
အိမ်မှုကိစ္စတွေနဲ့ ထမင်းဘူးတွေကြားထဲမှာ တိတ်တိတ်လေး ပျောက်ကွယ်နေတတ်တဲ့ လူတစ်ယောက်ရှိပါတယ်။ အဲဒါကတော့ “မေမေ” တွေပါပဲ။ မေမေတို့ဟာ အလုပ်တွေ၊ အိမ်မှုကိစ္စတွေ၊ ပြုစုစောင့်ရှောက်ရတဲ့ သားသားမီးမီးတွေနဲ့ ၂၄ နာရီ၊ ၇ ရက် အမြဲတမ်း လုံးပန်းနေပြီး “ကိုယ်” ဆိုတာကို နောက်မှာပဲ ချန်ထားတတ်ကြပါတယ်။ ဒီဆောင်းပါးလေးကတော့ အဲဒီလို ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့ မေ့နေတတ်ကြတဲ့ မေမေတွေ အားလုံးအတွက် သတိပေးစာလေးဖြစ်ပါတယ်။
“အစွန့်လွှတ် အနစ်နာခံ သူရဲကောင်းများ” အစဉ်အလာ
မေမေတွေဆိုတာ သားသားမီးမီးတွေအတွက်၊ အိမ်အတွက် ကိုယ်ကျိုးမငဲ့ဘဲ စွန့်လွှတ်အနစ်နာခံတတ်တဲ့ သူရဲကောင်းတွေအဖြစ် အစဉ်အလာတစ်ခုလို ပုံဖော်ခဲ့ကြပါတယ်။ တကယ်တော့ အဲဒါက မေမေတွေအတွက် မမြင်ရတဲ့ ဖိအားတစ်ခုဖြစ်နေပြီး “ကောင်းမွန်တဲ့ အမေတစ်ယောက်” ဆိုတဲ့ အဓိပ္ပာယ်ကို အကန့်အသတ်မရှိ အလွန်အကျူး ဖွင့်ဆိုရာရောက်ပါတယ်။ ရလဒ်အနေနဲ့ကတော့ မေမေတွေဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့သွားတတ်ကြပြီး ကိုယ်ပိုင်ဘဝဟာ ပျောက်ဆုံးသွားလေ့ရှိပါတယ်။ တစ်ဖက်မှာလည်း ကလေးငယ်တွေအနေနဲ့ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ ၂၄ နာရီ၊ ၇ ရက်လုံး စက်ရုပ်တစ်ရုပ်လို လည်ပတ်နေရတာက လူကြီးတစ်ယောက်ရဲ့ တာဝန်ပဲလို့ မြင်သွားစေနိုင်သလို ဒီလိုမျိုး မလုပ်နိုင်တဲ့သူတွေအနေနဲ့လည်း အပြစ်ရှိသလို ခံစားရစေနိုင်ပါတယ်။ တကယ်တော့ “ကောင်းမွန်တဲ့ မိဘအုပ်ထိန်းမှု၊ ကောင်းမွန်တဲ့ အိမ်ရှင်မ” ဆိုတာမျိုးဖြစ်ဖို့က ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်စရာမလိုပါဘူး။
ဘာကြောင့် စွန့်လွှတ်စရာ မလိုဘူးလဲ
ရိုးရိုးလေးပဲ တွေးကြည့်ရအောင်ပါ။ ဘာမှမရှိတဲ့ ခွက်တစ်ခွက်ကနေ တခြားခွက်ထဲကို ဖြည့်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုပါပဲ၊ မေမေတွေဆိုတာလည်း လူသားတွေဖြစ်တဲ့အတွက် အားအင်တွေ ကုန်ခမ်းတတ်ပါတယ်။ ဘယ်လိုပဲ ဇောနဲ့ လုပ်ကိုင်နေပါစေ၊ စိတ်အား၊ လူအားကုန်တဲ့ အချိန်တွေဆိုတာ ရှိမှာပါ။ သိသာတဲ့ ဥပမာပေးရရင် စိတ်ရောလူပါ ပင်ပန်းလွန်းတဲ့အချိန်တွေမှာ သားသားမီးမီးတွေကို မသိလိုက်ဘဲ အော်ငေါက်မိတာ၊ ရိုက်မိတာတွေ ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါတွေဟာ ကလေးငယ်တွေအတွက်လည်း အဆိုးမြင်သွားစေနိုင်သလို ကိုယ့်အနေနဲ့လည်း “ငါဒီလောက် လုပ်ပေးနေရဲ့သားနဲ့” ဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အချိန်ပေး ဂရုစိုက်ဖို့၊ အနားယူဖို့ဟာ ကိုယ်တိုင်အတွက်တင်မဟုတ်ဘဲ အားလုံးအတွက် အရေးကြီးပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း ဆိုတာ
