
ပူပြင်းတဲ့နွေရာသီရဲ့ အားလပ်ရက်တွေ အပြီးမှာ ခရီးတွေသွားခဲ့တာ၊ သင်္ကြန်တွင်းရေကစားခဲ့တာတွေကနေ မျက်နှာနဲ့ တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာ နေလောင်ဒဏ်တွေက မဖိတ်ခေါ်ဘဲ ရောက်လာတော့တာပါပဲ။ တစ်နှစ်ပတ်လုံးမှာလည်း မြန်မာနိုင်ငံရဲ့ နွေရာသီက ခရမ်းလွန်ရောင်ခြည် အမြင့်မားဆုံးအချိန်လည်း ဖြစ်တာမလို့ အသားရည်က ကြိုတင်ကာကွယ်ထားမှုလည်း မရှိရင် ပုံမှန်ထက် ပိုပြီး ပျက်စီးလွယ်ပါတယ်။ နောက်ပြီး နေလောင်ဒဏ်တွေဆိုတာက နေရာတိုင်းမတူညီတာကြောင့် နုနွယ်တဲ့ မျက်နှာအတွက်ရော လက်မောင်းနဲ့ ခန္ဓာကိုယ်က အသားရည်အတွက်ပါ မှန်ကန်တဲ့ကုသနည်း သိထားဖို့ အရေးကြီးတာပါ။ ဒါကြောင့် ဒီလိုနေလောင်ပြီး အသားရည်နီမြန်းတာ၊ စပ်ဖျင်းဖျင်းဖြစ်တာ၊ အသားခြောက်တာတွေကို အမြန်ဆုံးသက်သာစေဖို့ ဒီဆောင်ရန်၊ ရှောင်ရန်နည်းလမ်းတွေကို တူတူဖတ်ကြည့်လိုက်ရအောင်။

၁။ ရေအေးနဲ့ အပူလျော့ချပါ
နေလောင်ထားတဲ့ အသားရည်က အပူရှိန်ကြောင့် ရောင်ရမ်းနေတတ်လို့ ရေအေးအေးနဲ့ အရင်ဆုံး အပူဒဏ်ကို လျော့ချပေးဖို့ လိုပါမယ်။ ဒါကြောင့် ရေအေးဝတ် ကပ်ပေးတာက သွေးကြောတွေကို ကျဥ◌်းစေပြီး နီမြန်းရောင်ရမ်းတာကို သိသိသာသာလျော့ကျစေတယ်လို့ Mayo Clinic ရဲ့ ဆောင်းပါးတစ်ခုမှာ တွေ့ရမှာပါ။ ဒါပေမဲ့ တိုက်ရိုက်ရေခဲကပ်တာမျိုးကိုတော့ အသားရည်တစ်ရှူးတွေ ထပ်မပျက်စီးအောင် ရှောင်ကြဥ◌်သင့်ပါတယ်။ ပုံမှန်အတိုင်း ရေအေးအေးနဲ့ ရေချိုးပေးတာက အသားရည်စပ်ဖျင်းဖျင်းဖြစ်တာကို ချက်ချင်းသက်သာစေပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုလည်း သဘာဝအတိုင်း ပုံမှန်ပြန်ဖြစ်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။
၂။ အစိုဓာတ် ပြန်ဖြည့်ပါ
နေလောင်ပြီးနောက်မှာ အသားရည်ရဲ့ သဘာဝ Skin Barrier ပျက်စီးသွားပြီး အစိုဓာတ် ကုန်ခမ်းသွားတတ်ပါတယ်။ ဒါကြောင့် Aloe Vera (ရှားစောင်းလက်ပတ်) ပါတဲ့ Gel သို့မဟုတ် Lotion တွေကို လိမ်းပေးတာ၊ မျက်နှာကို Sheet Mask ကပ်ပေးတာတွေက အသားရည်ကို ပြန်လည် အားဖြည့်ပေးမှာပါ။ ပြီးတော့ ဆဲလ်တွေ ထပ်မပျက်စီးရအောင် Alcohol သို့မဟုတ် အမွှေးအကြိုင် (Fragrance) ပြင်းပြင်းထန်ထန် ပါဝင်တဲ့ Skin Care တွေ၊ ဝက်ခြံပျောက်စေတဲ့ Retinol /Salicylic Acid နဲ့ VitaminC Serum တွေကို နေလောင်တာ အရှင်းမသက်သာမချင်း ရှောင်ထားသင့်ပါတယ်။ အစိုဓာတ်အမြဲရှိနေအောင်လို့ဆို ရေချိုးချိုးပြီးချင်းတွေမှာ အသားရည် အေးမြစေတဲ့ အစိုဓာတ်ဖြည့်ခရင်မ် သို့ Vaseline ကို ကိုယ်ပေါ်မှာ ရေဓာတ်ရှိနေတုန်း လိမ်းပေးတာက အထိရောက်ဆုံးပါပဲ။

