
ဆောင်းရာသီရဲ့ အအေးဓာတ်လေးက တဖြည်းဖြည်း ထွက်ခွာနေပါပြီ။ မကြာခင်မှာ ပူပြင်းတဲ့နွေရာသီကို ရောက်လာတော့မှာပါ။ ဆောင်းရာသီကနေ နွေရာသီကူးပြောင်းတာဟာ ရာသီအပြောင်းအလဲတွေမှာ အသိသာဆုံးနဲ့ အပူချိန်ပြောင်းလဲမှုအများဆုံးဖြစ်ပါတယ်။ ဒါကြောင့် စားသောက်နေထိုင်မှုပုံစံကိုလည်း လိုက်လျောညီထွေဖြစ်အောင် သိသိသာသာပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး ဆောင်းအကုန် နွေအကူးမှာ နေမကောင်းမဖြစ်စေဖို့နဲ့ နွေရာသီကို ကျန်းကျန်းမာမာကျော်ဖြတ်နိုင်စေဖို့ ဂရုစိုက်ပြင်ဆင်ရမယ့်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
အဝတ်အစား
ဆောင်းရာသီတုန်းကတော့ နွေးနွေးထွေးထွေးဖြစ်စေမယ့် အဝတ်အစားတွေနဲ့ ဖြတ်သန်းခဲ့ကြပေမဲ့ နွေရောက်လာတဲ့အခါမှာတော့ ဆန့်ကျင်ဘက်ဖြစ်သွားပါပြီ။ အိမ်နေရင်းဝတ်ဖို့အတွက် လေဝင်လေထွက်ကောင်းပြီး ပေါ့ပေါ့ပါးပါးဖြစ်မယ့် အဝတ်အစားတွေ လိုအပ်လာမှာဖြစ်သလို အပြင်သွားတဲ့အခါမှာတော့ ပြင်းပြတဲ့ နေအပူဒဏ်ကို ကာကွယ်ဖို့ လက်ရှည်အပါးလေးတွေ၊ ချွေးစုပ်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။ ခန္ဓာကိုယ်နဲ့ အရမ်းကြပ်နေတဲ့ အဝတ်အစားမျိုးတွေဆိုရင် သက်တောင့်သက်သာမဖြစ်သလို ကျန်းမာရေးနဲ့လည်း မညီညွတ်တာကို သတိပြုသင့်ပါတယ်။ ဒါ့အပြင် နေပူထဲကို ထီး၊ ဦးထုပ်တွေ မပါဘဲ မထွက်သင့်တာကိုလည်း သတိပြုပြင်ဆင်ထားသင့်ပါတယ်။
ခန္ဓာကိုယ်အပူချိန် ထိန်းညှိဖို့
နွေရာသီမှာ အန္တရာယ်များတဲ့အချက်ကတော့ ခန္ဓာကိုယ်အပူချိန်မြင့်တက်တာနဲ့ အပူချိန်ရုတ်တရက်ပြောင်းလဲတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အပူချိန်မြင့်တက်တာကို လျှော့ချဖို့အတွက်တော့ အရှေ့မှာပြောခဲ့တဲ့ အဝတ်အစားပုံစံလေးတွေအပြင် ယပ်တောင် ဒါမှမဟုတ် အားသွင်းပန်ကာလေးတွေကို ကြိုတင်ဆောင်ထားသင့်ပါတယ်။ အပူချိန်ရုတ်တရက်ပြောင်းလဲတာ မဖြစ်စေဖို့အတွက်တော့ နေပူထဲကနေ ချက်ချင်း အဲကွန်းအောက်၊ ပန်ကာအောက်ကို ဝင်တာမျိုး ရှောင်ရှားသင့်သလို အပြင်က ပြန်လာလာပြီးချင်း ရေချိုးတာ၊ ခြေလက်ဆေးတာတွေကိုလည်း ကြိုတင်သတိပြုထားရမှာ ဖြစ်ပါတယ်။
နွေရာသီအတွက် အကောင်းဆုံးလက်နက်
