
သင်္ကြန်ဆိုတာနဲ့ အရွယ်မရွေး ချစ်ခင်ရသူတွေနဲ့ ပျော်ပျော်ပါးပါးဆင်နွှဲကြတဲ့ မြန်မာ့ရိုးရာပွဲတော်တွေထဲက တစ်ခုပါပဲ။ မကြာမီကာလမှာလည်း သင်္ကြန်ပွဲတော်ရက်ရှည် ရောက်လာတော့မှာဆိုတော့ လူတိုင်း အစီအစဥ်ကိုယ်စီနဲ့ ရင်ခုန်စိတ်လှုပ်ရှားနေလောက်ပြီပေါ့။ ဒါပေမဲ့ အိမ်မှာ သားသားမီးမီးတွေရှိတဲ့ မိဘတွေ၊ ဦးဦးဒေါ်ဒေါ်တွေအနေနဲ့က ကလေးတွေနဲ့ အပြင်ထွက် ရေကစားတာက သူတို့လေးတွေအတွက် နေအပူရှပ်မှာလည်း စိုးရတဲ့အပြင် ခရီးသွားလာဖို့ကလည်း နုငယ်သေးတဲ့အတွက် စိတ်မချခြင်းများစွာနဲ့ လာမယ့်ပိတ်ရက်ရှည်ကို ဘယ်လိုဖြတ်သန်းကြမလဲ တွေးနေမိမှာပါ။ ဒါကြောင့် ကိုယ့်အိမ်မှာပဲ ပျော်စရာ Activites လေးတွေ ဖန်တီးပြီး အတူဖြတ်သန်းကြတာကလည်း ကိုယ့်မိသားစုချည်းပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ လုံလုံခြုံခြုံရှိပြီး မမေ့နိုင်စရာ အမှတ်တရလေးတွေလည်း ဖြစ်ဦးမှာပါ။ ဒီတော့ အိမ်မှာတင် တကယ်ပျော်စရာကောင်းမယ့် သင်္ကြန်အငွေ့အသက်လေးတွေ ဖန်တီးနိုင်ဖို့ စိတ်ပူစရာမလိုပဲ ဒီဆောင်းပါးလေးသာ အဆုံးထိဖတ်ကြည့်ထားလိုက်တော့နော်။

ရေကစားပွဲ
အပြင်ထွက်စရာမလိုဘဲ ကလေးတွေ အိမ်မှာပဲ စိတ်ကြိုက် ရေကစားရအောင်လို့ဆို စိတ်ချရတဲ့ အကာအရံတွေနဲ့ ဝရံတာ သို့ အိမ်နောက်ဖေးဘက်တွေမှာ ယာယီရေကန်အသေးလေးတွေ၊ ရေပုံးလေးတွေနဲ့ ဖန်တီးပေးနိုင်ပါတယ်။ နောက်ပြီး ရေပြွတ်သေနတ်တွေ၊ ရေကစားစရာ ပုံး၊ ခွက်လေးတွေပါ သူတို့လေးတွေအကြိုက် ဝယ်ထားပေးပြီး ကိုယ့်အိမ်နေရာလေးမှာ စိတ်ကြိုက် ပေးကစားနိုင်ပါတယ်။ ဒီလိုလုပ်ပေးလိုက်တာက အပြင်လူအုပ်ကြားမှာထက် ကိုယ့်မျက်စိရှေ့မှာဆိုတော့ ပိုဘေးကင်းပြီး ရေကစားမဏ္ဍပ်တွေက ပက်တဲ့ ရေဖိအားဒဏ်ကြောင့် ကလေးငယ်တွေ ထိခိုက်မှာလည်း ပူစရာမလိုတော့ပါဘူး။
သင်္ကြန်မုန့်
သင်္ကြန်ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ မပါမဖြစ် မုန့်လုံးရေပေါ် ကတော့ အိမ်မှာသေချာပေါက် လုပ်စားကြည့်သင့်တာမလို့ ဒီတစ်ခေါက်မှာတော့ ကလေးတွေနဲ့ပါ တူတူဖန်တီးရင်း စားလည်းစား၊ ပျော်လည်းပျော်ရတာပေါ့။ သားသားမီးမီးတွေကို မုန့်သားလုံးတာ၊ ထန်းညက်ထည့်တာ၊ အိုးထဲမှာ မုန့်လုံးတွေ တက်လာတာ စောင့်ကြည့်ခိုင်းတာတွေမှာ ပါဝင်ကူညီခိုင်းနိုင်ပြီး သူတို့လေးတွေကိုယ်တိုင် လုပ်ထားမုန့်ကို ပြန်စားရတာက သူတို့အတွက်လည်း ဂုဏ်ယူစရာတစ်မျိုး ဖြစ်နေမှာပါ။ ဒါက ကလေးတွေရဲ့ လက်လှုပ်ရှားမှုလည်း တိုးတက်စေတဲ့အပြင် မိသားစုဝင်တွေကြား နွေးထွေးတဲ့အမှတ်တရတွေကို ဖန်တီးပြီးသားဖြစ်စေပါတယ်။ မုန့်လုံးရေပေါ်မှ မဟုတ်ဘဲ တခြားသင်္ကြန်စာလေးတွေဖြစ်တဲ့ သင်္ကြန်ထမင်းတို့၊ မုန့်လက်ဆောင်းတို့ကိုလည်း အိမ်သားတွေနဲ့တူတူ ဖန်တီးနိုင်ပါသေးတယ်။

