ခေတ်စားနေတဲ့ Street Food တွေကို အိမ်မှာ လုပ်စားကြည့်ကြမယ်

Posted in အစားအစာ


ညစျေးတန်းတွေ၊ လမ်းဘေးဆိုင်လေးတွေကနေ မွှေးကြိုင်ပြီး အရောင်အသွေးစုံ၊ အရသာစုံလှတဲ့ အစားအစာ အခင်းအကျင်းတွေက လူတော်တော်များများရဲ့ စားချင်စိတ်ကို လွှမ်းမိုးနိုင်ကြပါတယ်။ ခေတ်ရေစီးကြောင်းအရ နာမည်ကျော်နေတဲ့ အစားအစာတွေစားနိုင်ဖို့ တစ်ကူးတစ်က တန်းစီဝယ်စားကြသလို ဘယ်နှခေါက်စားစား ရိုးမသွားတဲ့ အစားအစာတွေကိုလည်း ကာလကြာရှည် စွဲမြဲစားတတ်ကြတဲ့ Street Food Culture ကတော့ ဘယ်တော့မှ မှေးမှိန်သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ဒီအစားအစာတွေကို စားချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သွားမစားနိုင်တာလည်း ရှိသလို သန့်ရှင်းရေးအားနည်းတတ်တဲ့ လမ်းဘေးဆိုင်တစ်ချို့လည်း ရှိကြစမြဲမို့ ကိုယ်တိုင် အိမ်မှာပဲ ချက်ပြုတ်ပြင်ဆင်တာကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်လာပါတယ်။ ဒါကြောင့် အခုဆောင်းပါးလေးမှာ ကိုယ့်အိမ်မှာပဲ သန့်သန့်ရှင်းရှင်း၊ အရသာရှိရှိနဲ့ ကျန်းမာရေးညီညွတ်အောင် ဘယ်လို Street Food အမျိုးအစားတွေကို ပြင်ဆင်နိုင်မလဲ ကြည့်ကြည့်ရအောင်။ 

ကြက်/ ဝက် ဆာတေး

မြေပဲနှစ်၊ သခွားသီးအတုံးလေးတွေနဲ့ တွဲစားရတဲ့ အသားဆာတေးတွေကို ကိုယ့်အိမ်မှာ အလွယ်တကူ လုပ်စားနိုင်ပါတယ်။ ကိုယ်နှစ်သက်တဲ့ အသားကို လီမွန်၊ ဂျင်း၊ နနွင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်တို့နဲ့ မိနစ် ၃၀လောက် နှပ်ထားပြီး ဝါးတုတ်တံတွေမှာ အရှည်လိုက်ထိုးထားပြီး မီးဖိုမှာ ကင်လိုက်ပါ။ ပြီးရင် အသားဆာတေးပေါ်ကနေ လီမွန်သီးညှစ်ပေးကာ မွှေးဆိမ့်တဲ့ မြေပဲအနှစ်နဲ့ နံနံပင်တို့ကို ပေါင်းစပ်ပြီး စားသုံးနိုင်ပါပြီ။

Cheese Corn Dog 

အခုနောက်ပိုင်း ခေတ်စားလာတဲ့ Street Food တစ်မျိုးဖြစ်တဲ့ အရသာဆိမ့်ဆိမ့်ချိုချို Cheese Corn Dog ကို မသိတဲ့သူ မရှိလောက်ပါဘူးနော်။ သူ့ရဲ့ လုပ်ပုံလုပ်နည်းကတော့ အရင်ဆုံး မုန့်နှစ်ကို ဂျုံ၊ မုန့်ဖုတ်ဆိုဒါ၊ ဆား၊ သကြား၊ ကြက်ဥနဲ့ နွားနို့တို့ကို သုံးပြီး မုန့်နှစ်ကောင်းကောင်းဖန်တီးရမှာပါ။ ပြီးမှ Mozzarella cheese သို့ နှစ်သက်ရာ အသားချောင်းတစ်ခု ထိုးထားတဲ့ တုတ်ချောင်းကို မုန့်နှစ်တွေ ဘေးပတ်ပတ်လည်မှာ ပတ်လိုက်ပြီးရင် မုန့်ကြွပ်မှုန့်လေးတွေ ကပ်ကာ 175 °C ကနေ 185°C ဆီအပူချိန်မှာ ရွှေရောင်သန်းအောင် ကြော်ပေးရမှာပါ။

