖေဖေမေမေတို့အတွက် မိုးရာသီရောက်ပြီဆို လမ်းပေါ်က ရွံ့တွေ၊ ဗွက်တွေကြောင့် အနည်းငယ် ကရိကထများဖူးကြမှာပါ။ မိုးရေက စိုစိုစွတ်စွတ်နဲ့ အိမ်က ခွေးလေး၊ ကြောင်လေးတွေ လမ်းလျှောက်တဲ့အခါတိုင်း သူတို့တွေရဲ့ ခြေဖဝါးနဲ့ အမွှေးအမျှင်တွေပေါ်၊ ခန္ဓာကိုယ်ပေါ်မှာ ရေတွေ၊ ရွံ့တွေ ပေကျံလာတာက အခုလိုမိုးတွင်းမှာဆို စိတ်ညစ်စရာတစ်ခုလိုပါပဲ။ ဒါကို သေချာ တခါတည်း မသန့်ရှင်းပေးနိုင်ဘူးဆို ချစ်ရတဲ့တိလေးတွေရဲ့ ကျန်းမာသန့်ရှင်းရေးကို ထိခိုက်လာနိုင်ပြီး ဒီကနေ အိမ်တွင်းသန့်ရှင်းရေးကိုပါ ထိခိုက်လာနိုင်တာကြောင့် အခုကာလမှာ အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တိလေးတို့အတွက် ရိုးရှင်းလွယ်ကူပြီး အချိန်ကုန်သက်သာစေမဲ့ သန့်ရှင်းရေးနည်းလမ်းတွေကို အခုမိုးကာလမှာ ပြင်ဆင်အသုံးချရအောင် ဒီဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ပါတယ်။

တိလေးတို့ရဲ့ သန့်ရှင်းရေး
မိုးတွင်းကာလမှာ ကိုယ့်အိမ်မွေးတိရစ္ဆာန်တွေ သန့်သန့်ရှင်းရှင်းရှိနေဖို့ ထင်ထားတာထက် အရေးကြီးလှပါတယ်။ သူတို့လေးတွေရဲ့ သဘာဝအတိုင်း သန့်ရှင်းရေးလုပ်တဲ့ အလေ့အကျင့်အမျိုးမျိုးရှိကြပေမဲ့ မိုးရာသီမှာ ဟိုဟိုဒီဒီဆော့ကစားတတ်ကြတဲ့ တိလေးတွေအတွက်ကတော့ အမွှေးတွေ စိုစိုစွတ်စွတ်နဲ့ ရွံတွေ ပေနေပြီး သေချာမသန့်ရှင်းပေးနိုင်ရင် ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်ဆို ဒီလိုအခြေအနေတွေက တိလေးတွေရဲ့ အရေပြားမှာ စိုထိုင်းဆတွေနဲ့ ဘတ်တီးရီးယားတွေကို ပိတ်မိစေပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်စေတတ်လို့ Saravet ရဲ့ ဆောင်းပါးတစ်ခုမှာ ဖတ်ရှုနိုင်ပါသေးတယ်။
- ယားယံခြင်းနဲ့ ပိုးဝင်ခြင်း - တိလေးတို့ရဲ့ ခြေချောင်းတွေကြားမှာ ရွံ့၊ အညစ်အကြေးနဲ့ အစိုဓာတ်တွေ ရှိနေမယ်ဆို ခြေဖဝါးတွေမှာ မှိုပိုးဝင်တာ၊ နီရဲရောင်ရမ်းတာ၊ အနာဖြစ်တာတွေ ဖြစ်စေနိုင်ပါတယ်။
- အမွှေး ငြိခြင်း - မိုးမိတာဖြစ်ဖြစ်၊ မိုးရေထဲ ဆော့ကစားပြန်လာတဲ့အခါ စိုစိုစွတ်စွတ်ဖြစ်နေတဲ့အပြင် ရွံ့တွေပါ ပေကျံနေခဲ့တယ်ဆို အမွှေးရှည်တဲ့ တိလေးတွေမှာဆို အမွှေးတွေ ရှုပ်တာ ငြိထွေးတာတွေ ဖြစ်စေပြီး သေချာရှင်းလင်းပေးရတဲ့အတွက် သူတို့အရေပြားကိုပါ ဆွဲဆန့်သလို ဖြစ်စေလို့ နာကျင်စေပါတယ်။
- နား ပိုးဝင်ခြင်း - စိုစွတ်တဲ့ ပတ်ဝန်းကျင်ကြောင့် တိလေးတွေရဲ့ နားတွင်းမှာ အစိုဓာတ်ဝင်ရောက်ပြီး နားကိုက်တာ၊ ပိုးဝင်တာတွေ ဖြစ်စေတတ်ပါတယ်။