သင်္ကြန်အငွေ့အသက်
စိတ်ရွှင်လန်းစေတဲ့ သင်္ကြန်သီချင်းလေးတွေ၊ ပိတောက်ပန်းနံ့လေးတွေကလည်း သင်္ကြန်ရဲ့ အရေးပါတဲ့ခံစားမှုတစ်ခုပါ။ ဒီလိုခံစားမှုလေးတွေကို ကလေးတွေ သိမြင်စေဖို့ အိမ်မှာ သင်္ကြန်သီချင်းလေးတွေ ဖွင့်ထားတာ၊ တူတူဆို၊ တူတူကတာအပြင် သင်္ကြန်အမှတ်တရအနေနဲ့ စက္ကူနဲ့လုပ်ထားတဲ့ ပိတောက်ပန်းလေးတွေ၊ ပန်းချီလေးတွေ၊ အလှဆင်ပစ္စည်းလေးတွေ တူတူဖန်တီးပြီး ဧည့်ခန်းမှာဖြစ်ဖြစ် ချိတ်ဆွဲထားနိုင်ပါသေးတယ်။ မိသားစုတွေ အမှတ်တရ သင်္ကြန်ရောင်စုံ အင်္ကျီလေးတွေ ဝတ်ပြီး ဓာတ်ပုံတူတူရိုက်တာကလည်း ကိုယ့်အိမ်ထဲမှာတင် သင်္ကြန်အငွေ့အသက် အပြည့်အဝခံစားစေနိုင်မှာပါ။
သင်္ကြန်ပုံပြင်
ရေကစားတာတွေ၊ မုန့်လုပ်စားတာတွေ ပြီးသွားပြီဆို နောက်ထပ် မဖြစ်မနေ တူတူလုပ်ဆောင်သင့်တဲ့ Activites လေးရှိပါသေးတယ်။ ဒါကတော့ သင်္ကြန်ရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ သူတို့လေးတွေ သိထားသင့်တဲ့ပုံပြင်၊ ဇာတ်လမ်းလေးတွေကို ဗဟုသုတရအောင်နဲ့ နားလည်အောင် ပြောပြပေးတာမျိုးပါ။ ဒါမှလည်း မျိုးဆက်သစ်ကလေးတွေ သင်္ကြန်ရဲ့အနှစ်သာရကို သိရှိပြီး မြန်မာ့ယဉ်ကျေးမှုတွေလည်း မြတ်နိုးတန်ဖိုးထားတက်စေမှာပါ။ နောက်ပြီး နှစ်သစ်မှာ လူကြီးတွေကို ကန်တော့တာ၊ ကောင်းမှုကုသိုလ်လုပ်တာတွေရဲ့ အရေးပါပုံတွေကို သင်ကြားပေးတာကလည်း သင်္ကြန်ရဲ့ စစ်မှန်တဲ့အနှစ်သာရကောင်းတစ်ခု ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

သင်္ကြန်အားလပ်ချိန်
အိမ်မှာပဲ ရေကစားတယ်ဆိုပေမဲ့လည်း မနက်ဘက်နဲ့ ညနေဘက်တွေ ရေကစားပြီးချိန်မှာ ပြန်လည်အနားယူဖို့ကလည်း အရေးကြီးတာကြောင့် နေ့လယ်ဘက် အပူရှိန်ပြင်းချိန်မှာတော့ မိသားစုဝင်တိုင်းအတွက် သက်တောင့်သက်သာနေရာလေး ဖန်တီးနိုင်ဖို့ လိုပါသေးတယ်။ အဲ့နေရာလေးမှာ ကလေးတွေ ကြိုက်တဲ့ ရုပ်ရှင်လေးတွေကြည့်တာ၊ သင်္ကြန်မုန့် အေးအေးလေးတွေစားတာ၊ အေးအေးချမ်းချမ်း အနားယူတာကလည်း အကောင်းဆုံး သင်္ကြန်ပိတ်ရက်အပန်းဖြေခြင်း တစ်မျိုးပါ။
ဒီလို အိမ်မှာပဲ ကလေးနဲ့အတူ အချိန်ပေးပြီး သင်္ကြန်အငွေ့အသက်လေးတွေ ဖန်တီးတာက ပြင်ပက အပူဒဏ်နဲ့ မမြင်နိုင်တဲ့အန္တရာယ်တွေကနေ ကာကွယ်ပေးသလို ခိုင်မာတဲ့ မိသားစုသံယောဇဉ်ကိုလည်း တည်ဆောက်ပြီးသား ဖြစ်စေတာပါ။ ဒါကြောင့် အခုနှစ်သင်္ကြန်မှာ ဘေးကင်းပျော်ရွှင်စွာနဲ့ ဒီဆောင်းပါးလေးဖတ်ပြီး အိမ်မှာတင် အမှတ်တရကောင်းလေးတွေ ဖန်တီးလိုက်ကြဦးနော်။
Comments