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်၊ အနားယူတယ်၊ အချိန်ပေးတယ် စသဖြင့် ပြောကြတဲ့အခါမှာ Spa သွားတာတို့၊ ခရီးထွက်တာတို့၊ ဈေးဝယ်ထွက်တာတို့ စတဲ့ ရုပ်ရှင်ဆန်ဆန်၊ ငွေကုန်ကြေးကျများမယ့် အရာတစ်ခုလို ထင်မှတ်လေ့ရှိကြပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်ဆိုတာ အဲဒီထက် ရိုးရှင်းပြီး ဘာကုန်ကျစရိတ်မှ ကြီးကြီးမားမားမလိုအပ်ပါဘူး။ ဒါကို မေမေတို့ သိထားဖို့လိုပါတယ်။ မဟုတ်ရင် သားသားမီးမီးတွေ၊ အိမ်အလုပ်တွေကို ပစ်ပြီး ကိုယ့်ကိုယ်ကိုယ်အချိန်ပေးဖို့ မဖြစ်နိုင်ပါဘူးလို့ ငြင်းချက်ထုတ်စရာ ဖြစ်နေပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ် ဆိုတာရဲ့ ပထမဆုံး ခြေလှမ်း၊ အတွင်းအကျဆုံး အချက်ကတော့ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို သတိထားမိဖို့ပါပဲ။ စိတ်တွေ ပင်ပန်းနေပြီလား၊ ခန္ဓာကိုယ်က မလိုက်နိုင်တော့ဘူးလား စတဲ့ အခိုက်အတန့်တွေကို သတိထားမိအောင် ကြိုးစားပါ။ ပြီးရင်တော့ ဒီနည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။
၁။ အချိန် ၁၅ မိနစ်ပဲ ပေးပါ။ အများကြီးမဟုတ်ပါဘူး။ ၁၅ မိနစ်လောက်လေးကို သက်တောင့်သက်သာ လှဲနေမလား၊ စာအုပ်ဖတ်မလား၊ ကိုယ်ကြိုက်တဲ့ ဝါသနာတစ်ခုခုလုပ်မလား စသဖြင့် ကိုယ့်အတွက် စိတ်ရောကိုယ်ပါ အနားရမယ့်အရာတစ်ခုခု လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ်လည်း သတ်သတ်မှတ်မှတ် ၁၅ မိနစ် ပေးပြီး အိမ်သူအိမ်သားတွေ၊ သားသားမီးမီးတွေကိုလည်း နားလည်အောင် ရှင်းပြထားပါ။ တစ်နည်းအားဖြင့် ဒီ ၁၅ မိနစ်လေးတွေဟာ လည်ပတ်နေတဲ့ စက်တွေ အပူများပြီး လောင်ကျွမ်းမသွားအောင် အနားပေးတဲ့ အခိုက်အတန့်လေးတွေလိုပါပဲ။
၂။ ငြင်းတတ်အောင် လေ့ကျင့်ပါ။ မေမေတို့ဟာ ကိုယ်နဲ့လည်း ဘာမှမဆိုင်ဘဲ လုပ်ပေးရတတ်တဲ့ ကိစ္စတွေ ရှိတတ်ပါတယ်။ စိတ်အဆင်မပြေဘူးဆိုရင် ယဥ်ကျေးစွာ ငြင်းခွင့်ရှိပါတယ်။ ကိုယ့်ရဲ့ ရင်သွေးအရင်းအချာဆိုရင်တောင် ကိုယ်မလုပ်ပေးဘဲ သူတို့ကိုယ်တိုင် လုပ်တတ်အောင် သင်ပေးရတဲ့အရာတွေ ရှိပါတယ်။ တခြားသူတွေကို လုပ်ပေးရဖို့ဆိုတာကတော့ စိတ်ပါလက်ပါဖြစ်မှသာ လုပ်ပါ။ ဒါက အင်မတန်အရေးကြီးတဲ့အချက်ပါပဲ။
၃။ ကိုယ့်ကိုယ်ကို မကြာမကြာ စစ်ဆေးပါ။ ရေများများသောက်ဖြစ်ရဲ့လား၊ အစားသေချာစားဖြစ်ရဲ့လား စသဖြင့်ပေါ့။ မေမေတွေဟာ သားသားမီးမီးတွေ အစားကောင်းကောင်းမစားမှာ စိတ်ပူရင်း ကိုယ်ကိုယ်တိုင် အစားသေချာစားဖို့ကျတော့ မေ့နေတတ်ကြပါတယ်။ အဲဒီလို မဖြစ်ပါစေနဲ့။
ဒီဘက်ခေတ်မှာ မေမေတွေဟာ အိမ်အလုပ်တွေအပြင် ငွေရှာတဲ့ အလုပ်လည်း အနည်းအနဲ့အများ လုပ်လာကြရပါတယ်။ အဲဒါကြောင့် ၂၄ နာရီ၊ ၇ ရက် အလုပ်နဲ့မပြတ် ဆိုတဲ့ ပုံစံမျိုးကို ပိုပြီးရင်ဆိုင်လာရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့လည်း မေ့လျော့လာကြပါတယ်။ အိမ်တစ်ခုလုံး လည်ပတ်ဖို့ လိုအပ်တဲ့စွမ်းအင်၊ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် ရှေ့ပြေးသံပတ်နာရီတွေ ဖြစ်ကြတဲ့ မေမေတွေ အားလုံးကို ဒီနေရာကနေ ဂုဏ်ပြုရင်း ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်။
Comments