
ချို၊ ချဥ်၊ ငန်၊ ခါး ခံစားမှုမျိုးစုံပေးတဲ့ အာရှရဲ့ အစားအစာတိုင်းဟာ ရာစုနှစ်ပေါင်းများစွာ မျိုးဆက်အလိုက် လက်ဆင့်ကမ်း ထိန်းသိမ်းလာတဲ့ ချက်ပြုတ်နည်းတွေနဲ့ အခြေခံဖန်တီးထားတဲ့အပြင် စားလိုက်တိုင်းမှာ အရသာတွေကို ဟန်ချက်ညီအောင် ပေါင်းစပ်ထားနိုင်လွန်းလှပါတယ်။ နိုင်ငံတိုင်းမှာလည်း ကိုယ်စားပြုဟင်းလျာကိုယ်စီကို ပတ်ဝန်းကျင်မှာ ရရှိတဲ့ သဘာဝ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အရသာအမျိုးမျိုးကို မျှတအောင် ပေါင်းစပ်ချက်ပြုတ်တတ်ကြတာမို့ အာရှအစားအစာတွေကို မကြိုက်တဲ့သူ မရှိသူနီးပါးပါပဲ။ ဒီလိုစစ်မှန်တဲ့ အရသာတွေနဲ့ ထူးခြားတဲ့ ချက်ပြုတ်နည်းတွေအကြောင်းကို ထုံထုံစပ်စပ်မာလာအစားအစာတွေကနေ အရသာလေးနက်ပြည့်စုံတဲ့ မြန်မာအစားအစာတွေက တစ်မျိုး၊ ချဥ်ချဥ်စပ်စပ် ကိုရီးယားအစားအစာတွေက တစ်ဖုံ၊ နိုင်ငံအလိုက် အရသာဖန်တီးမှုအမျိုးမျိုးကို လေ့လာကြည့်ရအောင် ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်လိုက်နော်။

ပူစပ်ထုံကျဥ်တဲ့ အစပ်အရသာတွေ
နိုင်ငံအလိုက် အစားအစာအမျိုးမျိုး၊ အရသာအမျိုးမျိုး စားကြရာမှာ အစပ်အရသာကတော့ တော်တော်များများ အကြိုက်တွေ့ဆုံးနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြတဲ့ အရသာတစ်မျိုးပါ။ ဒါကြောင့် စားလိုက်တဲ့အခါတိုင်း လျှာပေါ်မှာ စူးရှပွင့်ထွက်သွားစေမဲ့ ထိုင်းအစားအစာတွေရဲ့ အစပ်အရသာနဲ့ ထုံထုံစပ်စပ်ဖြစ်ပြီး ခံတွင်းတွေ့စေတဲ့ တရုတ်စီချွမ်ရိုးရာ အစပ်အရသာတွေကတော့ ထူးခြားကွဲပြားစွာနဲ့ လူကြိုက်များလှတဲ့ အာရှအစားအစာတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ပါဝင်ပစ္စည်းတွေကို ကြည့်မယ်ဆိုလည်း
- ထိုင်းအစားအစာတွေမှာ အဓိကအားဖြင့် ငရုတ်သီးစိမ်းတွေကနေ အစပ်ဓာတ်ရအောင် လုပ်ထားတာမလို့ လတ်လတ်ဆတ်ဆတ်ဖြစ်ပြီး ချဥ်တဲ့အရသာလေးပါ တွဲဖက်စားလိုက်ရင် လူကို လန်းဆန်းသွားစေပါတယ်။
- တရုတ်စီချွမ် အစားအစာတွေမှာတော့ စီချွမ်ငရုတ်ကောင်းစေ့ကနေ ထုံထုံကျဥ်ကျဥ်အရသာနဲ့ စားချင်စိတ်ကို လှုံ့ဆော်ပေးပြီး မွှေးကြိုင်တဲ့ မာလာအရသာနဲ့ ပေါင်းစပ်စားတတ်ကြပါတယ်။

