
လက်မှုပစ္စည်းတွေဆိုတာ သာမာန်ရုပ်ဝတ္ထုပစ္စည်းမဟုတ်ဘဲ ဖန်တီးသူရဲ့ အချိန်၊ ကျွမ်းကျင်မှုနဲ့ စိတ်ဝိညာဉ်တွေ ပေါင်းစပ်ထားတဲ့ အနုပညာတစ်ခုပါ။ လူမှုဘဝအတွက် အသုံးဝင်တဲ့ ပစ္စည်းမျိုးစုံကို စက်ရုံတွေကနေ ရာနဲ့ချီ၊ ထောင်နဲ့ချီပြီး တစ်ပုံစံတည်း ထုတ်လုပ်ရရှိနေတဲ့ ခေတ်ကြီးမှာ ပြည်တွင်းမှာ ထွက်ရှိနေတဲ့ ကုန်ကြမ်းတွေနဲ့ လူသားတစ်ယောက်ရဲ့ လက်နဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ရာတစ်ခုကို ပိုင်ဆိုင်ရတာက ထူးခြားတဲ့ ဂုဏ်ယူမှုတစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီလိုလက်မှုလုပ်ငန်းတွေက ရိုးရာယဥ်ကျေးမှုနဲ့ လူမှုပတ်ဝန်းကျင်ကို တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေဆဲဖြစ်ပြီး ဒီလိုပစ္စည်းလေးတွေကို ဝယ်ယူအားပေးတာက ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုလို လက်မှုပစ္စည်း ဝယ်တဲ့အခါ ဘယ်လိုအကျိုးရှိရှိအားပေးကြမလဲ၊ ဘယ်လိုအရည်အသွေးကောင်းတဲ့ ပစ္စည်းကောင်းလေးတွေ ရွေးချယ်ဝယ်ယူကြမလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။

ချည်ထည်
မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ သဘာဝဆန်ဆန် ချည်သားအေးအေးလေးတွေကို အမျိုးသား၊ အမျိုးသမီးမရွေး ဝတ်ဆင်နေကြပါပြီ။ Local Brands တွေကလည်း အဝတ်အထည်၊ လွယ်အိတ်တွေမကဘဲ ပဝါ၊ ခေါင်းစည်းကြိုး စသဖြင့် မျိုးစုံဖန်တီး ရောင်းချလာကြပြီမလို့ ရွေးချယ်စရာတွေလည်း ပေါများလှပါတယ်။ ဒါကြောင့် အရည်အသွေးကောင်း ချည်ထည်ရွေးချယ်နိုင်ဖို့ဆို ချည်စစ်စစ်က ပျော့ပျောင်းပြီး ခံ့ခိုင်တာကြောင့် အသားကိုင်ကြည့်တာအခါ ကြမ်းနေရင် အရည်အသွေးမကောင်းတာ၊ ဓာတုဆေးသုံးထားတာဖြစ်နိုင်ပါတယ်။ ချည်ရဲ့ ရက်လုပ်ပုံကြည့်မယ်ဆိုလည်း ကျစ်လစ်ညီညာနေမှသာ ရေတစ်ခါလျှော်ပြီး လျော့လျော့ရဲရဲမဖြစ်သွားဘဲ ခြစ်ရာ၊ ပြဲရာမရှိ ကြာရှည်ခံမှာပါ။ ချည်အိတ်တွေမှာဆိုလည်း အတွင်းအပြင်နဲ့ ထောင့်တွေရဲ့ ချုပ်ရိုးချုပ်သား သေသပ်မှုရှိမရှိ သေချာလေ့လာပြီးမှ ဝယ်ယူတာ အကောင်းဆုံးဖြစ်ပါတယ်။ အရောင်အနေနဲ့ဆို သဘာဝဆေးဆိုးထားတာ ဖြစ်တဲ့အတွက် အရောင်ဖျော့တာ၊ မညီတာက သဘာဝကျ လက်တဲ့ လက်မှုပစ္စည်းတစ်ခုရဲ့ လက္ခဏာပါပဲ။

သိုးမွေးထိုးလက်ရာ (Crochet)
အခုနောက်ပိုင်းမှာ သိုးမွေးအကျီလေးတွေ၊ ပဝါလေးတွေ၊ စားပွဲခင်းလေးတွေ၊ ခေါင်းစည်းကြိုးလေးတွေကို ကိုယ်တိုင်ချည်ထိုးကြသလို လက်မှုပညာရှင်တွေရဲ့ လက်ရာတွေကို ဝယ်ယူစုဆောင်းပြီး နေ့စဥ်ဘဝမှာ အသုံးပြုများလာကြပါပြီ။ တကယ့်လက်မှုပညာကိုပဲ အသုံးပြုဖန်တီး ထားတဲ့အပြင် ချစ်ဖို့လည်း ကောင်းသလို အသုံးလည်းတည့်တဲ့ ဒီ Crochet ပစ္စည်းလေးတွေကို ဝယ်ယူရွေးချယ်ကြတဲ့အခါ အသုံးပြု ချည်ထိုးထားတဲ့ ချည်သားက ကျစ်ကျစ်လျစ်လျစ် ရှိရပြီး ချုပ်ရိုးတွေလည်း ညီညာမှုရှိရမှာပါ။ ချည်ကွင်းလေးတွေရဲ့ အရွယ်အစား ညီ၊ မညီ ကြည့်ရမယ့်အပြင် တစ်နေရာကျပ်ပြီး တစ်နေရာချောင်နေရင် ကြာရှည်မခံတဲ့အတွက် နည်းနည်းဆွဲကြည့်၊ ဆန့်ထုတ်ကြည့်ပြီး ပြန်ကျုံ့မှသာ အရည်အသွေးကောင်းတဲ့ ပစ္စည်းလေး ဖြစ်မှာဖြစ်ပါတယ်။

