
မကြာခင်မှာ မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်အချိန်အခါကို ကျရောက်တော့မှာဖြစ်ပါတယ်။ ဒီနှစ်ဟာ မြန်မာနှစ် ၁၃၈၈ ခုနှစ်ကို ကူးပြောင်းမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်အတွက် သင်္ကြန်စာ ဟောစာတမ်းကို ၇ ရက်သားသမီးများအတွက် မျှဝေပေးလိုက်ရပါတယ်။
တနင်္ဂနွေ သားသမီးများအတွက်
ဒီနှစ်မှာတော့ တနင်္ဂနွေသားသမီးတွေ အနေနဲ့ အပျော်အပါးတွေ များသလောက် လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အခက်အခဲတွေရှိပြီး အထီးကျန်ဆန်နေတတ်ပါတယ်။ အသက်အရွယ် ငယ်တဲ့သူတွေဆိုရင် မကောင်းတဲ့ အကြံအစည်ရှိသူတွေနဲ့ မကြာခဏကြုံကြိုက်တတ်တဲ့အတွက် တည်တည်ငြိမ်ငြိမ်နေသင့်တဲ့အချိန် ဖြစ်ပါတယ်။ အလုပ်အကိုင်မှာတော့ ကြိုးစားသလောက် အောင်မြင်တဲ့နှစ် ဖြစ်တဲ့အလျောက် လုပ်ငန်းသစ်တွေမှာ စွန့်စားကြည့်မယ်ဆိုရင်တောင် အကျိုးအမြတ်တွေ အများကြီးရဖို့ အခွင့်အလမ်းတွေ ရှိပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ သာယာနေမှာဖြစ်ပြီး သားသမီးထွန်းကားချင်သူတွေအတွက် အချိန်ကောင်းလည်းဖြစ်ပါတယ်။ ကျန်းမာရေးမှာတော့ နှလုံးနဲ့ အာရုံကြောပြဿနာတွေကို သတိထားသင့်ပါတယ်။
တနင်္လာ သားသမီးများအတွက်
တနင်္လာသားသမီးတွေကတော့ ဒီနှစ်မှာ ကိုယ်အရင်ကတည်းက လုပ်ချင်နေခဲ့တဲ့ အလုပ်တစ်ခုကို စတင်လုပ်ရပြီး စိုးရိမ်မှုတွေတော့ များနေပါလိမ့်မယ်။ ဒါ့အပြင် အလုပ်က ကောင်းမွန်ပေမဲ့ စိတ်က ထိရှလွယ်နေတတ်တာကြောင့် အတိုက်အခံတွေ၊ အမှုအခင်းတွေနဲ့ ကြုံတွေ့ရတတ်တာကို သတိပြုရမှာ ဖြစ်ပါတယ်။ အချစ်ရေးမှာတော့ စန်းပွင့်နေမှာဖြစ်ပြီး အဲဒါရဲ့ ဆိုးကျိုးအနေနဲ့ အရှုပ်အရှင်းတွေ များလာနိုင်တာကြောင့် စိတ်ကို တည်တည်ကြည်ကြည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ပညာရေးမှာတော့ အခက်အခဲတွေကြုံနိုင်ပြီး အဲဒီအခက်အခဲတွေကြားကပဲ အောင်မြင်မှုကို ရှာတွေ့ပါလိမ့်မယ်။ ကျန်းမာရေးမှာတော့ ကျောက်ကပ်နဲ့ အရေပြားဆိုင်ရာရောဂါတွေကို သတိပြုသင့်ပါတယ်။
အင်္ဂါ သားသမီးများအတွက်
