အဆာပြေမုန့်တွေအစား ဒီအသီးတွေနဲ့ အစားထိုးကြည့်ပါ

Posted in အစားအစာ


နေ့လယ်နေ့ခင်း ၃ နာရီလောက်ဆိုရင် အဆာပြေမုန့်စားတတ်တဲ့သူတွေရှိသလို အလုပ်လုပ်ရင်း၊ ရုပ်ရှင်ကြည့်ရင်း မုန့်စားတတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလို မုန့်စားကြတဲ့အခါ အာလူးကြော်လိုမျိုး ဆီကြော်တွေ၊ အသင့်စားမုန့်ထုပ်တွေ၊ ဖျော်ရည်တွေ စသဖြင့် စားကြသောက်ကြလေ့ ရှိကြတယ်မဟုတ်လား။ တကယ်တော့ ကျန်းမာရေးရှု‌ထောင့်က ကြည့်မယ်ဆိုရင် ဒါတွေက အချို၊ အငန်၊ အဆီအဆိမ့်တွေများပြီး ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အဆာပြေလည်း စားလို့ကောင်းတဲ့ အသီးတွေကို အစားထိုးဖို့ ပြောပြပေးချင်ပါတယ်။

မုန့်အချိုတွေအစား စပျစ်သီးအေးအေးလေးစားပါ

ပီကေ၊ ချိုချဉ်သကြားလုံး၊ ဝေဖာ စတဲ့ မုန့်အချိုတွေ စားတတ်တဲ့သူတွေဆိုရင် အစားထိုးအနေနဲ့ စပျစ်သီးလေးတွေကို ရေခဲသေတ္တာထဲထည့်ပြီး အေးအေးလေး စားလို့ရပါတယ်။ စပျစ်သီးအေးအေးလေးတွေက ဝါးလို့လည်းကောင်းသလို ကျန်းမာရေးအရဆိုရင်လည်း နှလုံးနဲ့ အစာချေစနစ် ကျန်းမာရေးကို ကောင်းမွန်စေတာ၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာ စတဲ့ ကောင်းကျိုးတွေ အများကြီးရရှိနိုင်ပါတယ်။

Ref: ShortFoodBlog

အာလူးကြော်အစား ပန်းသီးစိတ်လေးတွေ စားပါ

အာလူးကြော်လိုမျိုး ဆီကြော်တွေ တကြွပ်ကြွပ်ဝါးရတာ ကြိုက်တယ်ဆိုရင်တော့ အဲဒီလိုမျိုး ဝါးလို့ရမယ့် ပန်းသီးစိတ်လေးတွေကို အစားထိုးလို့ရပါတယ်။ ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်တွေနဲ့ ဝေးဝေးနေနိုင်တယ်ဆိုတဲ့ အင်္ဂလိပ်အဆိုလေးအတိုင်း ပန်းသီးမှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ကျန်းမာရေးကောင်းကျိုးတွေ အကုန်ရရှိဖို့အတွက်တော့ စားတဲ့အခါ ရေသေချာဆေးပြီး အခွံမနွှာဖို့တော့လိုပါတယ်နော်။

ခရင်မ်များတဲ့ မုန့်တွေအစား သရက်သီး ဒါမှမဟုတ် တည်သီး စားပါ

ခရင်မ်များတဲ့ မုန့်တွေ စားလေ့ရှိတယ်ဆိုရင်တော့ အစားထိုးအနေနဲ့ သရက်သီးနဲ့ တည်သီးကို ရွေးချယ်လို့ရပါတယ်။ သရက်သီးမှာဆိုရင်တော့ ဗီတာမင်တွေ အများကြီးပါဝင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တည်သီးမှာဆိုရင်လည်း ကိုယ်ခံအားနဲ့ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အပြင် အစာချေစနစ်ကိုလည်း အထောက်အပံ့ပေးနိုင်ပါတယ်။

Ref: Healthline

Energy Drink တွေအစား ဖရဲသီး ဒါမှမဟုတ် လိမ္မော်သီးစားပါ

Energy Drink တွေ၊ အသင့်ဖျော်ထားတဲ့ ဖျော်ရည်တွေ သောက်တတ်တယ်ဆိုရင်တော့ အဲဒီအစား ဖရဲသီး ဒါမှဟုတ် လိမ္မော်သီးလေးတွေကို စားလို့ရပါတယ်။ ဖရဲသီးနဲ့ လိမ္မော်သီးတွေမှာ ရေဓာတ်အများကြီးပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဖြည့်တင်းပြီးသားဖြစ်စေသလို Energy Drink တွေလိုမျိုး သကြားဓာတ်လည်း အများကြီးမပါဝင်ပါဘူး။ အဲဒီအစား ခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့ သကြားဓာတ်တွေကိုတောင် ထိန်းညှိပေးပါသေးတယ်။

Ref: eMediHealth

ဒီအသီးတွေမှ မဟုတ်ပါဘူး။ တခြားအသီးတွေမှာလည်း အာဟာရဓာတ်တွေ၊ ခန္ဓာကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုတွေကို ကူညီပေးတဲ့ သဘာဝကောင်းကျိုးတွေ အမျိုးမျိုး ပါဝင်ကြတာဖြစ်တဲ့အတွက် အဆာပြေစားမယ်ဆိုရင် အသင့်စားမုန့်တွေထက် ကိုယ်နှစ်သက်ရာအသီးတွေကို ရွေးချယ်စားသုံးသင့်ပါတယ်‌လို့ တိုက်တွန်းလိုက်ပါရစေနော်။

ကျန်းမာရေးနဲ့ညီညွတ်ပြီး လတ်ဆတ်တဲ့ အသီးအနှံအမျိုးမျိုးကိုတော့ City Mart, Ocean နဲ့ marketplace တွေမှာ ဈေးနှုန်းသင့်တင့်စွာနဲ့ အစဉ်အမြဲ ဝယ်ယူအားပေးနိုင်ပါတယ်။


Share

Comments

Related Posts