သန့်ရှင်းရေးလုပ်ပေးဖို့ နည်းလမ်းကောင်းတွေ
တိလေးတွေ အပြင်ကနေ ညစ်ပတ်ပေရေပြီး ပြန်လာတိုင်း ချက်ချင်းရေချိုးပေးဖို့ မလိုအပ်ဘဲ ဒီနည်းလမ်းတွေ အရင်ဆုံးအသုံးချကြည့်ပါ။ တိလေးတို့နဲ့ လမ်းလျှောက်ပြီး ပြန်လာတဲ့အခါတိုင်းမှာ
- ရေခပ်နွေးနွေး၊ သဘက်နဲ့ Wet Tissue တွေကို အိမ်တံခါးဝမှာ အသင့်ဆောင်ထားပြီး တိလေးတွေရဲ့ ခြေဖဝါးတွေကို အိမ်ထဲမဝင်ခင်မှာ ချက်ချင်းသန့်စင်ပေးပါ။
- ရေနဲ့ ရွံ့တွေကို ပုံမှန်တဘက်တွေထက် ပိုမြန်မြန် စုပ်ယူပေးနိုင်တဲ့ Microfiber တဘက်တွေ အသုံးပြုတာကလည်း တိလေးတွေရဲ့ သန့်ရှင်းရေးမှာ ပိုလွယ်ကူအဆင်ပြေစေမှာပါ။
- ခြေဖဝါးမှာ ရှိတတ်တဲ့ အမွှေးတွေကိုလည်း ကြိုပြီး တိုတိုညှပ်ပေးထားတာကလည်း အပြင်သွားတဲ့အခါ ရွံ့တွေ ဗွက်တွေကနေ အညစ်အကြေးကပ်ငြိမှုကို လျော့ချပေးနိုင်ပြီး သန့်ရှင်းရလည်း လွယ်ကူစေပါတယ်။

ပုံမှန်ဘယ်လိုသန့်ရှင်းပေးသင့်လဲ
မိုးရာသီမှာဆို ပုံမှန် မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေ၊ အညစ်အကြေးတွေ ရှိနေတတ်တာကြောင့် တိလေးတွေရဲ့ အမွှေး၊ အရေပြားနဲ့ ခြေဖဝါးတွေအပါအဝင် ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ ကျန်းမာရေးကိုပါ အထူးဂရုစိုက်ပေးသင့်တာပါ။ ဒါကြောင့် အပေါ်မှာပြောပြသွားတဲ့ သန့်ရှင်းရေးနည်းလမ်းတွေ လုပ်ပြီးပြီဆို တိလေးတွေရဲ့ ကိုယ်ခန္ဓာကို တဘက်နဲ့ စေ့စပ်သေချာစွာ သုတ်ပေးတာက အနံ့ဆိုးထွက်တာကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး အမွှေးတွေကို နေ့တိုင်း ဘီးဖြီးပေးတာကလည်း ဖုန်မှုန့်နဲ့ ရွံ့တွေကို ဖယ်ရှားပေးနိုင်ပြီး အမွှေးတွေ ထုံးတာ၊ ညှိတာကို သက်သာစေပါတယ်။
မိုးရာသီမှာ ကိုယ့်ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သန့်ရှင်းရေးကို လွယ်လွယ်ကူကူနဲ့ ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ဖို့ စဥ်းစားထားတယ်ဆို ဒီနည်းလမ်းလေးတွေက အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။ တိချစ်သူတို့ တခြားအသုံးပြုနေတဲ့ နည်းလမ်းကောင်းလေးတွေ ရှိရင်လည်း အားလုံးသိရအောင် ကောမန့်မှာ ပြောပြသွားဖို့ မမေ့နဲ့နော်။
Comments