
နနွင်းဟာ ဟင်းလျာတွေကို လှပအောင်၊ မွှေးကြိုင်အောင် ပံ့ပိုးပေးတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ် ရာစုနှစ်များစွာ ရှိနေခဲ့တာကို လူတိုင်းသိကြမှာပါ။ ဒါတင်မကသေးပါဘူး၊ ကျန်းမာရေး၊ အလှအပရေးရာနဲ့ အိမ်မှုရေးရာတွေမှာလည်း အံ့မခန်းအသုံးဝင်တဲ့ အထောက်အကူတစ်ခုဖြစ်နေပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ ဟင်းချက်တဲ့ မီးဖိုချောင်ကို ကျော်လွန်ပြီး နနွင်းရဲ့ အသုံးပြုနိုင်မှုတွေနဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
အထွေထွေကျန်းမာရေး
နနွင်းမှာ အဓိကပါဝင်တဲ့ ဇာတ်လိုက် ကတော့ Curcumin ဆိုတဲ့ ဒြပ်ပေါင်းပါ။ Curcumin က ရောင်ရမ်းတာတွေကို သက်သာစေတဲ့ သဘာဝအထောက်အကူပြုပစ္စည်းတစ်မျိုး ဖြစ်တဲ့အတွက် အရိုးအဆစ်ရောင်ရမ်းကိုက်ခဲတာတွေကို သက်သာစေပါတယ်။ သည်းခြေအိတ်ကနေ သည်းခြေရည်ထွက်တာကို လှုံ့ဆော်ပေးတဲ့အတွက် အစာချေဖျက်မှုနဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
ခန္ဓာကိုယ်သန့်စင်ခြင်း
နနွင်းကို သနပ်ခါးနဲ့ရောပြီး လိမ်းတဲ့အခါမှာဆိုရင် ခန္ဓာကိုယ်ကို အေးမြစေပြီး အညိုအမဲတွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ နောက်ပြီး ခန္ဓာကိုယ်တွင်း ပြန်လည်ကုသတဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါပေမဲ့ Curcumin ကို ခန္ဓာကိုယ်က အလွယ်တကူမစုပ်ယူနိုင်တဲ့အတွက် ထိထိရောက်ရောက်ဖြစ်ဖို့ ဆိုရင်တော့ ငရုပ်ကောင်းကို ရောပေးဖို့ လိုပါတယ်။ ငရုပ်ကောင်းမှာ ပါဝင်တဲ့ piperine ဒြပ်ပေါင်းက ခန္ဓာကိုယ်ရဲ့ Curcumin စုပ်ယူမှုကို အဆ ၂၀ လောက် ပိုမိုကောင်းမွန်စေပါတယ်။
အမျိုးသမီးကျန်းမာရေး
နနွင်းဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် အဖော်ကောင်းတစ်ခုဖြစ်တယ်ဆိုတာကို ရှေးယခင်ကတည်းက တွေ့ရှိခဲ့ကြပါတယ်။ အထူးသဖြင့် မီးဖွားပြီးကာစ မိခင်တွေအနေနဲ့ နနွင်းက အရေးကြီးတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ နနွင်းကို ခပ်နွေးနွေးဖျော်သောက်တာ ဒါမှမဟုတ် အာဟာရပြန်လည်ဖြည့်တင်းတဲ့ အစားအသောက်တွေမှာ ထည့်စားခြင်းအားဖြင့် မီးဖွားပြီး ပြန်လည်သက်သာဖို့အတွက် သိသိသာသာ အထောက်အကူပြုနိုင်ပါတယ်။ “Mommy Brain” လို့ခေါ်ကြတဲ့ မီးဖွားပြီးချိန် ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ ဒါ့အပြင် နနွင်းဟာ နို့ရည်ထွက်ဖို့ အားပေးတဲ့ အထောက်အပံ့တစ်ခုလည်း ဖြစ်ပါသေးတယ်။ ကိုယ်ဝန်ဆောင်တွေမှ မဟုတ်ပါဘူး။ အမျိုးသမီးအားလုံးအတွက် အရေးကြီးတဲ့ ရာသီစက်ဝန်းမှန်ကန်ဖို့ကိုလည်း ပံ့ပိုးပေးနိုင်ပါသေးတယ်။ ရာသီချိန်မှာ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာအောင်လည်း ကူညီပေးနိုင်ပါတယ်။
သတိပြုရန် - နို့ချိုတိုက်ကျွေးနေဆဲ ကာလမှာဆိုရင်တော့ ဆရာဝန်ညွှန်ကြားမှုမရှိဘဲ နနွင်းပမာဏများများကို မစားသုံးသင့်ပါဘူး။
အလှအပရေးရာ
နနွင်းဟာ သဘာဝအတိုင်း လှပစေဖို့အတွက်ဆိုရင် အခရာကျတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ Face Mask အနေနဲ့ အသုံးပြုမယ်ဆိုရင် အသားအရည်ကို မျှတစေပြီး ပျားရည် ဒါမှမဟုတ် ဒိန်ချဉ်နဲ့ ရောစပ်ပြီး အသုံးပြုမယ်ဆိုရင် ဝင်းပတဲ့ အသားအရည်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ရာမှာလည်း အစွမ်းထက်ပါသေးတယ်။ နနွင်းအနှစ် ဒါမှမဟုတ် အဆီကိုတော့ ဦးရေပြားခြောက်သွေ့တာ၊ ယားယံတာတွေကို သက်သာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။
အိမ်မှုရေးရာ
အိမ်ထဲမှာ ပုရွက်ဆိတ်တွေ များနေတယ် ဒါမှမဟုတ် ကိုယ်စိုက်ထားတဲ့ အပင်လေးတွေမှာ ပိုးမွှားတွေကျနေတယ်ဆိုရင်တော့ နနွင်းက သဘာဝပိုးမွှားနှိမ်နှင်းဆေးပါပဲ။ အင်းဆက်တွေ အများစုက နနွင်းရဲ့ အနံ့နဲ့ ဝါကျင့်ကျင့်အရောင်ကို မနှစ်သက်ကြပါဘူး။ တံခါးနဲ့ ပြတင်းပေါက်အဝတွေမှာ ဒါမှမဟုတ် အပင်စိုက်ထားတဲ့ မြေပေါ်မှာ နနွင်းမှုန့်တွေ ဖြူးထားမယ်ဆိုရင် အဆိပ်အတောက်မဖြစ်ဘဲ ထိရောက်တဲ့ ပိုးမွှားနှိမ်နှင်းဆေးဖြစ်ပါလိမ့်မယ်။
ဒါတွေကတော့ မီးဖိုချောင်ကို ကျော်လွန်ပြီး နနွင်းရဲ့ ကျယ်ပြန့်လှတဲ့ အသုံးဝင်ပုံတွေနဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ သဘာဝနဲ့ နီးစပ်ပြီး ကျန်းမာရေး၊ အလှအပနဲ့ အိမ်က အင်းဆက်တွေရှင်းဖို့အတွက် ထိရောက်တဲ့ပစ္စည်းတစ်မျိုးဆိုရင် နနွင်းကို သတိရလိုက်ပါ။
Comments