
ကြက်ကြော်နဲ့ ကိုလာ၊ အာလူးချောင်းကြော်နဲ့ ဘာဂါ၊ ပီဇာ၊ ဘာဘယ်တီး အစရှိတဲ့ အသင့်အစားအစာ (Fast Food) တွေ ကို နေ့တိုင်း မစားရမနေနိုင်တဲ့ သူတွေ ရှိကြလား။ ယနေ့ခေတ်ရဲ့ စားသုံးမှုရေစီးကြောင်းအရ Fast Food တွေကို နေ့စဥ်မဟုတ်တောင် မကြာမကြာ စားဖြစ်ကြပါတယ်။ မကြာခဏလည်း “ပီဇာလေးစားချင်လိုက်တာ၊ Hot Dog လေး ဝယ်စားဦးမှ” စသဖြင့် တောင့်တတတ်ကြပါတယ်။ ဒီလိုစားချင်တောင့်တရုံနဲ့တော့ စွဲလမ်းနေတာလို့ ပြောလို့မရပေမယ့် စိတ်ကတောင့်တတိုင်း ဖြည့်ဆည်းပြီး ထပ်ခါထပ်ခါ စားနေတယ်ဆိုရင်တော့ သင် Fast Food စွဲလမ်းနေပါပြီ။

ဘာကြောင့်စွဲလမ်းနေရတာလဲ
သကြား၊ ဆားနဲ့ ဆီ များများ၊ အရသာပြင်းပြင်းနဲ့ အဆင့်ဆင့် ပြုပြင်ထားတဲ့ အစားအသောက်တွေက တော်ရုံ စားတာနဲ့ မတင်းတိမ်ဘဲ ဗိုက်ဝသွားရင်တောင် စားပြီးရင်းစားချင် ဖြစ်နေအောင် လှုံ့ဆော်နေပါတယ်။ အရက် ဘီယာနဲ့ အခြားသောမူးယစ်ဆေးတွေလို chemical တွေကြောင့် စွဲလမ်းစေတာမျိုး မဟုတ်ပေမယ့် အရသာ ကောင်းတာ၊ စားရလွယ်တာ နဲ့ ဦးနှောက်ရဲ့ reward system တွေပေါ်ကို သက်ရောက်မှု ရှိစေတာတွေ ကြောင့် Fast Food ကို လူတွေ စွဲလမ်းနေရတာပါ။ စွဲလမ်းနေတော့ဘာဖြစ်သလဲ၊ ဒါလည်း ဗိုက်ဝတာပဲရယ် လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုစွဲလမ်းခြင်းမှာ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ထိခိုက်မှုတွေ ရှိနေပါတယ်။
စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ
Fast Food တွေ ဆိုတာ စားလို့ကောင်းအရသာရှိတာ၊ စားရလွယ်ကူ၊ သယ်ရလွယ်ကူတာတွေကြောင့် စားပြီးရင်း စားချင် ဖြစ်လို့နေပါတယ်။ စိတ်ဓာတ်ကျ၊ စိတ်ညစ်၊ စိတ်ဖိစီးတဲ့အခါ အစားပိုစားကြတဲ့ အလေ့အထရှိသူတွေ Fast Food စားကြတဲ့အခါ ရပ်လို့မရဘဲ နေ့စဥ်ဆက်တိုက် စားချင်၊ စားနေမိတာမျိုး ဖြစ်လာကြပါတယ်။ စိတ်ဖိစီးမှုကို မှန်ကန်တဲ့နည်းလမ်းနဲ့ မဖြေဖျောက်နိုင်တော့ဘဲ Fast Food စားခြင်းသာလျှင် စိတ်ထွက်ပေါက်ရယ်လို့ ဖြစ်လာတတ်ပါတယ်။ ဒီလိုနဲ့ စိတ်ဖိစီးလို့ စား၊ ထပ်ပြီး စိတ်မပျော်၊ ထပ်စားနဲ့ သံသရာလည်နေပြီး အမှန်တကယ် စိတ်ကျန်းမာမှုနဲ့ အလှမ်းဝေးလာမှာပါ။

ကျန်းမာရေးဆိုးကျိုးများ
