သားသားမီးမီးတို့အတွက် ပျော်ရွှင်‌ဘေးကင်းတဲ့သင်္ကြန်

Posted in မိဘအုပ်ထိန်းခြင်း


နှစ်တိုင်း လူကြီးလူငယ်မရွေး ပျော်ပျော်ပါးပါးဆင်နွှဲလေ့ရှိတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်လည်း တစ်ဖန် ပြန်ရောက်လာတော့မှာနော်။ သားသားမီးမီးတို့အတွက်လည်း ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ရေကစားရင်း ဖြတ်သန်းရမှာဆိုတော့ သူတို့လေးတွေအတွက် အပျော်ဆုံးအချိန်ကာလဖြစ်နေမှာ အမှန်ပါပဲ။ ဒါပေမဲ့ ပူပြင်းတဲ့နွေကာလကြောင့် မမြင်နိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေနိုင်တဲ့အတွက် မိဘတွေအနေနဲ့ ကလေးတွေ ကျန်းမာပျော်ရွှင်ပြီး ဘေးကင်းတဲ့သင်္ကြန် ဖြစ်စေဖို့ အထူးဂရုစိုက်ဖို့ လိုအပ်တာပါ။ ဒါကြောင့် အခုလို သင်္ကြန်ကာလမှာ ကျန်းမာရေးနဲ့ လုံခြုံရေး အသိသတိတွေ ဟန်ချက်ညီညီပေါင်းစပ်ပြီး အပျော် ကနေ အပျက် မဖြစ်ရအောင် သားသားမီးမီးလေးတွေကို စောင့်ရှောက်ပေးဖို့ ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်လိုက်နော်။ 

ကျန်းမာရေးနဲ့ ဘေးကင်းရေးအတွက်

သင်္ကြန်ရဲ့ အနှစ်သာရဖြစ်တဲ့ ‌ရေပက်ကစားကြတဲ့နေရာမှာ အသုံးပြုတဲ့ရေရဲ့ သန့်ရှင်းမှုကလည်း ကလေးငယ်တို့ရဲ့ အသားရည်နဲ့ ကျန်းမာရေးအတွက် အဓိကကျလှပါတယ်။ ရေကန်အဟောင်းတွေက ရေတွေ၊ မသန့်ရှင်းတဲ့ ရေတွေနဲ့ ကစားမိရာကနေ အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်တတ်တာကြောင့် မိဘတွေ အနေနဲ့ တတ်နိုင်သမျှ သန့်ရှင်းတဲ့ ရေပိုက်ရေကိုသာ အသုံးပြု ဆော့ကစားစေရမှာပါ။ မဏ္ဍပ်ကြီးတွေမှာ အသုံးပြုတဲ့ ရေအရှိန်ပြင်းပြင်းနဲ့ ရေပိုက်တွေကလည်း ကလေးတွေရဲ့ နုနယ်တဲ့ မျက်စိ၊ နားနဲ့ အသားရည်ကို ထိခိုက်နိုင်တာကြောင့် အဝေးက ကစားတာ အကောင်းဆုံးဖြစ်ပါတယ်။ နောက်ပြီး ရေကစားရတာ ကြိုက်တဲ့ သားသားမီးမီးတွေအတွက်ဆို ရေကစားချိန် မကြာစေဖို့နဲ့ ရေစိုနဲ့ အကြာကြီးမနေဖို့ ဂရုစိုက်ပေးမှာဖြစ်ပြီး ချက်ချင်း အဝတ်အစားလဲပေးတာ၊ ရေနွေးနွေးလေးနဲ့ ‌‌ရေပက်တိုက်ပေးတာတို့နဲ့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