ဖက်ထုပ်အိုးကပ်ကြော် 

လူကြီးမရွေး နှစ်ခြိုက်ကြတဲ့ ဖက်ထုပ်ကြော်လုပ်ဖို့အတွက် အထဲမှာ အစာသွပ်ဖို့ ဂေါ်ဖီကို ‌ရေသေချာစစ်ကာ အသေးလေးတွေ လှီးဖြတ်ပြီး ကြိုက်နှစ်သက်တဲ့ ကြက်/ ဝက်/ ပုဇွန် အသားတစ်မျိုးမျိုးထည့်ကာ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်၊ နှမ်းဆီ တို့ကို သမအောင်ရောနှောပေးရပါမယ်။ ပြီးရင် ဖက်ထုပ်ရွက်ပေါ်မှာ တင်၊ အစာသွပ် အလှဆင်ပြီးရင် ဆီအနည်းငယ်နဲ့ ဒယ်အိုးထဲမှာ အောက်ခြေ ရွှေအိုရောင်သမ်းလာတဲ့အထိ ကြော်ပါ။ ပြီးရင် ရေထည့်ပြီး အဖုံးဖုံးကာ ရေခမ်းသွားတဲ့အထိ ပေါင်းလိုက်မယ်ဆို အရသာရှိတဲ့ ဖက်ထုပ်အိုးကပ်ကြော်လေး ရပါပြီ။ 

ကြက်သွန်မြိတ် Pancake

သူကလည်း မုန့်နှစ်အရင် ပြုလုပ်ရမှာဆိုတော့ ဂျုံ၊ ဆားနဲ့ မပူအအေး ရေအနည်းငယ်တို့နဲ့ မုန့်နှစ်ဖန်တီးပြီး အပြားပြားလိုက်ကာ ကြက်သွန်မြိတ် နှုတ်နှုတ်စဥ်းထားတာကို ထည့်ပါ။ ပြီးရင် မုန့်သားကို အထပ်ထပ်ဖြစ်အောင် ပုံဖော်ပြီး ပန်ကိတ်ပုံစံလေးဖြစ်အောင် အပြားပြားကာ အပေါ်ယံ ကြွပ်ကြွပ်ရွရွလေး ဖြစ်အောင် ကြော်ပေးရုံပါပဲ။ ဒီပန်ကိတ်လေးက ကြိုက်ရာ ပါဝင်ပစ္စည်းတွေ ထည့်သွင်းစားလို့ရသလို ဒီတိုင်းပဲစားစား၊ ပဲငံပြာရည် ဆော့စ်လေးနဲ့ တို့စားစား ဆိုင်အတိုင်း အရသာရှိနေမှာပါ။  

ထိုင်းစတိုင် ခေါက်ဆွဲကြော် (Pad Thai)

ဒီထိုင်းစတိုင် ခေါက်ဆွဲကြော်ရဲ့ အဓိက ဆန်ပြားခေါက်ဆွဲကို မန်ကျည်းမှည့်ရည်၊ ငါးငံပြာရည်၊ သကြားညိုတို့နဲ့ ရောစပ်ကာ မြေပဲမှုန့်၊ ပုဇွန်ခြောက်၊ ကိုယ်ကြိုက်နှစ်သက်တဲ့ အသား သို့ ပင်လယ်စာတွေနဲ့ ရောနှော ကြော်ချက်လိုက်မယ်ဆို ထိုင်းထိ သွားစရာမလို၊ ဆိုင်မှာ ထိုင်စားစရာမလိုဘဲ ကိုယ့်စိတ်ကြိုက် ပါဝင်ပစ္စည်းတွေနဲ့ အရသာထိထိမိမိ ကြော်စားနိုင်ပြီပေါ့။ 

အခုလို အပြင်ဆိုင်တွေမှာပဲ ဝယ်စားနေကျ Street Food တွေကို ပါဝင်ပစ္စည်းနဲ့ အရသာတွေကို စိတ်ကြိုက် ရွေးချယ်ထိန်းချုပ်နိုင်ပြီး ကိုယ့်အိမ်မှာပဲ အခုလို သန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် ချက်ပြုတ်နိုင်ပြီနော်။ Foodie တို့ အိမ်မှာလည်း ဒီအစားအစာလေးတွေ ချက်စားကြည့်ပြီး အရသာဘယ်လိုနေလဲဆိုတာ ကောမန့်မှာ မျှဝေခဲ့ဖို့ မမေ့နဲ့နော်။ 


Share

Comments

Related Posts