အင်္ဂါသားသမီးတွေကတော့ ဒီနှစ်မှာ ဘယ်နေရာရောက်ရောက် အဆင်ပြေပြီး အခွင့်အလမ်းကောင်းတွေ ရရှိပါလိမ့်မယ်။ အတိုက်အခံတွေများတဲ့အခါမှာ “အပင်မြင့်လေ၊ လေတိုက်လေ” ဆိုတဲ့အချက်ကို လက်ကိုင်ပြုပြီး ရင်ဆိုင်ပါ။ အစုရှယ်ယာတွေ၊ လုပ်ငန်းစပ်တူလုပ်တာတွေနဲ့ ငွေကြေးချေးငှားတာတွေကိုတော့ ဒီနှစ်မှာ အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။ အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာတော့ လူမှုရေးအရှုပ်အထွေးတွေ ရှိလာနိုင်တဲ့အတွက် သတိထားသင့်ပါတယ်။ အပျော်အပါးတွေကို အတတ်နိုင်ဆုံး ရှောင်ပါ။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်တတ်တဲ့အတွက် မိမိသက်ဆိုင်ရာ ဘာသာတရားနဲ့ ယှဥ်ပြီး တည်ငြိမ်အောင် ကြိုးစားနေထိုင်သင့်ပါတယ်။
ဗုဒ္ဓဟူး သားသမီးများအတွက်
ဗုဒ္ဓဟူးသားသမီးတွေအတွက်တော့ ဒီနှစ်ဟာ လူမှုဆက်ဆံရေး အလွန်ကောင်းမွန်ပြီး နိုင်ငံရပ်ခြား ဒါမှမဟုတ် တခြားမြို့နယ်တွေနဲ့ ကူးသန်းရောင်းဝယ်ပြီး အကျိုးအမြတ်တွေ ရရှိနိုင်တဲ့အချိန် ဖြစ်ပါတယ်။ မိသားစုဝင်တိုးလာတာ ဒါမှမဟုတ် ရွှေငွေရတနာ တိုးပွားလာတာမျိုး အလားအလာရှိတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ ပညာရေးမှာ ထိပ်တန်းရောက်နေမယ့် ကာလဖြစ်ပြီး မိသားစုတွင်းမှာတော့ အမြင်လွဲမှားမှုတွေ ရှိနေနိုင်ပါတယ်။ တည်တည်ငြိမ်ငြိမ် တွေးခေါ်ဆုံးဖြတ်တာက မိမိအတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ ကောင်းခြင်းတွေ ဆောင်ကြဉ်းပေးပါလိမ့်မယ်။ ကျန်းမာရေးမှာတော့ အဆုတ်နဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။
ရာဟု သားသမီးများအတွက်
ရာဟုသားသမီးတွေကတော့ ဒီနှစ်မှာ ပတ်ဝန်းကျင်အသစ်ကိုရောက်ပြီး မိတ်ကောင်းဆွေကောင်း၊ အလုပ်အကိုင်ကောင်းတွေ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ အမှန်ကို အမှန်အတိုင်း ဖြစ်စေချင်တဲ့စိတ်ကြောင့် စိတ်သောက ရောက်ရတတ်ပါတယ်။ ငွေကုန်ကြေးကျများတတ်သလို အလှူအတန်းတွေလည်း မမျှော်လင့်ဘဲ များများလုပ်ရပါလိမ့်မယ်။ လူလွတ်တွေဆိုရင် အချစ်ရေးကံကောင်းပြီး အိမ်ထောင်ရှိသူတွေဆိုရင်တော့ တစ်ယောက်တစ်နေရာစီ ဝေးကွာရတတ်ပါတယ်။ ပညာရေးအထူးကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်ပြီး လူတွေရဲ့ လေးစားမှုကို ပညာအားဖြင့် ရရှိပါလိမ့်မယ်။
အတာစားသော ကြာသပတေး သားသမီးများအတွက်
ကြာသပတေးသားသမီးတွေကတော့ ဒီနှစ်အတွက် အတာစားတဲ့ နေ့နံဖြစ်ပါတယ်။ ဒီနှစ်မှာ မိသားစု၊ ဆွေမျိုးသားချင်းတွေရဲ့ အခက်အခဲတွေက ကိုယ့်အပေါ်ကို တာဝန်ကျလာတဲ့အတွက် အလုပ်အကိုင် တစ်မျိုးထက်ပိုပြီး လုပ်ကိုင်ရပါလိမ့်မယ်။ ဒီကနေတစ်ဆင့် စိတ်သောကများပြီး ပေါက်ကွဲလွယ်တတ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ဂရုပြုဖို့ လိုအပ်ပါတယ်။ ပညာရေးမှာဆိုရင် စိတ်ဓာတ်ပြင်းပြမှ အောင်မြင်နိုင်ပါလိမ့်မယ်။ အချစ်ရေးမှာတော့ အတိတ်မှာ ပိတ်မိနေတတ်ပြီး အတူရှိနေတဲ့သူနဲ့လည်း မတည့်အတူနေ ဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးမှာတော့ အာရုံကြောနဲ့ အထိုင်များတဲ့ ပြဿနာတွေကို ဂရုပြုသင့်ပါတယ်။ ကြာသပတေးသားသမီးတွေအနေနဲ့ အတာစားတဲ့အတွက် အခုလို အညံ့တွေ ပိုပြီး ကြုံတွေ့ရနိုင်တာ ဖြစ်ပါတယ်။ ဒီအတွက် ဘာသာတရားကို ပိုမိုအလေးထားပြီး ကောင်းမှုတွေကို နေ့စဉ်ပြုသွားဖို့ အရေးကြီးပါတယ်နော်။
သောကြာ သားသမီးများအတွက်
သောကြာသားသမီးတွေကတော့ ဒီနှစ်မှာ မိသားစု၊ လုပ်ငန်းခွင် စသဖြင့် အသိုင်းအဝိုင်းတွေရဲ့ ဦးဆောင်သူဖြစ်လာပြီး ဝန်ထမ်းတွေဆိုရင် ရာထူးအမြင့်ပိုင်းအထိ ရောက်ရှိနိုင်ပါတယ်။ အများနဲ့ လိုက်လျောညီထွေဖြစ်ဖို့အတွက် ကိုယ်ပဲ အမှန် ဆိုတဲ့ စိတ်မျိုးကို ဖယ်ရှားထားသင့်ပါတယ်။ ခရီးသွားလုပ်ငန်းမျိုးက ဝင်ငွေအကောင်းဆုံးဖြစ်ပြီး ခရီးသွားရင်းနဲ့ ဝင်ငွေတွေလည်း ရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာပြီး သားသမီးရတနာတွေလည်း ရရှိနိုင်ပါတယ်။ အစာအိမ်နဲ့ပတ်သက်ပြီး ကျန်းမာရေးကို သတိထားသင့်ပါတယ်။
စနေ သားသမီးများအတွက်
စနေသားသမီးတွေကတော့ ဒီနှစ်မှာ လူမျိုးခြားတွေရဲ့ အကူအညီနဲ့ အောင်မြင်မှုတွေကို ရရှိနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ တခြားသူတွေနဲ့ အတိုက်အခံဖြစ်တာကို ရှောင်ရှားပြီး လိုက်လျောညီထွေ နေထိုင်ဖို့ လိုအပ်ပါတယ်။ ဒီနှစ်အတွက် နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်တွေက ကံစပ်ပါလိမ့်မယ်။ အချစ်ရေးမှာ စန်းပွင့်နေတတ်ပြီး အိမ်ထောင်ရှင်တွေဆိုရင်တော့ အဲဒါက ရှုပ်ထွေးမှုတွေ ဖြစ်လာပါလိမ့်မယ်။ ကျန်းမာရေးမှာတော့ ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်တဲ့နေရာတွေမှာ အနာရောဂါဖြစ်ပွားတတ်တာကို သတိပြုပါ။
အခုဆိုရင်တော့ မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်အတွက် သင်္ကြန်စာကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ အားလုံးပဲ မြန်မာ့နှစ်ကူး အတာသင်္ကြန်ကာလမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပြီး တစ်နှစ်ပတ်လုံး ကြီးပွားတိုးတက်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းဆုပြုလိုက်ရပါတယ်နော်။
Comments