
ပွင့်လင်းရာသီရောက်ပြီဆိုတော့ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားမျိုးစုံတွေနဲ့ ပြန်လည်စည်ကားတော့မှာမလို့ သူသူကိုယ်ကိုယ် ပါဝင်ဆင်နွှဲဖို့ အသင့်ဖြစ်နေကြမှာပါ။ အိမ်က ချစ်ရတဲ့တိလေးတို့ကလည်း ဘယ်သွားသွား၊ ဘာလုပ်လုပ် စူးစူးစမ်းစမ်းနဲ့ ပါဝင်ချင်ကြတာချည်းပဲမလို့ သူတို့လေးတွေအတွက်ပါ အဆင်ပြေအောင် စီစဥ်၊ ပြင်ဆင်ရပါတော့မယ်။ ဒါကြောင့် မကြာခင်မှာ ကျရောက်လာတော့မဲ့ ပျော်စရာပိတ်ရက်တွေမှာ ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ တိလေးတွေပါ အတူတူပါဝင်ဖြတ်သန်းနိုင်ဖို့အပြင် တိလေးတွေနဲ့ လိုက်ဖက်၊အဆင်ပြေတဲ့ နည်းလမ်းကောင်းတစ်ချို့ကို ကြည့်ထားလိုက်ရအောင်။

ပုံလှလှလေး ရိုက်ပေးကြမယ်
ချစ်စရာတိလေးတွေရဲ့ နေ့ဓဒူဝ လှုပ်ရှားမှုတွေကို ဖုန်းထုတ်ပြီး အလွယ်တကူရိုက်ပေးလေ့ရှိကြပေမဲ့ အခုလို ပွဲတော်များတဲ့ နှစ်ကုန်ကာလတွေမှာတော့ Halloween အမှတ်တရ၊ Christmas အမှတ်တရ စသဖြင့် ဝတ်စုံလေးတွေ ဆင်ပေးပြီး ပုံရိုက်ပေးတာကလည်း ပွဲတော်တွေကို ပါဝင်ဆင်နွှဲနည်းတစ်မျိုး ဖြစ်စေတာပါ။ အရေးကြီးတာက ဝတ်စုံတွေ၊ Accessories တွေက တိလေးအတွက် ပေါ့ပေါ့ပါးပါးဖြစ်ရပြီး အသက်ရှူကြပ်စေတာ၊ လှုပ်ရှားဖို့ ခက်ခဲစေတာမျိုး မဖြစ်စေဖို့ လိုပါတယ်။
မုန့်လုပ်စားကြမယ်
တိလေးတွေအတွက် အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ သန့်ရှင်းစိတ်ချရတဲ့ အဆာပြေမုန့်လေးတွေ လုပ်ပေးတာကလည်း အားလပ်ရက်တွေမှာ မိသားစုတွေနဲ့ ပျော်စရာကောင်းတဲ့ အခိုက်အတံ့လေးတွေ ဖန်တီးနိုင်တာပါ။ သေချာတာကတော့ တိလေးတွေကို မုန့်လုပ်ကျွေးတဲ့အခါဖြစ်ဖြစ်၊ အပြင်စာတွေ ဝယ်စားကြတဲ့အခါဖြစ်ဖြစ်မှာ ချောကလက်၊ စပျစ်သီး၊ ကြက်သွန်နီ၊ Alcohol စတဲ့ သူတို့လေးတွေနဲ့ မတည့်တာတွေ မကျွေးမိအောင် သတိထားပေးရပါမယ်။
လက်ဆောင်လှလှ ပေးကြမယ်
သူတို့လေးတွေ အကြိုက်တွေ့စေမဲ့ အရုပ်အသစ်လေးတွေ၊ ကိုက်စရာ ဘောလုံးတွေ၊ ထူးခြားတဲ့ အစာစားတဲ့ပန်းကန် သို့ အိပ်ယာအသစ်လေးတွေကို လက်ဆောင်ပေးနိုင်ပါသေးတယ်။ ပေးတဲ့အခါမှာလည်း သူတို့လေးတွေကိုယ်တိုင် ဖွင့်ဖောက်စေပြီး တခါတည်းကစားစေတာက တိပိုင်ရှင်တို့ အလုပ်များနေချိန် တိလေးတို့အတွက် အပျင်းပြေစေပြီး စိတ်လှုပ်ရှားစရာ ပိတ်ရက်အမှတ်တရလေးတွေ ပေးစွမ်းနိုင်မှာပါ။

ကစားစရာနေရာသစ်လေး ဖန်တီးပေးကြမယ်
တခါတရံမှာ အိမ်ထဲမှာ ပျင်းရိနေတဲ့ တိလေးတွေအတွက် ကိုယ်ပိတ်ရက်အနားရချိန်မှာ သူတို့လေးတွေအကြိုက်တွေ့စေမဲ့ ကစားစရာ နေရာသစ်လေး သို့ ပစ္စည်းလေးတွေ ဖန်တီးပေးလို့ ရပါသေးတယ်။ တိလေးတွေအတွက် အန္တရာယ်မဖြစ်စေတဲ့ အလှဆင်ပစ္စည်းလေးတွေ အသုံးပြုပြီး၊ သစ်ပင်လေးတစ်ခုမှာ ဖဲပြားလေးတွေ၊ ချည်မျှင်လေးတွေထားပြီး သူတို့လေးတွေကို ဆော့ကစားစေနိုင်ပါတယ်။ လျှပ်စစ်ကြိုးတွေ၊ ကျိုးပျက်နိုင်တဲ့ အလှဆင်ပစ္စည်းတွေကိုတော့ သူတို့လေးတွေ မျိုမချမိအောင်၊ မထိခိုက်မိအောင် ဂရုစိုက်ဖို့တော့ လိုပါမယ်။
တည်ငြိမ်အေးချမ်းတဲ့ အချိန်လေးတွေ ဖန်တီးပေးပါ
ပိတ်ရက်တွေမှာဆို အိမ်တွေမှာလည်း သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့ အလည်လာသူများနေတဲ့အခါ တိလေးတွေအဖို့ စိတ်လှုပ်ရှားတာ၊ စိတ်ဖိစီးတာတွေ အလွန်အကျွံဖြစ်စေတတ်ပါတယ်။ ဒီလိုမဖြစ်စေဘဲ တည်ငြိမ်နေစေဖို့ဆို အိမ်ကို ဧည့်သည်တွေလာဖို့ရှိတယ်ဆို တိလေးတွေရဲ့ energy တွေ ဖြေလျော့ထားရအောင် လမ်းထွက်လျှောက်တာ၊ သူလေးအတွက် သီးသန့် ရေသောက်ရာ၊ အိပ်စက်ရာ နေရာလေးတစ်ခုမှာ မြင်နေကျ အရုပ်လေးတွေ ပြင်ဆင်ဖန်တီးပေးထားတာက တိလေးအတွက် စိတ်သက်သာရာရစေမှာပါ။
ဒီလောက်ဆိုရင်တော့ အခုလို ပျော်စရာပိတ်ရက်လေးတွေမှာ အိမ်ကချစ်ရတဲ့တိလေးတွေလည်း အန္တရာယ်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ပါဝင်နိုင်ပြီး မမေ့နိုင်စရာအမှတ်တရလေးတွေလည်း မိသားစုလိုက် ဖန်တီးနိုင်မှာ အသေအချာပါပဲနော်။
Comments