
စိုစွတ်ထိုင်းမိုင်းတဲ့ မိုးရာသီကနေ ခြောက်သွေ့အေးမြတဲ့ ဆောင်းရာသီကို အလျင်အမြန်ပြောင်းလဲလာပြီဆိုတော့ ကိုယ်ခန္ဓာကျန်းမာရေးအတွက်ရော အသားရည်ကျန်းမာရေးအတွက်ပါ ဂရုစိုက်ပေးရမဲ့ကာလ ဖြစ်နေပါပြီ။ မိုးရာသီမှာတော့ လေထုထဲမှာ အစိုဓာတ်များနေတဲ့အတွက် အဆီပြန်တာကို ထိန်းချုပ်ပေးတဲ့ ပေါ့ပေါ့ပါးပါး Skincare တွေ အသုံးပြုကြပေမဲ့ ခြောက်သွေ့တဲ့ အခုလိုရာသီရောက်ပြီဆိုရင်တော့ အသားရည် အစိုဓာတ် ဆုံးရှုံးလာနိုင်တဲ့အတွက် အရည်ပြားပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အသားရည်တွေ ခြောက်သွေ့တာ၊ အဖတ်လန်တာနဲ့ အရေပြား မွဲခြောက်တာမျိုးတွေက ဆောင်းရာသီမှာ အဖြစ်များနေကျမလို့ လူကြီးလူငယ်မရွေး ကြိုတင်ဂရုစိုက်ထားပေးဖို့ လိုပါမယ်။ ဒါကြောင့် အခုလို ရာသီအကူးအပြောင်းမှာ အသားရည်ထိန်းသိမ်းနိုင်ဖို့ သိထားသင့်တဲ့ အသားရည်ထိန်းသိမ်းနည်းလမ်းတွေကို တူတူလေ့လာကြည့်ရအောင်။

ဆောင်းတွင်းအတွက် အသားရည်ထိန်းသိမ်းမှုပုံစံ
ဘယ်လိုရာသီဥတုမှာဖြစ်ဖြစ် အသားရည်ထိန်းသိမ်းကြတဲ့အခါ အချိန်အခါနဲ့ ကိုယ့်အသားရည်ပုံစံနဲ့ လိုက်ဖက်ညီနေအောင် ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ ဒီ့အတွက် Skin Care ပစ္စည်းတွေ ရွေးချယ်ကြတဲ့အခါ
- မျက်နှာသစ်ဆပ်ပြာ (Facial Cleanser) - မိုးရာသီမှာသုံးခဲ့တဲ့ အဆီပြန်တာကို ထိန်းချုပ်ပေးတဲ့ မျက်နှာသစ်ဆေးတွေအစား အသားရည်ရဲ့ သဘာဝအဆီဓာတ်ကို မပျက်စီးစေဘဲ နူးညံ့စေပြီး ရေဓာတ်ထိန်းပေးတဲ့ ပစ္စည်းတွေကို ပြောင်းလဲအသုံးပြုပေးသင့်ပါတယ်။
- အစိုဓာတ်ဖြည့် ခရင်မ် (Moisturizer) - အခုလိုဆောင်းတွင်းမှာ ပေါ့ပါးလွန်းတဲ့ Gel အမျိုးအစား Moisturizer တွေအစား Ceramides၊ Fatty Acids သို့ Squalane ပါဝင်တဲ့ Cream အမျိုးအစား Moisturizer တွေကို အသုံးပြုပြီး Skin Barrier ကို ပြန်လည်အားဖြည့်ပေးဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။
- ရေဓာတ်ဖြည့် စီရမ် (Serum) - Hyaluronic Acid သို့ Glycerin ပါဝင်တဲ့ Serum တွေကို မျက်နှာသစ်ပြီးစ မစိုမခြောက် အချိန်လေးမှာ စနစ်တကျလိမ်းပေးတာက ရေဓာတ်ကို အရေပြားအတွင်းပိုင်းထိ စုပ်ယူထိန်းသိမ်းထားနိုင်မှာပါ။
- နေရောင်ကာခရင်မ် (Sunscreen) - ရာသီဥတုက အေးမြခြောက်သွေ့လာပေမဲ့ ခရမ်းလွန်ရောင်ခြည် (UV) အန္တရာယ် ရှိနေဆဲဖြစ်တာကြောင့် အစိုဓာတ်ပါဝင်တဲ့ Broad-Spectrum SPF 30 နဲ့အထက် Sunscreen ကို နေ့တိုင်း ပုံမှန်လိမ်းပေးသင့်ပါတယ်။

အသားရည်စိုပြေဖို့ နေထိုင်စားသောက်မှုပုံစံ
အခုလို ရာသီအကူးအပြောင်းမှာ မျက်နှာနဲ့ ကိုယ်ခန္ဓာအသားရည် ကျန်းမာဖို့ Skin Care ပစ္စည်းကောင်းတွေပဲ သုံးစွဲနေရုံနဲ့ မရဘဲ စားသောက်နေထိုင်မှုပုံစံကောင်းရှိဖို့လည်း လိုအပ်ပါတယ်။
- ရေနွေးပူ အသုံးပြုတာကို တတ်နိုင်သမျှ ရှောင်ကြဥ်ပါ - ရာသီဥတုအရမ်းအေးချိန် မနက်ပိုင်းတွေမှာ ရေနွေးပူက မရှိမဖြစ် အရေးပါပေမဲ့ သူက အရေပြားပေါ်မှာရှိတဲ့ သဘာဝအဆီဓာတ်တွေကို လျင်လျင်မြန်မြန် ဖယ်ရှားနိုင်တာကြောင့် ရေနွေးပူနဲ့ မျက်နှာသစ်တာ၊ ရေချိုးတာကို ရှောင်ကြဉ်ပြီး ရေခပ်နွေးနွေးနဲ့သာ ရေချိုးသန့်စင်ပါ။
- အိပ်ခန်းအတွင်း Humidifier အသုံးပြုပါ - ခြောက်သွေ့နေတဲ့ လေထုထဲ အစိုဓာတ် ပြန်လည်ဖြည့်တင်းနိုင်ဖို့ဆို အခန်းတွင်းမှာ Humidifier ဖွင့်ထားတာက အိပ်နေတဲ့အချိန် အသားရည်ခြောက်သွေ့မှုကို ကာကွယ်နိုင်ပါတယ်။
- ရေများများ သောက်ပါ - ဘယ်လိုရာသီဥတုမှာဖြစ်ဖြစ် ရေကိုတော့ လုံလုံလောက်လောက်နဲ့ ပုံမှန်သောက်နေဖို့ အရေးကြီးဆုံးပါပဲ။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေဖြစ်တဲ့ Omega-3 ကြွယ်ဝတဲ့ အစေ့အဆန်တွေနဲ့ ငါးတွေကို စားသုံးပေးတာက အသားရည်ကို အတွင်းပိုင်းကနေ စိုပြည်တောက်ပစေမှာ ဖြစ်ပါတယ်။
ရာသီဥတု အပြောင်းအလဲကြောင့် အသားရည် ထိခိုက်ပျက်စီးတာတွေ မဖြစ်ဘဲ စိုပြည်၊ လှပ၊ ကျန်းမာတဲ့ အသားရည်ကို တစ်နှစ်ပတ်လုံး ထိန်းသိမ်းထားနိုင်ဖို့ အပေါ်မှာပြောပြသွားတဲ့ အချက်လေးတွေက အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်နော်။
Comments