ဖုန်းကို အနားမပေးရင်တောင် မျက်လုံးကို အနားပေးပါ

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


ဖုန်းအသုံးပြုမှုများတာဟာ မျက်လုံးအတွက် မကောင်းဘူးလို့ လူတိုင်း သိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ မျက်လုံးကို အနားပေးဖို့တော့ အကြောင်းအမျိုးမျိုးနဲ့ မေ့နေတတ်ကြပါတယ်။ အထူးသဖြင့် ဒီနေ့ခေတ်မှာ ဖုန်းတွေက ဖျော်ဖြေရေးသပ်သပ်မဟုတ်တော့ဘဲ ဘဝရဲ့ တစ်စိတ်တစ်ပိုင်း လိုအပ်တဲ့ ပစ္စည်းတွေဖြစ်လာတဲ့အခါမှာ ဖုန်းအသုံးပြုတာကို အနားပေးဖို့ ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ Screentime ကို လျှော့ချဖို့မဟုတ်ဘဲ မျက်လုံးကို ထိခိုက်မှုနည်းအောင် ဘယ်လိုနည်းလမ်းတွေ အသုံးပြုရမလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။

Screen တွေက မျက်လုံးကို ဘယ်လိုသက်ရောက်သလဲ

Screen တွေကို ကြာကြာကြည့်တဲ့အခါမှာ မျက်လုံးတွေ စပ်တယ်၊ မျက်စိညောင်းတယ်၊ ခေါင်းကိုက်တယ်ဆိုတာတွေ ဖြစ်ဖူးကြမှာပါ။ ရေရှည်မှာဆိုရင် မျက်လုံးနဲ့ အာရုံကြောပြဿနာတွေပါ ဖြစ်လာတတ်ပါတယ်။ အကြောင်းအရင်းကတော့ Screen တွေကို ကြာကြာကြည့်တဲ့အခါမှာ မျက်တောင်ခတ်တဲ့နှုန်းက ၅၀ ရာခိုင်နှုန်းလောက်အထိ လျော့နည်းသွားတဲ့အတွက် မျက်လုံးကို ‌ခြောက်သွေ့လာစေပြီး ယားယံတာ၊ စပ်တာတွေ ဖြစ်လာစေတာပါ။ နောက်တစ်ချက်က‌တော့ လူ့မျက်လုံးတွေဟာ တစ်ပေလောက်အကွာမှာပဲရှိတဲ့ မျက်နှာပြင်တစ်ခုကိုပဲ နာရီနဲ့ချီပြီး စိုက်ကြည့်နေဖို့အတွက် တည်ဆောက်ထားတာမဟုတ်ပါဘူး။ အဲဒါက လေးလံတဲ့အရာဝတ္ထုတစ်ခုကို နာရီနဲ့ချီပြီး ကိုင်ထားရတာနဲ့ တူပါတယ်။ မျက်စိညောင်းတာ၊ ဇက်ကြောတက်တာ စတဲ့ ပြဿနာတွေဟာ ဒါကြောင့်ပါ။

ဒီနည်းလမ်းတွေ အသုံးပြုကြည့်ပါ

၁။ မိနစ် ၂၀ တိုင်းမှာ ပေ ၂၀လောက်‌ ဝေးတဲ့နေရာကို စက္ကန့် ၂၀ လောက် ကြည့်လိုက်ပါ။ ဒီ ၂၀-၂၀-၂၀ နည်းလမ်းက မျက်လုံးကို အနားရစေပါတယ်။ ရှေ့မှာပြောခဲ့တဲ့ ဥပမာအတိုင်းဆိုင်ရင် ကိုင်ထားတဲ့ ပစ္စည်းအလေးကြီးကို ခဏချထားလိုက်တာနဲ့ တူပါတယ်။

၂။ မျက်နှာပြင်အလင်းရောင်ကို ဂရုပြုပါ။ မှောင်နေတဲ့အခန်းမှာ ကိုယ့်ဖုန်းက ဓာတ်မီးထွန်းထားသလို လင်းမနေသင့်သလို နေ့အလင်းရောင်အောက်မှာလည်း အတင်း အာရုံစိုက်ကြည့်နေရလောက်အောင် မှိန်မနေသင့်ပါဘူး။ နောက်ပြီး ညဘက်အတွက်ဆိုရင် Night mode ကို ပြောင်းသုံးသင့်ပါတယ်။

၃။ မျက်တောင်ခတ်ဖို့ သတိထားပြီး လေ့ကျင့်ပါ။ စာတစ်ပုဒ်ဖတ်ပြီးတဲ့အခါ ဒါမှမဟုတ် video တစ်ပုဒ်ကြည့်ပြီးတိုင်း မျက်တောင်ကို ဖြည်းဖြည်းချင်း ငါးခေါက်လောက်ခတ်လိုက်ပါ။

၄။ အလုပ်ကြောင့် Screen time များတဲ့သူတွေအတွက်ဆိုရင်တော့ အကောင်းဆုံးက အနားယူတဲ့အချိန်မှာ ဖုန်းတွေ၊ ကွန်ပျူတာတွေမပါဝင်တဲ့ အနားယူခြင်းမျိုးကို အလေ့အကျင့်လုပ်သင့်ပါတယ်။

ဒါဆိုရင်တော့ မျက်လုံးကို ထိခိုက်မှုနည်းအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို သိသွားကြမယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့ မျက်လုံးတွေ ကျန်းမာနေစေဖို့က ဘာမှမလုပ်ဘဲ ထိုင်နေရမှာမျိုး မဟုတ်ပါဘူး။ ကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ ပုံမှန်လေး အနားပေးနေရင် ရပါတယ်နော်။


Share

Comments

Related Posts