စက္ကူလိပ်ပန်းချီ ကတ်ပြား (Quilling Art)
စက္ကူလေးတွေကို လိပ်ပြီး ပုံစံအမျိုးမျိုးဖန်တီးကြတဲ့ Quilling Art လက်မှုပညာကို နံရံဆွဲပန်းချီတွေ၊ လက်ဆောင်ကတ်တွေ၊ မင်္ဂလာဆောင်ဖိတ်စာတွေနဲ့ အခန်းအလှဆင်ပစ္စည်းတွေအထိ အသုံးပြုနိုင်ပါတယ်။ ဒါကို ပြုလုပ်တဲ့နေရာမှာလည်း စိတ်ကိုတည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို မြှင့်တင်ပေးတဲ့အပြင် ပစ္စည်းကုန်ကျစရိတ်ကလည်း သိပ်မများလှပါဘူး။ ခုနောက်ပိုင်းမှာလည်း အနုပညာတစ်ခုအနေနဲ့ လူကြိုက်များလာပြီး ရိုးရာလက်မှုပုံစံနဲ့ ပေါင်းစပ်ဖန်တီးသူတွေ များပြားလာတဲ့အပြင် လက်ဆောင်ပေးရာမှာလည်း အဓိပ္ပါယ်ရှိတာကြောင့် ပေးတဲ့သူအတွက်ရော ရတဲ့သူအတွက်ပါ ပျော်ရွှင်စေတာပါ။ ဒီလို လက်ရာကောင်းလေးတွေ ဝယ်ယူတော့မယ်ဆို စက္ကူလိပ်တွေ ညီညီညာညာလိပ်ထားလား၊ ကော်အစအနတွေ ပေကျံနေလား၊ 3D ပုံစံကျရဲ့လား စတာတွေကို သေချာစစ်ဆေးကြည့်ပြီး ရေမထိစေဖို့ ဂရုစိုက်ထိန်းသိမ်းပေးရမှာ ဖြစ်ပါတယ်။

အိုးခွက်ပန်းချီ
ရွံ့စေးထည်တွေ ပေါ်မှာ လက်နဲ့ ပန်းချီဆွဲပြီး ဖန်တီးရတဲ့ ဒီအနုပညာလက်ရာလေးတွေဟာလည်း နေ့စဥ◌်ဘဝမှာ လက်ဖက်ရည်အိုး၊ ပန်းကန်ပြား၊ ဖန်ခွက်၊ အလှဆင်အိုးတွေအဖြစ် အသုံးပြုဖြစ်ကြမှာပါ။ ကိုယ်တိုင်လည်း ဆေးခြယ်ဖန်တီးနိုင်လို့ လက်ဆောင်ပေးရင်ပဲဖြစ်ဖြစ် ကိုယ်တိုင်သုံးတာပဲဖြစ်ဖြစ် အဓိပ္ပါယ်လည်း ရှိလှပါတယ်။ ဒီလိုလှပတဲ့ အိုးခွက်ပန်းချီတွေ ဝယ်ယူတော့မယ်ဆို မျက်နှာပြင်ချောမွေ့နေရပြီး ဆေးရောင်လည်း ညီညာကာ အနားသတ်တွေ၊ လက်ကိုင်နေရာတွေလည်း ချွတ်ယွင်းတာ၊ အိုးအက်ကွဲတာတွေရှိ မရှိ စစ်ဆေးသင့်ပါတယ်။ နောက်ပြီး အစားအစာထည့်မယ့်အိုး ဆိုရင် အန္တရာယ်ကင်းတဲ့ ဆေးသုံးထားခြင်းရှိမရှိ၊ အဆိပ်အတောက်ရှိမရှိ ကိုလည်း သေချာမေးမြန်းစစ်ဆေးပြီးမှ ဝယ်ယူတာအကောင်းဆုံးပါပဲ။
ဒီလို ကိုယ့်ဒေသကထွက်တဲ့ လက်မှုပစ္စည်းတွေ ဝယ်ယူတဲ့အခါတွေမှာ ပစ္စည်းကိုပဲ လက်ဝယ်ပိုင်ဆိုင်လိုက်ရတာမျိုး မဟုတ်ဘဲ ရိုးရာဓလေ့တွေကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုဖန်တီးကြပြီး စွန့်ပစ်ပစ္စည်းနည်းပါးတာကြောင့် ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်တာကြောင့် ဒီလက်မှုပညာရပ်တွေကို ဆက်လက်ရှင်သန်အောင် သေချာပေါက် အားပေးထောက်ပံ့သွားရမှာလည်း ဖြစ်ပါတယ်။
Comments