
ဘာစားစား မပါမဖြစ်၊ အားလုံးရဲ့ အချစ်တော် ထမင်းက နေ့စဥ်စားသောက်မှုတိုင်းအတွက် အဓိကအကျဆုံးနဲ့ အခြေခံကျတဲ့ အစားအစာတစ်ခုပါ။ ဒီလို ထမင်းဖြစ်ဖို့ စိုက်ပျိုး၊ ရိတ်သိမ်း၊ ထားသိုတဲ့ အဆင့်ဆင့်တိုင်းအတွက် နည်းစနစ်ကျပြီး ဂရုတစိုက်ထိန်းသိမ်းပေးမှ အာဟာရပြည့်ပြည့်နဲ့ အရသာရှိရှိ ထမင်းဖြူသန့်တွေကို စားသုံးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအဆင့်တွေထဲကမှ ဝယ်ယူရရှိလာတဲ့ ဆန်ကို မပျက်စီးသွားရအောင် ကိုယ့်အိမ်မှာပဲ ထိန်းသိမ်းသိုလှောင်တတ်ဖို့ကလည်း အဓိကကျတဲ့အချက်တွေထဲက တစ်ခုဖြစ်လို့ အခုဆောင်းပါးထဲမှာ ဆန်ကို အကောင်းဆုံး ထိန်းသိမ်းသိုလှောင်နိုင်မဲ့ နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။ ဒါမှသာ ဆန်ရဲ့ အစိုဓာတ်ကိုရော အရည်အသွေးကိုပါ မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်မှာပါ။

ဆန်ကို သေချာမသိမ်းတတ်ရင် ဘာတွေဖြစ်လာနိုင်လဲ
ဆန်တွေကို သိမ်းဆည်းတဲ့နေရာမှာ ဆန်ပိုးတွေတက်တာကို ကာကွယ်ဖို့အပြင် ဆန်ရဲ့ သက်တမ်းနဲ့ သဘာဝအရသာကိုပါ ထိန်းသိမ်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို သေချာမထိန်းသိမ်းနိုင်ခဲ့ဘူးဆို
အပူနဲ့ အောက်ဆီဂျင်ကြောင့် ပျက်စီးခြင်း - မချက်ပြုတ်ရသေးတဲ့ ဆန်တွေရဲ့ မျက်နှာပြင်မှာ သဘာဝအဆီဓာတ်တွေ ပါဝင်ပြီး ဒါတွေကို အပြင်ပတ်ဝန်းကျင်က အပူ၊ အောက်ဆီဂျင်တို့နဲ့ တိုက်ရိုက်ထိတွေ့မိတဲ့အခါ oxidize ဖြစ်ပြီး ဆန်ရဲ့ အရသာနဲ့ အရည်အသွေးတွေ ပျက်စီးတတ်ပါတယ်။
အစိုဓာတ်ကြောင့် မှိုတက်ခြင်း - သေချာမသိမ်းဆည်းမိတဲ့အခါ ပတ်ဝန်းကျင်ရဲ့ အစိုဓာတ်ပြောင်းလဲမှုကြောင့် ခြောက်သွေ့နေတဲ့ ဆန်တွေကို အစိုဓာတ်ကို စုပ်ယူပြီး ဒီကနေ ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိနိုင်တဲ့ မှိုနဲ့ ဘတ်တီးရီးယား ပေါက်ဖွားရာ နေရာတစ်ခု ဖန်တီးသလို ဖြစ်စေတာပါ။
သဘာဝ ဆန်ရနံ့နဲ့ ကစီဓာတ်တွေ ပျက်စီးခြင်း - အရည်အသွေးမြှင့်ပြီး ဆန်အနံ့လည်း မွှေးတဲ့ဆန်တွေကို သေချာအလုံပိတ် မသိမ်းနိုင်ဘူးဆို အငွေ့ပျံသွားပြီး ချက်ပြုတ်စားတဲ့အခါ ထမင်းတွေက ခြောက်သွေ့ပြီး အရသာပျက်စေပါတယ်။

ဆန်ကို အကောင်းဆုံး ထားသိုနိုင်မဲ့ နည်းလမ်း ၄ခု
ဆန်ရဲ့ အရည်အသွေးကို ကိုယ့်အိမ်မှာပဲ ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ဆို အခုလိုနည်းလမ်းတွေနဲ့ စနစ်တကျ ထိန်းသိမ်းသိုလှောင်ထားနိုင်ပါတယ်။
(၁) လေအလုံပိတ် သိမ်းပါ - ဆန်တွေကို လေမခိုအောင် အလုံပိတ် ထုပ်ပိုးကာ (Vacuum Sealing) သိမ်းဆည်းမယ်ဆို ဆန်ရဲ့ အရည်အသွေးကို ကာလတော်တော်ကြာကြာ ထိန်းသိမ်းထားနိုင်မှာပါ။
(၂) ရေခဲသေတ္တာထဲ ထည့်ပါ - ဒီလို အေးမြခြောက်သွေ့တဲ့ နေရာမှာ ဆန်တွေကို ဗူးနဲ့ အလုံပိတ်သိမ်းတာက ဆန်တွေကို လတ်လတ်ဆတ်ဆတ် ကျန်ရှိနေစေပါတယ်။
(၃) ဖန် သို့ လေလုံဘူးတွေထဲ ထည့်ပါ - ပလတ်စတစ်ဘူးတွေနဲ့ သိမ်းမယ့်အစား အပြင်လေ လုံးဝမဝင်နိုင်တဲ့ အရည်အသွေးမြင့် ဖန်ဘူး သို့ စတီးဘူးတွေကို အသုံးပြုပါ။
(၄) FIFO (First-In, First-Out) စနစ် သုံးပါ - ဆန်တွေ ဝယ်ပြီးသွားရင် နေ့စွဲမှတ်သားထားပြီး အရင် ဝယ်ထားတဲ့ ဆန်ကို အရင် ချက်၊ စားသုံးပြီးမှ အသစ်ထပ်ဝယ်တဲ့ ဆန်တွေကို အလှည့်ကျ ပြန်သုံးပေးတာက ဆန်တွေ ဟောင်းသွားတာကို ကာကွယ်နိုင်မှာပါ။
အခုလို ဆန်သိုလှောင်တဲ့ နည်းလမ်းကောင်းတွေက ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် အာဟာရပြည့်ဝပြီး မွှေးကြိုင်လတ်ဆတ်တဲ့ ထမင်းတစ်နပ်ကို အမြဲတမ်း ဖန်တီးနိုင်ဖို့ အထောက်အကူကောင်း ဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။
Comments