မိုးရာသီနှင့် စမတ်ကျကျဈေးဝယ်ခြင်း

Posted in လူမှုဘဝ


မိုးရွာနေတဲ့နေ့တွေမှာ ဈေးဝယ်ရတာဟာ တခြားနေ့တွေနဲ့ မတူဘဲ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်နေတတ်ပါတယ်။ အပြင်ထွက်တဲ့ မိုးမိမှာတွေ၊ ရွှံ့ပေမှာတွေ စိုးရတာက တစ်ကြောင်း၊ မိုးတွေကြားထဲ ဝယ်ချင်တဲ့ပစ္စည်း လိုက်ရှာနေရတာက တစ်ကြောင်း၊ ဝယ်ပြီးသွားရင်လည်း ပစ္စည်းတွေတစ်ဖက်၊ ထီးတစ်ဖက်နဲ့ ကရိကထများတာက တစ်ကြောင်း စသဖြင့် စိန်ခေါ်မှုတွေ များတဲ့ ကာလဖြစ်ပါတယ်။ ဒီလိုနေ့ရက်တွေမှာ စမတ်ကျကျ ဘယ်လိုဈေးဝယ်ကြမလဲဆိုတာကို ဆွေးနွေးကြည့်ရအောင်။

နေရာနဲ့ အချိန်‌ ရွေးချယ်မှု

 နံပါတ်တစ် အရေးအကြီးဆုံးကတော့ နေရာပါပဲ။ မိုးရွာတဲ့နေ့တွေမှာ ဈေးဝယ်ဖို့ဆိုတာ မိုးလုံလေလုံဖြစ်ပြီး တစ်နေရာတည်းမှာ ကိုယ်လိုအပ်သမျှတွေ စုံစုံလင်လင်ရရှိနိုင်မယ့် City Mart, Ocean, marketplace တို့လို ကုန်တိုက်ကြီးတွေက အကောင်းဆုံးပါပဲ။ ကားပါကင် ရှိတဲ့နေရာ ဒါမှမဟုတ် ကားဂိတ်နဲ့ နီးတဲ့နေရာတွေဆိုရင်တော့ အတိုင်းထက်အလွန်ပဲပေါ့။ အချိန်အနေနဲ့ကတော့ ကိုယ်သွားမယ့်နေရာရဲ့ အကွာအဝေး၊ လမ်းကြောင်းနဲ့ မိုးအခြေအနေကို အရင်ဆုံး တွက်ဆရမှာဖြစ်ပါတယ်။ မိုးထဲမှာ သွားရတာကို သိပ်ပြီး စိတ်အနှောင့်အယှက်မဖြစ်တတ်ဘူးဆိုရင်တော့ လူတွေသိပ်မစဥ်စားမိတဲ့ အချက်လေးကို ပြောပြချင်ပါတယ်။ အဲဒါကတော့ လူတွေက မိုးရွာတဲ့နေ့တွေမှာ အပြင်ထွက်ဖို့ ဝန်လေးတတ်ကြပါတယ်။ အဲဒီလိုအချိန်တွေမှာ သွားဝယ်မယ်ဆိုရင် သာမန်ထက် လူရှင်းနိုင်သလို မြန်မြန်ဆန်ဆန်၊ အေးအေးဆေးဆေး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

အဝတ်အစား၊ အပြင်အဆင်

မိုးရွာတဲ့နေ့တွေဟာ ရှိုးထုတ်ဖို့ထက် အဆင်ပြေပြေသွားလာနိုင်ဖို့၊ အအေးမိပြီး ဖျားနာတာတွေမဖြစ်ဖို့ စတဲ့အချက်တွေကို ဦးစားပေးရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ဈေးဝယ်ထွက်‌တဲ့အခါ အဝတ်အစား၊ အပြင်အဆင်ကို ဂရုတစိုက်ရွေးချယ်ဖို့ အရေးကြီးပါတယ်။

မိုးရာသီရဲ့ နေ့ရက်တော်တော်များများဟာ ပြင်ပမှာ အရမ်းလည်းမပူ၊ အရမ်းလည်းမအေး စိုထိုင်းထိုင်းဖြစ်နေတတ်တဲ့အတွက် အဝတ်အစား ထူထူတွေတော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ မိုးစိုသွားမယ်ဆိုရင်တော့ ဈေးဝယ်ဖို့ စင်တာတွေထဲ ဝင်တဲ့အခါ အဲကွန်းရဲ့ အအေးဓာတ်နဲ့တွေ့ပြီး သက်သောင့်သက်သာမဖြစ်သလို အအေးမိဖျားနာတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ တစ်ထပ်တည်းမဟုတ်ဘဲ အပေါ်ထပ်ခပ်ပါးပါးလေးတွေနဲ့ ဝတ်ဆင်ပါ။

ဖိနပ်တွေအနေနဲ့တော့ အရေးကြီးဆုံးအချက်က ချော်မလဲစေဖို့နဲ့ စိုစိစိဖြစ်မနေစေဖို့ပါပဲ။ မိုးတွင်းစီးဖိနပ်တွေက အကောင်းဆုံးဖြစ်ပြီး တချို့သော သာမန်ဖိနပ်တွေမှာလည်း ရေစိုခံ၊ ကုတ်အားကောင်းတဲ့ ဖိနပ်တွေရှိပါတယ်။ ကတ္တီပါဖိနပ်၊ ရှူးဖိနပ်တွေကတော့ မိုးတွင်းရဲ့ ရန်သူတွေပါပဲ။

အပြင်အဆင်မှာတော့ ကရိကထများတတ်တာက ထီးနဲ့ အိတ်တွေပါ။ အဲဒီအတွက် အကြံပြုချင်တာကတော့ ခေါက်ထီးနဲ့ ကျောပိုးအိတ် ဒါမှမဟုတ် ဘေးသိုင်းလို့ရတဲ့ အိတ်တွေပါပဲ။ ခေါက်ထီးတွေဆိုရင် စင်တာတွေမှာပေးတဲ့ ရေစိုခံပလတ်စတစ်အိတ်တွေထဲ ထည့်ပြီး အိတ်ထဲအသာထည့်ထားလို့ရသလို ကိုယ်ပိုင်ပလတ်စတစ်အိတ်လေးလည်း ဆောင်ထားလို့ရပါတယ်။ ကျောပိုးအိတ် ဒါမှမဟုတ် ဘေးသိုင်းအိတ်တွေကတော့ လက်ကဆွဲရတဲ့အိတ် ဒါမှမဟုတ် ပခုံးမှာလွယ်တဲ့အိတ်တွေထက် ခိုင်ပြီး လက်နှစ်ဖက်လုံးကို အားနေစေတဲ့အတွက် ဈေးဝယ်ရာမှာ အင်မတန်အထောက်အကူဖြစ်ပါလိမ့်မယ်။

အထူးအကြံပြုချက် - အိမ်ထဲက အိမ်ပြင်လည်းမထွက်ချင်ဘူး၊ ဈေးလည်း ဝယ်ချင်တယ်ဆိုရင်တော့ Citymall Online လိုမျိုး ဖုန်းထဲကနေပဲ လိုချင်တာတွေ ရွေးဝယ်ပြီး အိမ်အထိလာရောက်ပို့‌ဆောင်ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို ရွေးချယ်လိုက်ပါ။


Share

Comments

Related Posts