နေဒဏ်ကာကွယ်ပြီး ရေဓာတ်ဖြည့်တင်းဖို့

အားလုံးသိကြတဲ့အတိုင်း သင်္ကြန်ကာလဟာ အပူရှိန်လွန်ကဲတဲ့ နွေရာသီမှာပဲ ကျရောက်လေ့ရှိတာမလို့ အိမ်အပြင်ထွက်ပြီး နေရောင်အောက် ရေကစားကြမယ့် ကလေးတွေအတွက် နေရောင်ခြည်ဒဏ် ကာကွယ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ရေစိုခံတဲ့ Sunscreenကို ၂နာရီခြား တစ်ခါ လိမ်းပေးသင့်ပြီး နားရွက်၊ လည်ပင်းနဲ့ ပခုံးတွေကို အထူးဂရုစိုက် လိမ်းပေးရပါမယ်။ နောက်ပြီး လေဝင်လေထွက်ကောင်းပြီး အသားရည်ကို ကာကွယ်ပေးနိုင်တဲ့ ချည်သားအင်္ကျီအပါးလေးတွေ ဝတ်ဆင်ပေးတာကလည်း ခရမ်းလွန်ရောင်ခြည်ဒဏ်ကို သက်သာစေမှာပါ။ ကလေးတွေက ရေဆော့ရတာကိုပဲ အာရုံရောက်နေတတ်တာကြောင့် သူတို့လေးတွေ ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ ဘေးကနေ ရေပုံမှန်တိုက်ပေးဖို့ လိုပြီး ‌‌ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေကို အဆာပြေအနေနဲ့ ကျွေးပေးတာတွေက အားအင်ကုန်ခမ်းတာတွေကို လျော့ချနိုင်မှာပါ။ 

အိမ်တွင်းမှာပဲ ပျော်စရာသင်္ကြန်

ပတ်ဝန်းကျင်ရဲ့ နေပူဒဏ်တွေရော လူစုလူဝေးတွေရော ရှောင်ရင်း သားသားမီးမီးတို့နဲ့ အသင့်တော်ဆုံး အိမ်တွင်းသင်္ကြန်လေး ဖန်တီးဖို့ သိပ်မခက်လှပါဘူး။ မြန်မာ့ရိုးရာ သင်္ကြန်အငွေ့အသက်လေး ထိတွေ့ပေးရအောင်လို့ သပြေခက်လေးတွေနဲ့ ရေပက်ဖျန်းပြီး မိသားစုဝင်အချင်းချင်း ဆုတောင်းပေးတာမျိုး၊ အိမ်ရှေ့ ဝရံတာ သို့ ခြံဝင်းလေးမှာ ဖြစ်ဖြစ် ရေကန်အသေးလေးလုပ်ပြီး ရေကစားစေတာမျိုးတွေကလည်း အေးအေးချမ်းချမ်းနဲ့ ဆူညံမှုတွေ ကင်းစေပါတယ်။ မပါမဖြစ် အစားအသောက်အတွက်ဆိုလည်း ကလေးတွေနဲအတူ မုန့်လုံးရေ‌ပေါ် လုံးတာ၊ အထဲမှာ ငရုတ်သီးတွေ ထည့်ပြီး စကြ၊ နောက်ကြတာမျိုးက အိမ်သားတွေအချင်းချင်း ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ဖန်တီးနိုင်ဦးမှာပါ။ ဒါတွေက ကလေးတွေကို မြန်မာ့ရိုးရာသင်္ကြန်ရဲ့ အနှစ်သာရကို မပျောက်ပျက်အောင် သင်ကြားပေးရာရောက်ပြီး ကိုယ့်အိမ်ထဲမှာပဲဆိုတော့ ဘေးကင်းလုံခြုံတဲ့ မိသားစုသင်္ကြန်လေး ဖန်တီးပြီးသား ဖြစ်တာပေါ့။

ဒီလောက်ဆိုရင်တော့ ဖေဖေမေမေတို့အနေနဲ့ ကိုယ့်ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုကို ဦးစားပေးကာ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ သင်္ကြန်အမှတ်တရလေးတွေ ဖန်တီးရင်း မြန်မာ့နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ကြိုဆိုလိုက်ကြရအောင်ပါ။


Share

Comments

Related Posts