
အဆက်အသွယ် မပြတ်လပ်ဘဲ၊ အပြောင်းအလဲမြန်တဲ့ အကြောင်းအချင်းအရာတွေကြား အမြဲလိုက်ပါ စီးမြောနေရတဲ့ ခေတ်ကာလကြီးမှာ စုဆောင်းမကုန်နိုင်တဲ့ သတင်းအချက်အလက်တွေကြောင့် မသိမသာနဲ့ စိတ်ပင်ပန်းလွယ်လာကြပါတယ်။ ဒီကနေ အားလုံးသိကြတဲ့ FOMO (Fear of Missing Out) လို့ခေါ်တဲ့ တခြားသူတွေ တွေ့ကြုံခံစားနေကြတာတွေကို ကိုယ်မသိလိုက်ရမှာ၊ ကိုယ်မခံစားမိလိုက်ရမှာ ကြောက်ရွံတတ်ကြတဲ့ စိတ်ပူပန်မှုတွေပါ ဖြစ်လာတတ်ပါတယ်။ ဒီလိုအခြေအနေတွေအတွက် အကောင်းဆုံးကုထုံးလို့ ဆိုရမဲ့ JOMO (Joy of Missing Out) ဆိုတာက လူအများအလို၊ ခေတ်ရေစီးကြောင်းရဲ့ အလို လိုက်နေတာကနေ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်ပိုင်အေးချမ်းမှုကို ခံစားတတ်တဲ့ အလေ့အထဆိုတာ ရှိလာပါပြီ။ ဒီတော့ JOMO ဆိုတာ စိတ်ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိလဲ၊ ဘယ်လို လိုက်ပါလုပ်ဆောင်သင့်လဲဆိုတာ အသေးစိတ်သိရအောင် ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်လိုက်ရအောင်။

JOMO ဟာ စိတ်ကျန်းမာရေးအတွက် အရေးပါပါတယ်
ဆိုင်ဆိုင်၊ မဆိုင်ဆိုင် အကြောင်းကိစ္စတိုင်းမှာ ပါဝင်နိုင်ဖို့ အမြဲကြိုးစားတာက စိတ်ဖိစီးမှုတွေပဲ ရရှိလာပြီး စွမ်းအင်တွေလည်း ကုန်ခမ်းလာတတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်အတွက်ပဲ အာရုံစိုက်ပြီး အေးအေးချမ်းချမ်း နေထိုင်လိုက်မယ်ဆို
- နေရာမျိုးစုံက သတင်းအချက်အလက်တွေ အလွန်အကျွံရရှိသုံးစွဲမိတာကနေ ခေတ္တ ရပ်တန့်သွားစေပြီး ဦးနှောက်ကို အနားပေးသလို ဖြစ်စေမှာမလို့ ကိုယ်မသိဘဲ ခံစားနေရနိုင်တဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေမှာပါ။
- တစ်ကိုယ်တည်း တိတ်ဆိတ်အေးချမ်းစွာ နေထိုင်နိုင်မှာဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့ အချိန်ရော အခွင့်အရေးရော ရရှိလာနိုင်ပါတယ်။
- Digital Screens တွေကနေ ခဏအနားပေးလိုက်တာက ဒါကို အလွန်အကျွံသုံးစွဲနေမိခဲ့တဲ့ ကာလကြာရှည် စိတ်ဖိစီးပင်ပန်းမှုတွေကို စတင်လျော့ချသွားနိုင်ပြီး ကိုယ့်စွမ်းအင်တွေကိုလည်း မလိုအပ်ဘဲ ကုန်မသွားရအောင် ကူညီပေးမှာပါ။
- တခြား ဘယ်သူတွေ၊ ဘယ်နေရာမှာ ဘာတွေဖြစ်နေလဲ ဆိုတာထက် မိမိလက်ရှိ ရှိနေတဲ့ ပတ်ဝန်းကျင်ကို အပြည့်အဝခံစားနိုင်ပြီး လက်ရှိ အချိန်ကာလကိုလည်း တန်ဖိုးထားလာတတ်မှာ ဖြစ်ပါတယ်။

JOMO ကို လက်တွေ့ဘဝမှာ စတင်ကျင့်သုံးကြည့်ပါ
တိုးတက်ပြောင်းလဲမှုတွေနဲ့ မျက်ခြေမပြတ်ရအောင် အမြဲအမှီလိုက်နေရတဲ့ ပင်ပန်းနွမ်းနယ်စရာ လူနေမှုပုံစံကနေ တိတ်ဆိတ်အေးချမ်းတဲ့ နေထိုင်မှုဘဝကို ကူးပြောင်းနိုင်ဖို့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ ဒီနည်းလမ်းလေးတွေကို စနစ်တကျထည့်သွင်းလုပ်ဆောင်နိုင်ဖို့ လိုပါတယ်။
- အိပ်ရာဝင်ခါနီးအချိန် သို့မဟုတ် ကိုယ်အနားယူမယ်လို့ သတ်မှတ်ထားတဲ့ အချိန်တွေမှာ ဖုန်းကို ဘေးဖယ်ထားပြီး အွန်လိုင်းကနေ ကင်းဝေးအောင် နေထိုင်ကြည့်ပါ။
- ကိုယ်မလုပ်နိုင်တဲ့၊ စိတ်မပါတဲ့ ကိစ္စတွေကို အပြစ်ရှိတယ်လို့ မခံစားစေဘဲ "No" လို့ သက်တောင့်သက်သာ ငြင်းပယ်တတ်တာက စိတ်ဖိစီးမှုကို သက်သာစေမှာ ဖြစ်ပါတယ်။
- တစ်ရက်တာအတွင်း မိနစ်အနည်းငယ်လောက်ပဲဖြစ်ဖြစ် ဖုန်းနဲ့ လူအုပ်ကြားထဲက ခွဲထွက်ပြီး တိတ်ဆိတ်မှုနဲ့ ကိုယ်ပိုင်ငြိမ်းချမ်းမှုကို စတင် တည်ဆောက်ကြည့်ပါ။
- ကိုယ့်ကိုယ်ပိုင်ဘဝကို အမြဲတမ်းမလုံလောက်ဘူးလို့ ခံစားမိစေတဲ့၊ သူများနဲ့ အမြဲတမ်းနှိုင်းယှဥ်မိစေတဲ့ လူမှုကွန်ယက်အကောင့်တွေ၊ Group Chats တွေကို Unfollow သို့ Mute လုပ်ပါ၊ Applications တွေ ဖုန်းထဲမှာ ရှိရင် ဖယ်ရှားပစ်ရင်း ကိုယ့်ပတ်ဝန်းကျင် ပြန်လည်စီစစ်လိုက်ပါ။
ဒီလောက်ဆိုရင်တော့ အခုဆောင်းပါးလေးက တစ်ဆင့် ဘေးပတ်ဝန်းကျင်၊ လူမှုကွန်ယက်တွေရဲ့ ဖိအားပေးမှုတွေကနေ ခဏရုန်းထွက်နိုင်ပြီး ကိုယ့်ကိုယ် ပိုမိုချစ်ခင်တတ်လာစေမဲ့ JOMO ရဲ့ အရသာကို ခံစားနိုင်မိမယ်လို့ မျှော်လင့်ပါတယ်နော်။
Comments