၃။ ဆဲလ်သေတွေကို အတင်းမခွာပါနဲ့
နေလောင်တဲ့အခါ အသားပတ်ပြီး အဖတ်တွေ ကွာလာတတ်တာက ပျက်စီးသွားတဲ့ ဆဲလ်ဟောင်းတွေကို ခန္ဓာကိုယ်က ဖယ်ရှားပစ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒါကို လက်နဲ့ အတင်းခွာတာမျိုး လုပ်လိုက်ရင် အောက်က နုနယ်သေးတဲ့ အရေပြားအလွှာကို ထိခိုက်စေပြီး ပိုးဝင်တာ ဒါမှမဟုတ် အသားအရောင် မညီညာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို အသားရည်ရဲ့ ဆဲလ်သေတွေ ကွာလာတာက အနာကျက်ခြင်းရဲ့ လက္ခဏာဖြစ်တာမလို့ သူ့အလိုလို ကွာကျတဲ့အထိ သည်းခံစောင့်ဆိုင်းပေးရမှာပါ။ ဒါကြောင့် Moisturizer (အစိုဓာတ်ထိန်းခရင်မ်) ကိုသာ ပုံမှန်လိမ်းလိမ်းပေးတာက အရေပြားပေါ်က ဆဲလ်သေတွေ ကွာတာကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။ ကျပ်ထုပ်နေတဲ့ အဝတ်အစားတွေကို ရှောင်ပြီး ချည်သား ပွပွယောင်းယောင်းတွေကိုပဲ ဝတ်ဆင်ရင်း အသားရည် ပွတ်တိုက်မှုမများအောင် ကာကွယ်ပေးရမှာပါ။
၄။ ရေများများသောက်ပါ
နေလောင်ဒဏ်ဟာ ခန္ဓာကိုယ်အတွင်းပိုင်းက ရေဓာတ်တွေကို အရေပြားမျက်နှာပြင်ဆီ ဆွဲထုတ်သွားတတ်လို့ ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အပြင်ပိုင်းအတွက်ရော အတွင်းပိုင်းအတွက်ပါ ရေဓာတ်ပြန်ဖြည့်ဖို့ ရေနဲ့ ဓာတ်ဆားရည် (Electrolytes) တွေကို ဒီလိုအချိန်မှာ ပုံမှန်ထက် ပိုသောက်ပေးသင့်ပါတယ်။ ရေဓာတ် ပြည့်ဝနေမှ ဆဲလ်အသစ်တွေ ပြန်လည်တည်ဆောက်မှုကို မြန်ဆန်စေပြီး ခေါင်းမူးတာ၊ နုံးခွေတာတွေကိုလည်း သက်သာစေပါတယ်။
အသားရည်ဟာ သဘာဝအတိုင်း ပြန်လည်ပြုပြင်နိုင်စွမ်းရှိတာမလို့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာတဲ့ နေလောင်ဒဏ်တွေကြောင့် စိတ်ညစ်စရာ မရှိတော့ပါဘူး။ အပေါ်မှာ ပြောပြထားတဲ့ အချက်၄ချက်နဲ့အတူ သေချာဂရုစိုက်ပေးလိုက်ရင် နဂိုအတိုင်း ပြန်လည်လှပလာမှာ ဖြစ်ပြီးတော့ ဘယ်လိုရာသီဥတုမှာဖြစ်ဖြစ် အပြင်ထွက်ကြတဲ့အခါ SPF ပါတဲ့ နေလောင်ကာ Sunscreen ကို သေချာပေါက်လိမ်းပေးဖို့ မမေ့နဲ့နော်။
Comments