ဟန်ချက်ညီတဲ့ Umami အရသာတွေ
စားသမျှ ဟင်းလျာတွေကို အရသာတစ်ဆင့်မြှင့်သွားအောင် သဘာဝပစ္စည်းတွေနဲ့ ပံ့ပိုးပေးတတ်တဲ့ Umamiအရသာလို့ ပြောလိုက်ရင် တော်တော်များများနဲ့ မစိမ်းနေလောက်တော့ပါဘူးနော်။ ဒီအရသာကို ငါးနဲ့ ပြုလုပ်တဲ့ ဟင်းခတ်ပစ္စည်းတွေ၊ ပဲငပိ၊ ကင်ချီစတဲ့ အချဥ်ဖောက်အစားအစာတွေကနေ လေးနက်ပြည့်စုံတဲ့ အရသာကို ခံစားမိကြမှာပါ။ အထူးသဖြင့်
- ဂျပန်အစားအစာတွေမှာ Umami အရသာရအောင်လို့ ပါဝင်ပစ္စည်းတွေမှာ ပင်လယ်ရေညှိ (Kombu) နဲ့ ငါးခြောက်ဖတ် (Katsuobushi) တို့ကို အဓိကပေါင်းစပ်ပြီး ဟင်းရည်အဖြစ်နဲ့ ရောစပ်စားတတ်ကြပါတယ်။
- ကိုရီးယားအစားအစာတွေမှာဆို ပဲငပိနဲ့ ကင်မ်ချီ စတဲ့ အချဥ်ဖောက်အစားအစားတွေကနေ အာဟာရနဲ့ ပြည့်စုံတဲ့ အရသာတွေကို ဖန်တီးစားတတ်ကြတာပါ။

မွှေးကြိုင်တဲ့ရနံ့နဲ့ နက်ရှိုင်းတဲ့အရသာတွေ
စားချင်စဖွယ်ဖြစ်စေတဲ့ ဟင်းခတ်အမွှေးအကြိုင်အနံ့တွေနဲ့ လေးနက်ပြည့်စုံတဲ့အရသာကို ပေးစွမ်းနိုင်တဲ့ အာရှအစားအစာတွေထဲ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံက အစားအစာတွေကို ဖယ်ထားလို့ မဖြစ်ပြန်ပါဘူး။ ဒီလိုအစားအစာတွေမှာ ဟင်းစချက်တဲ့အချိန်ကစပြီး နောက်ဆုံးပြင်ဆင်စားသောက်တဲ့အချိန်ထိ ဟင်းခတ်အမွှေးအကြိုင်တွေကို အဆင့်ဆင့် ဆီသတ်ချက်ပြုတ်ရတာကြောင့် အသေးစိတ်လည်းကျပြီး အရသာမှာလည်း ထိပ်တန်းပါပဲ။
အဓိကအားဖြင့် တော်တော်များများနှစ်ခြိုက်စွာ စားတတ်ကြတဲ့ အိန္ဒိယအစားအစာတွေမှာဆို ဇီယာ၊ နနွင်း၊ နံနံစေ့တို့ကို တစ်ဆင့်စီ ဆီသတ်ပြီးမှ ဟင်းချက်စားတာကြောင့် Earthyဖြစ်တဲ့ အရသာကို ပေးစွမ်းကာ စားသမျှ စားမြိန်စေတော့တာပါပဲ။

စူးရှတဲ့ ခံတွင်းတွေ့စရာ အရသာတွေ
ချဥ်ချဥ်စပ်စပ်နဲ့ အစားအစာတွေက ခံတွင်းတွေ့အောင် ဖန်တီးပေးတဲ့ ဒီအရသာကလည်း မန်ကျည်းသီးမှည့်၊ သံပရာသီး၊ ရှာလကာရည်နဲ့ အချဉ်ဖောက်ထားတဲ့ တခြား အသီးအရွက်တွေကနေပဲ ရရှိတာ ဖြစ်ပါတယ်။ ဒီအရသာတွေက အစားအစာတွေကို လတ်ဆတ်စေတဲ့အပြင် အဆီဓာတ်တွေကို လျော့ချပေးလို့ အာရှအစားအစာတွေမှာတင် မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတချို့မှာလည်း အသုံးပြု စားတတ်ကြပါတယ်။
- မြန်မာအစားအစာတွေမှာဆို လက်ဖက်သုပ်စတဲ့ လက်သုပ်မျိုးစုံရဲ့ ချဥ်ချဥ်စပ်စပ်နဲ့ ခံတွင်းမြိန်စေတဲ့ အစားအစာတွေ ပါဝင်ပြီး
- ထိုင်းအစားအစာတွေမှာလည်း လတ်ဆတ်ပြီး စူးရှတဲ့ အချဥ်အရသာကို ပေးတဲ့ သံပရာသီးကို အသုံးပြုပြီး တုံယမ်းဟင်းရည်ကိုလည်း နှစ်ခြိုက်စွာ ဖန်တီးစားတတ်ကြပါတယ်။
အခုလို စစ်မှန်ပြည့်စုံတဲ့ အာရှနိုင်ငံတွေရဲ့ အရသာအမျိုးမျိုးနဲ့ ချက်ပြုတ်နည်းပုံစံတွေကို သိရှိသွားပြီဆိုတော့ ပါဝင်ပစ္စည်းတွေကို marketplace ရဲ့ Asian Fair မှာ ဝယ်ယူစုဆောင်းပြီး စားချင်စဖွယ်ကောင်းတဲ့ ဟင်းလျာမျိုးစုံကို တူတူ ဖန်တီးကြည့်လိုက်ရအောင်။
Comments