
အိမ်မွေးတိရစ္ဆာန်လေးတွေဟာ အိမ်မှာအတူနေတဲ့ တိရစ္ဆာန်လေးတွေသက်သက် မဟုတ်ဘဲ သူတို့လေးတွေဟာ မိသားစုဝင်ဆိုလည်းမမှားပါဘူး။ အိမ်မွေးတိရစ္ဆာန်လေးတွေက အစားအစာ၊ ရေ၊ လုံခြုံမှု၊ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ကျွန်တော်တို့အပေါ် မှီခိုနေရတာပဲဖြစ်တာကြောင့် သူတို့လေးတွေကို ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်အောင် ဂရုစိုက်ပေးရင်းနဲ့ တခြားဂရုပြုရမယ့်အရာလေးတွေကိုလည်း စာဖတ်သူတို့သိထားဖို့ လိုအပ်တာကြောင့် အောက်ပါအချက်လေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။
သူတို့လေးတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဘယ်တော့မှ လျစ်လျူမရှုပါနဲ့
အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အစားအစာပေးရုံနဲ့ မလုံလောက်ပါဘူး။ သန့်ရှင်းတဲ့ရေ၊ သင့်တော်တဲ့အစားအစာ၊ လုံခြုံတဲ့နေရာ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ လုံလောက်တဲ့အနားယူချိန်တွေ ဖြည့်ဆည်းပေးနိုင်ဖို့လိုအပ်ပါသေးတယ်။

အန္တရာယ်ရှိနိုင်တဲ့ အစားအစာတွေကို မကျွေးပါနဲ့
လူတွေအတွက် စားလို့ရတဲ့ အစားအစာတိုင်းက အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် မသင့်တော်ပါဘူး။ ဥပမာ - ချောကလက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပျစ်သီး နဲ့ တချို့သော အချိုဓာတ်တွေပါဝင်တဲ့ အစားအစာတွေက တိရစ္ဆာန်လေးတွေအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။ အစားအစာတစ်ခုခုက သူတို့အတွက် အန္တရာယ်ကင်းမကင်း ဆိုတာမသေချာဘူးဆိုရင် မကျွေးတာက ပိုကောင်းပါလိမ့်မယ်။

အော်ဟစ်ခြင်း၊ ရိုက်နှက်ခြင်း မပြုလုပ်ပါနဲ့
တိရစ္ဆာန်လေးတွေဟာ ကိုယ်ဘာကြောင့် စိတ်ဆိုးနေတာလဲဆိုတာ နားမလည်နိုင်ပါဘူး။ အော်ဟစ်ခြင်း၊ ရိုက်နှက်ခြင်းနဲ့ နာကျင်အောင်ပြုလုပ်ခြင်းတွေက သူတို့ကို ကြောက်ရွံ့စေပြီး၊ သင်နဲ့သူတို့လေးတွေကြားက ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အော်ဟစ်ခြင်း၊ ရိုက်နှက်ခြင်းနဲ့ နာကျင်အောင်ပြုလုပ်ခြင်းတွေအစား စိတ်ရှည်ရှည်နဲ့ နားလည်အောင်သင်ပေးပြီး၊ ကောင်းမွန်တဲ့အပြုအမူတွေကို ချီးကျူးပေးပါ။
ကျန်းမာရေး လက္ခဏာလေးတွေကို သတိထားဂရုစိုက်ပေးပါ
အိမ်မွေးတိရစ္ဆာန်လေးတွေက သူတို့နေမကောင်းဘူးဆိုတာ စကားနဲ့ ပြောပြနိုင်မှာ မဟုတ်တာကြောင့် အစာမစားခြင်း၊ ပုံမှန်ထက် ပိုပင်ပန်းနေခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှူရခက်ခြင်း ဒါမှမဟုတ် အနေအထိုင်အပြုအမူပြောင်းလဲလာခြင်းတွေဟာ သူတို့လေးတွေရဲ့ ကျန်းမာရေးအခြေအနေ တစ်ခုခုဖြစ်နေတဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို သတိထားမိပြီဆိုရင်တော့ တိရစ္ဆာန်ဆရာဝန်နဲ့ တိုင်ပင်တာအကောင်းဆုံးဖြစ်မှာပါ။
မလုံခြုံတဲ့နေရာတွေမှာ မထားခဲ့ပါနဲ့
အိမ်မွေးတိရစ္ဆာန်လေးတွေ အလွယ်တကူ ထိခိုက်နိုင်တဲ့နေရာတွေမှာ မထားခဲ့ပါနဲ့။ ဖွင့်ထားတဲ့ ပြတင်းပေါက်တွေ၊ လသာဆောင်တွေ၊ ပူပြင်းတဲ့ကားထဲ၊ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ၊ လျှပ်စစ်ကြိုးတွေနဲ့ သူတို့မျိုချနိုင်တဲ့ အရာသေးသေးလေးတွေကို သတိထားဆင်ခြင် ဂရုစိုက်စေလိုပါတယ်။ လုံခြုံတဲ့အိမ်ပတ်ဝန်းကျင်ကလည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို စောင့်ရှောက်ပေးခြင်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။

အချိန်ပေးပြီး ဂရုစိုက်ပါ
အိမ်မွေးတိရစ္ဆာန်လေးတွေကလည်း ချစ်ခြင်းမေတ္တာနဲ့ အဖော်ပြုမှုကို လိုအပ်ပါတယ်။ သူတို့နဲ့အတူ ကစားပေးတာ၊ လမ်းလျှောက်ပေးတာ ဒါမှမဟုတ် အတူတူထိုင်ပေးတာတွေက သူတို့ကို လုံခြုံပြီး ချစ်ခင်ခံရတယ်လို့ ခံစားရစေနိုင်ပါတယ်။ ဒါပေမယ့် တစ်နေကုန်လုံး အချိန်ပေးနေဖို့တော့ မလိုပါဘူး။ သူတို့လေးတွေအတွက် လုံလောက်မယ့်အချိန်တစ်ခု သတ်မှတ်ပြီး ပုံမှန်အချိန်ပေးတာမျိုးက ပိုပြီးသင့်တော်ပါလိမ့်မယ်။
သင့်အိမ်မွေးတိရစ္ဆာန်လေးက သင့်အပေါ် မှီခိုနေရတယ်ဆိုတာ မမေ့ပါနဲ့
အိမ်မွေးတိရစ္ဆာန်လေးတွေဟာ သူတို့စားမယ့်အစားအစာ၊ နေထိုင်မယ့်နေရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကိုယ်တိုင်မရွေးချယ်နိုင်တာကြောင့် သင့်ရဲ့ဆုံးဖြတ်ချက်ဟာ အလွန်အရေးပါနေပါတယ်။
ဒါကြောင့် တာဝန်ယူတတ်တဲ့ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တစ်ယောက်အဖြစ် သင့်တော်တဲ့စောင့်ရှောက်မှု၊ စိတ်ရှည်မှု၊ လုံခြုံမှုနဲ့ ချစ်ခြင်းမေတ္တာတွေ ပေးပါ။ ဘာကြောင့်လဲဆိုတော့ သင့်အိမ်မွေးတိရစ္ဆာန်လေးတွေအတွက်တော့ သင်ဟာ သူတို့ရဲ့ ကမ္ဘာတစ်ခုလုံး ဖြစ်နေလို့ပါ။
Comments