ငယ်စဥ်ကတည်းက မျှဝေပေးကမ်းတတ်ခြင်းရဲ့ အကျိုးကျေးဇူးများ

Posted in မိဘအုပ်ထိန်းခြင်း


နှစ်နှစ် သို့ သုံးနှစ်အရွယ်ကလေးတွေမှာ ကစားစရာတစ်ခုကို လက်ကမချဘဲ တင်းတင်းကျပ်ကျပ်ကိုင်ပြီး ဘယ်သူ့ကိုမှ မပေးချင်တာ၊ ဘယ်နေရာမှာမှ မထားခဲ့ချင်တာမျိုး မိဘတွေ ကြုံဖူးကြမှာပါ။ ဒါက သင်ပြ ဖျောင်းဖျဖို့ခက်တဲ့ လက္ခဏာတစ်ခုဖြစ်တာမို့ မျှဝေပေးကမ်းတတ်ခြင်းကို အစောပိုင်း အသက်အပိုင်းအခြားတွေက စပြီး စိတ်ရှည်ရှည်နဲ့ သေချာလေ့ကျင့် သင်ပြထားသင့်တာပါ။ ဒီလိုသင်ပေးထားက ကလေးကိုယ်တိုင် ကြင်နာတတ်ပြီး စိတ်သဘာထားပြည့်ဝမှုကို ဖော်ကျူးရာရောက်တာမို့ ရေရှည်မှာလည်း အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်တာပါ။ ဒီလို အခြေခံ လူမှုရေးဆိုင်ရာ ကောင်းမွန်တဲ့ အလေ့အကျင့်ဖြစ်တဲ့ “Sharing is Caring” ဆိုတာက ကလေးငယ်ကတည်းက သူ့ရဲ့နေ့စဥ် လုပ်ငန်းဆောင်တာတွေမှာ သင်ကြားပေးထားတာက အခုလို အကျိုးကျေးဇူးကောင်းတွေကို ရေရှည်မှာ စံစားခံစားရမှာ ဖြစ်ပါတယ်။

စိတ်ခံစားမှုနဲ့ဆိုင်တဲ့ ဉာဏ်ရည်ကို မြှင့်တင်ပေးခြင်း

မျှဝေတတ်တာဟာ ကမ္ဘာကြီးကို တခြားသူရဲ့အမြင်ကနေ မြင်တတ်အောင် သင်ကြားပေးတဲ့ လက်တွေ့သင်ခန်းစာတစ်ခုပါပဲ။ ကလေးတစ်ယောက်က သူရဲ့ခံတဲလေးဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်ကို မျှဝေလိုက်တယ်ဆို အဲ့သူငယ်ချင်းရဲ့ ပျော်ရွှင်မှုကို မြင်ရတဲ့အခါ သူတို့လုပ်လိုက်တဲ့ ကောင်းတဲ့လုပ်ရပ်တစ်ခုကြောင့် သူများအပေါ်မှာ ပျော်ရွှင်သွားတဲ့ခံစားချက်ကို ချိတ်ဆက်မြင်စေပါတယ်။ ဒီအတွေ့အကြုံက စာနာတတ်တဲ့အလေ့အကျင့်ကို အစပျိုးနိုင်ပြီး သူတစ်ပါးခံစားချက်ကို နားလည်ကာ မျှဝေနိုင်စွမ်းကို တိုးတက်စေတာပါ။ နောက်ပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလို့ ပြောလို့ရတဲ့ ဥပမာ ပစ္စည်းတစ်ခုခုဖြစ်ဖြစ် သူ့အတွက်ခံစားခွင့် တစ်ခုခုဖြစ်ဖြစ် မရရှိနိုင်သေးတဲ့အခါ စောင့်ဆိုင်းတတ်ဖို့တွေပါ သင်ယူရရှိနိုင်တဲ့ ဘဝသင်ခန်းစာကောင်းတွေ သိမြင်နိုင်မှာ ဖြစ်ပါတယ်။

အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်လာခြင်း

ကျောင်းနေအရွယ်ကနေ လုပ်ငန်းခွင်ဝင်ရတဲ့ အရွယ်တွေအထိ အောင်မြင်တိုးတက်နိုင်ဖို့ဆိုတာ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အရည်အချင်းမရှိလို့ အဆင်မပြေနိုင်ပါဘူး။ Puzzle တစ်ခုလို လူအများနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အပြန်အလှန်အကျိုးရှိစေတဲ့ ပန်းတိုင်တစ်ခု ရှိဖို့ လိုတာပါ။ ဒါကြောင့် အတူတကွလုပ်ဆောင်တာက တစ်ယောက်တည်းလုပ်ကိုင်တာထက် အမြဲတမ်းသာလွန်နေပြီး ရလာဒ်ကောင်းတွေ ရစေနိုင်တာပါ။ နောက်ပြီး ဒီလိုညှိယူလုပ်ကိုင်ရတဲ့အတွက် ကိုယ်လိုချင်တဲ့အတိုင်းချည်းပဲ မရနိုင်ဘူးဆိုတာ သိရှိပြီး ပြောင်းလွယ်ပြင်လွယ် ရှိလာစေဖို့ အများကြီးသင်ကြားပေးသွားပါတယ်။

ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်လာခြင်း

မျှဝေကြတဲ့အခါတွေမှာ ထင်သလောက် မရိုးရှင်းပဲ ပဋိပက္ခလေးတွေ ရှိတတ်တာ သဘာဝပါပဲ။ ဥပမာ ကလေးနှစ်ယောက်က အရုပ်တစ်ခုကို တစ်ပြိုင်တည်း လိုချင်နေတာမျိုးပေါ့။ ဒီလိုအခြေအနေမှာ ညှိနှိုင်းမှုလုပ်နိုင်ပြီး အပြုသဘောဆောင်စွာ ကျော်ဖြတ်နိုင်တာဟာ အသိအမြင်ပိုင်းဆိုင်ရာ စွမ်းရည်ကို တည်ဆောက်ပေးသွားတာပါ။ ရန်လိုတဲ့ စကားတွေအစား တစ်ယောက်တစ်လှည့်စီ ကစားရအောင်၊ လဲလှယ်ကစားရအောင် စသဖြင့် ညှိနှိုင်းတတ်တဲ့ အပြုအမူကို ဒီလိုအခြေအနေတွေမှာ အသုံးပြုလာတတ်ကြပါတယ်။ ဒီလို တစ်လှည့်စီ ဘယ်နှမိနစ်စီ သတ်သတ်မှတ်မှတ် ကစားကြတာမို့ သည်းခံတတ်ခြင်းနဲ့ အချိန်စီမံခန့်ခွဲတတ်မှုတွေပါ တန်ဖိုးထားနားလည်စေမှာပါ။

လူမှုဆက်ဆံရေး ကောင်းလာစေခြင်း

ငယ်ရွယ်တဲ့ကလေးတွေကြားထဲမှာတောင် မျှဝေ မပေးကမ်းချင်တဲ့ ကလေးနဲ့ မကစားလိုကြပါဘူး။ လွတ်လွတ်လပ်လပ်နဲ့ ချစ်ချစ်ခင်ခင် မျှဝေကစားကြတဲ့ ကလေးတွေကို သူတို့နဲ့ရွယ်တူလေးတွေက မြန်မြန်ဆန်ဆန်ပဲ လက်ခံတတ်ကြတာကြောင့် တူတူကစားဖို့ လာခေါ်တာကနေ လူမှုဆက်ဆံရေး ကောင်းတဲ့သူလေးအဖြစ် ရှိနေတော့တာပါပဲ။ ဒီကနေ အပြန်အလှန် မိတ်ဖွဲ့ရင်း "ဒီနေ့ နင့်ကို ငါ့ကစားစရာတွေ မျှဝေရင် မနက်ဖြန် ငါ့ကို နင့်ကစားစရာတွေ မျှဝေပေးဖို့ ပြောတာ" စသဖြင့် ခိုင်မာတဲ့ ဆက်ဆံရေးတွေပါ တည်ဆောက်နိုင်ကြတာ တွေ့ရမှာပါ။

ဒီလိုအကျိုးကျေးဇူးတွေအပြင် မျှဝေပေးကမ်းတတ်တာဟာ ကလေးတစ်ယောက်ရဲ့ စိတ်နေသဘောထားကို ပုံဖော်ပေးပြီး ဒီလိုပေးကမ်းလိုက်ရခြင်းရဲ့ ပျော်ရွှင်မှုကို သူလည်း ထပ်တူရရှိတဲ့အပြင် သူတစ်ပါးကို ကိုယ့်ကို ပေးကမ်းတဲ့အခါမှာလည်း ကျေးဇူးသိတတ်မှုကို ပြန်လည်ဖော်ပြတတ်ကြပါသေးတယ်။ ဒီအလေ့အကျင့်လေးက လူမှုဘဝမှာ ကြုံလာတတ်တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတစ်ခုကို တည်ဆောက်ပေးနေတာကြောင့် ကြင်နာတတ်ပြီး လူတိုင်းနဲ့ လိုက်လျောညီထွေရှိတဲ့ အရွယ်ရောက်သူတစ်ဥ◌ီး အဖြစ် ပြောင်းလဲပေးသွားမှာ အမှန်ပါပဲ။


Share

Comments

Related Posts