အစာစားတယ်ဆိုတာ ဗိုက်ဝစေဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို အကျိုးပြုနိုင်တဲ့ လုံလောက်တဲ့ အာဟာရဓာတ် ပြည့်ပြည့်ဝဝ ရရှိဖို့ လိုအပ်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ Fast Food တွေကမှာ သကြား ဓာတ်၊ အငံဓာတ်နဲ့ ပြည့်ဝဆီနဲ့ တာရှည်ခံပစ္စည်းတွေ များစွာပါဝင်နေပြီး အဓိကလိုအပ်တဲ့၊ အကျိုးရှိတဲ့ အာဟာရဓာတ်ပါဝင်မှု အလွန်နည်းပါးပါတယ်။ ဒီလိုအစားအစာတွေ အစားများလာတဲ့အခါ၊ (သို့မဟုတ်) လူနေမှုပုံစံ ကြောင့် Fast Food တွေ နေ့စဥ် ရေရှည်စားသုံးမိတဲ့အခါ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာမှာပါ။ သွေးတိုး၊ ဆီးချို၊ အဝလွန်တာကစလို့ အစာခြေစနစ်တွေ ချို့ယွင်းလာတာ၊ ကိုယ်ခံအားနည်းပြီး ရောဂါဝင်လွယ်လာတာ၊ ဓာတ်မတည့်မှုတွေနဲ့ နှလုံးရောဂါကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေအထိ ဖြစ်ပွားနိုင်ပါတယ်။
ဘယ်လို လျော့ချ ဖြတ်တောက်ကြမလဲ
Fast Food စားသုံးမှုကို လျော့ချဖို့ဆို သူတို့ရဲ့ ကျန်းမာရေးဆိုးကျိုးတွေကို သိထားဖို့က အခြေခံ အချက်ပါပဲ။ ဘာကြောင့် အလွန်အကျွံစားနေမိတာလဲ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါ။ ပျင်းလို့လား၊ စိတ်ဖိစီးနေလို့လား၊ အလွယ်ရနေလို့လား၊ သူများစားလို့ လိုက် စားနေတာလား စသဖြင့်ပေါ့။ အကြောင်းရင်းကိုသိရင် အဖြေရှာရလွယ်သွားပါပြီ။ အကျင့်ပါနေတဲ့ စားသုံးမှုကို ချက်ချင်းဖြတ်တောက်ဖို့ မလွယ်ပေမယ့် “ငါ ဒီနေ့တော့ Fast Food မစားဘူး၊ ဒီတစ်ပတ်တော့ တစ်ကြိမ်ပဲ စားမယ်” စသဖြင့် စိတ်ပိုင်းဖြတ်ပြီး ပန်းတိုင်အသေးလေးတွေ ထားကာ တစ်ဖြေးဖြေးချင်း သွားကြရအောင်။
ကြော်ငြာတွေနဲ့ ခေတ်ရေစီးကြောင်း အစားသောက်ယဥ်ကျေးမှုမှာ ဒီလိုအသင့်စားတွေက အများအပြား နေရာယူထားကြပါတယ်။ အရသာထိမိပြီး စားရလွယ်ကူတဲ့ Fast Food တွေကို တစ်ခါတစ်ရံစားသုံးတာက အဆင်ပြေပေမယ့် ရေရှည်မှာတော့ ဆိုးကျိုးများစွာရှိတယ်ဆိုတာ သတိပြုမိဖို့ လိုပါတယ်။ ခန္ဓာကိုယ်အတွက် အမှန်တကယ် အကျိုးရှိတဲ့ အစားအစာတွေကို စားသုံးမှာသာ အာဟာရပြည့်ဝပြီး ကျန်မာရေးကောင်းမွန်မှာ အမှန်ပါပဲ။
Comments