နွေရာသီဟာ အပူချိန်မြင့်တက်တာအပြင် ခန္ဓာကိုယ်ရဲ့ ရေဓာတ်တွေကိုလည်း မြန်မြန်ဆုံးရှုံးစေပါတယ်။ အဲဒါကြောင့် နွေရာသီကို ရင်ဆိုင်ဖို့ အကောင်းဆုံးလက်နက်ကတော့ ရေများများသောက်ပေးခြင်းပဲ ဖြစ်ပါတယ်။ ရေများများသောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးသလို ရေဓာတ်ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အပြင်သွားတဲ့အချိန်တွေ၊ ချွေးထွက်များတဲ့အချိန်တွေနဲ့ နေပူထဲက ပြန်လာတဲ့အချိန်တွေမှာ ရေများများသောက်ဖို့ မမေ့ပါနဲ့။
အရေပြားကို ကာကွယ်ဖို့
နွေရာသီရဲ့ နေအပူရှိန်ဟာ ခရမ်းလွန်ရောင်ခြည်ပြင်းအား လွန်ကဲတဲ့အတွက် အရေပြားကို ကာကွယ်ဖို့ကလည်း အရေးကြီးတဲ့အချက်ပါပဲ။ အတတ်နိုင်ဆုံးနေရောင်နဲ့ မထိတွေ့အောင် ကာကွယ်ပြီး Sunscreen, Suncream တွေကို ပုံမှန် လိမ်းပေးသင့်ပါတယ်။ မြန်မာ့ရိုးရာသနပ်ခါးကလည်း နေရောင်ကို ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရည်ကို အေးမြကြည်လင်စေတဲ့အတွက် နွေရာသီမှာ အင်မတန်ကောင်းမွန်တဲ့ ဆေးတစ်လက်ဖြစ်ပါတယ်။
အစားအသောက်
အစားအသောက်ကလည်း နွေအပူဒဏ်နဲ့ လိုက်လျောညီထွေဖြစ်နေဖို့ လိုအပ်ပါတယ်။ အဆီများတဲ့ အစားအစာတွေနဲ့ အသားတွေဟာ အစာချေဖျက်ဖို့ ပိုပြီးလုပ်ဆောင်ရတဲ့အတွက် ခန္ဓာကိုယ်ကို ပိုပူစေပြီး ပင်ပန်းစေနိုင်ပါတယ်။ ဒါကြောင့် အဲဒီလို အစားအစာတွေကို ရှောင်ရှားပြီး ရေဓာတ်များတဲ့ အသီးအရွက်တွေကို ပိုပြီး စားပေးသင့်ပါတယ်။ သောက်စရာမှာဆိုရင်လည်း ရေခဲရေတွေ၊ အအေးတွေကို ရှောင်သင့်ပြီး သဘာဝအသီးဖျော်ရည်တွေကို ပိုပြီး သောက်ပေးသင့်ပါတယ်။ အားလုံးသိတဲ့အတိုင်း ကျန်းမာရေးနဲ့ ညီညွတ်ပြီး နွေရာသီနဲ့ အလိုက်ဖက်ဆုံးသောက်စရာကတော့ အုန်းရည်ဖြစ်ပါတယ်။
စိတ်အေးချမ်းမှုအတွက်
ခန္ဓာကိုယ် အပူချိန်မြင့်တက်လာတာနဲ့အတူ စိတ်ရဲ့ အပူချိန်တွေကလည်း မြင့်တက်လာမှာက သဘာဝပါပဲ။ ရာသီဥတုပူလာတဲ့အခါ စိတ်တိုလွယ်တာ၊ အာရုံစူးစိုက်မှုတွေ လျော့ကျတာတွေ ဖြစ်လာတတ်သလို တစ်ယောက်နဲ့တစ်ယောက် စိတ်မရှည်ကြတာတွေလည်း ဖြစ်လေ့ရှိပါတယ်။ ဒီအတွက် စိတ်အေးချမ်းမှုကို ကိုယ်တိုင်တည်ဆောက်ဖို့ အရေးကြီးပါတယ်။ ဒီအတွက် ယောဂလေ့ကျင့်ခန်းတွေ၊ တရားထိုင်တာတွေကို အခုကတည်းက အလေ့အကျင့်လုပ်ထားသင့်ပါတယ်။
ဒါဆိုရင်တော့ နွေရာသီအတွက် ကြိုတင်ပြင်ဆင်ရမယ့်အရာလေးတွေအတွက် အတွေးစလေးတွေ ရသွားမယ်ထင်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး အေးချမ်းတဲ့ နွေရာသီကို ကျော်ဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
References: Medical News Today, Wellbeing People
Comments