နွေရာသီနှင့် ဘက်တီးရီးယားပေါက်ဖွားမှု အန္တရာယ်

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


အခုလိုမျိုး အပူချိန်မြင့်မားတဲ့ နွေရာသီဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုအများဆုံး အချိန်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဘက်တီးရီးယားတွေဟာ အစားအသောက်တွေ၊ ရေတွေ အပြင် ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာပါ ပေါက်ဖွားမှု မြင့်တက်လာနိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း ဒီအချိန်မှာ ပိုပြီးဂရုပြုဖို့ လိုလာပါတယ်။ အသေးစိတ်ကိုတော့ ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

အစားအသောက်တွေမှာ ပေါက်ဖွားတဲ့ ဘက်တီးရီးယားများ

နွေရာသီမှာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ပြဿနာအများစုဟာ အစားအသောက်ကနေ စတင်လေ့ရှိပါတယ်။ အထူးသဖြင့် ပျက်စီးလွယ်တဲ့ အသားတွေ၊ နို့ထွက်ပစ္စည်းတွေ၊ ကြက်ဥ ဒါမှမဟုတ် mayonnaise လိုမျိုး ဆော့စ်တွေပါဝင်တဲ့ အစားအစာတွေဟာ အပြင်မှာ တစ်နာရီလောက်ထားလိုက်ရုံနဲ့တင် ဘက်တီးရီးယားတွေကြောင့် ပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် ဒီလိုအစားအသောက်တွေကို ရေခဲသေတ္တာထဲမှာ သေချာသိမ်းဆည်းထားသင့်ပြီး အပြင်ကို ထုတ်လိုက်တယ်ဆိုရင် တစ်နာရီအတွင်းပဲ စားသုံးသင့်ပါတယ်။ အဲဒီလိုမဟုတ်ရင် ဘက်တီးရီးယားတွေကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အော့အန်တာ၊ ဗိုက်မကောင်းတာတွေ ဖြစ်တတ်ပါတယ်။

ရေမှာ ပေါက်ဖွားတဲ့ ဘက်တီးရီးယားများ

ရေမှာ ပေါက်ဖွားတဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့မှုကတော့ ရေကူးကန်တွေနဲ့ ကိုယ့်အိမ်က ရေချိုးခန်းတွေမှာ အများဆုံးဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားတွေဟာ ပူနွေးပြီး စွတ်စိုတဲ့နေရာတွေကို နှစ်သက်တဲ့အတွက် ဒီနေရာတွေက သူတို့ပေါက်ဖွားဖို့ အကောင်းဆုံးနေရာတွေဖြစ်နေပါတယ်။ ဘက်တီးရီးယားပါဝင်တဲ့ ရေကို ထိတွေ့မိမယ်ဆိုရင် အရေပြား၊ နားနဲ့ မျက်လုံးတွေမှာ ပိုးဝင်ပြီး ယားယံတာတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ဖျားနာတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ရေချိုးခန်းကို အမြဲတမ်းသန့်ရှင်းရေးလုပ်ပြီး ရေကူးကန်တွေသွားမယ်ဆိုရင်လည်း ရေကူးပြီးတဲ့အခါ ရေသေချာခြောက်အောင်လုပ်ဖို့ အ‌ရေးကြီးပါတယ်။

အရေပြားနဲ့ ခန္ဓာကိုယ်မှာ ပေါက်ဖွားတဲ့ ဘက်တီးရီးယားများ

နွေရာသီမှာ ချွေးထွက်များတဲ့အခါ လူ့ခန္ဓာကိုယ်ကလည်း ပူနွေးစွတ်စိုတဲ့အတွက် ဘက်တီးရီးယားတွေပေါက်ဖွားဖို့ နေရာတစ်ခုဖြစ်လာပါတယ်။ အထူးသဖြင့် လေဝင်လေထွက်မကောင်းတဲ့ အဝတ်အစားတွေ ဝတ်တဲ့အခါမှာ ဘက်တီးရီးယားတွေကို မွေးမြူထားသလိုဖြစ်ပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ အနံ့အသက်ကိုလည်း ဆိုးရွားစေတဲ့အတွက် အတတ်နိုင်ဆုံး သက်တောင့်သက်သာဖြစ်စေပြီး လေဝင်လေထွက်ကောင်းတဲ့ ဝတ်စားဆင်ယင်မှုတွေကို ပြုလုပ်သင့်ပါတယ်။

Quick Tips

  • အစားအသောက်တွေကို အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်အထက် များတဲ့နေရာမှာ တစ်နာရီထက် ပိုပြီး မထားပါနဲ့။
  • ခန္ဓာကိုယ်ပြင်ပကို ခြောက်သွေ့အောင်ထားပါ။ ခန္ဓာကိုယ်တွင်းအတွက်တော့ ရေများများသောက်ပါ။
  • ပေါ့ပါးပြီး သန့်ရှင်းခြောက်သွေ့တဲ့ အဝတ်အစားတွေ ဝတ်ပါ။

Share

Comments

Related Posts