ဟင်းမချက်ခင် အသားစိမ်းတွေကို အခုလို စနစ်တကျ ပြင်ဆင်လိုက်ပါ

Posted in အစားအစာ


နေ့ရက်တိုင်းမှာ မိသားစုဝင်တွေအားလုံးအတွက် အားအင်ဖြစ်အောင်နဲ့ အာဟာရဖြစ်အောင် ချက်ပြုတ်ပြင်ဆင်ကြမှာ အသားဟင်း ၁ပွဲကတော့ အနည်းဆုံးပါနေအောင် အိမ်ရှင်မတို့ ပြင်ဆင်လေ့ရှိကြမှာပါ။ ဒီလို အသားဟင်းတွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါ အရသာရှိအောင်၊ အသား အကျက်ညီအောင် ချက်နိုင်ဖို့က အရေးကြီးပေမဲ့ မချက်ခင် အသားစိမ်းကို ဝယ်ယူ၊ သိမ်းဆည်း၊ ကိုင်တွယ်တဲ့ အဆင့်ဆင့်မှာလည်း ကျန်းမာ‌ရေးအရ မဖြစ်မနေသိထားသင့်တဲ့ အချက်တွေကိုလည်း သေချာပေါက် လုပ်ဆောင်ပေးသင့်ပါတယ်။ ဘာကြောင့်ဆို ဒီလို သားစိမ်း၊ ငါးစိမ်းတွေကို စနစ်တကျကိုင်တွယ်ပြင်ဆင်ထားနိုင်မှ အစားအစာတွေက တစ်ဆင့် ဖြစ်ပွားတတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပြီး ကိုယ်ချက်ပြုတ်လိုက်တဲ့ အစားအစာကောင်းတွေကို မိသားစုဝင်တွေ သန့်သန့်ရှင်းရှင်းနဲ့ အရသာရှိရှိ စားသုံးနိုင်မှာပါ။ ဒါကြောင့် ဒီတစ်ခေါက် ဆောင်းပါးလေးမှာတော့ အသားဟင်းတွေ ချက်ပြုတ်ပြင်ဆင်တဲ့အခါ မှန်ကန်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ကောင်းတွေနဲ့ အသား ကိုင်တွယ်ပုံနည်းလမ်းတွေကို တစ်ချက်ချင်း ဖော်ပြလိုက်ပါရစေ။

အသားစိမ်းကို ရေနဲ့ မဆေးကြောပါနဲ့

စျေးက ဝယ်လာတဲ့ ဝက်သား၊ အမဲသား စတဲ့ အသားစိမ်းတွေကို ပိုးသေအောင်ဆိုပြီး ရေဆေးတာ၊ ရေစိမ်တာတွေ လုပ်တာက မှားယွင်းနေတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ ဒီလိုဆေးကြောတာက အသားစိမ်းတွေကနေ ရေတွေစင်ပြီး ဘက်တီးရီးယားပိုးမွှားတွေက ပန်းကန်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ စားပွဲစင်တွေပေါ် ပျံ့နှံ့စေတယ်လို့ USDA ရဲ့ ဆောင်းပါးတစ်ခုမှာ ဖတ်ရှုနိုင်တာပါ။ ဒါကြောင့် အသားကို ရေဆေးတာမျိုးမလုပ်ဘဲ စက္ကူ၊ ပဝါ အသန့်တွေနဲ့ အသားပေါ်မှာရှိတဲ့ အရည်တွေကို အသာအယာသုတ်ပေးရုံပါပဲ။ ပြီးမှ အသားကို အပူချိန်မှန်မှန်နဲ့ အချိန်ပေး ချက်ပြုတ်မှသာ ပိုးမွှားကင်းစင်စေမှာ ဖြစ်ပါတယ်။

အေးခဲအသားတွေကို မှန်ကန်စွာ အရည်ပျော်စေပါ

တစ်ပတ်စာ အသားစိမ်းတွေဝယ်လာပြီး ရေခဲသေတ္တာခဲတဲ့ထဲ ထားတဲ့အခါ ချက်ဖို့လိုလာပြီဆို ထုတ်ပြီး ပုံမှန်အခန်းအပူချိန်မှာပဲ ထားထားလေ့ရှိကြမှာပါ။ ခဲနေတာကို ဒီလိုပုံစံမျိုး အရည်ပျော်စေတာက ဘက်တီးရီးယားပိုးမွှားတွေ မြန်မြန်ဆန်ဆန်ပေါက်ပွားအောင် အားပေးသလိုဖြစ်နေပြီး ကျန်းမာရေးအတွက် မကောင်းစေပါဘူး။ ချက်ခါနီးမှ ရေခဲသေတ္တာအခဲခန်းထဲက ထုတ်တာထက် ရေခဲသေတ္တာရဲ့ ပုံမှန် Shelves တွေမှာပဲ ချက်ခါနီး တစ်ရက်လောက်မှာ ပြောင်းရွေ့ထားသင့်ပါတယ်။ ဒီနည်းလမ်းက အသင့်တော်ဆုံးပေမဲ့ တစ်ခါတလေ အချိန်မရတာမျိုး ဖြစ်နိုင်တာကြောင့် ခဲနေတဲ့ အသားစိမ်းကို အိတ်တစ်အိတ်နဲ့ လုံအောင်ထုပ်ပြီး ရေအေးထဲမှာ စိမ်ထားတာ သို့ Microwave နဲ့ အရည်ပျော်အောင် (Defrost) လုပ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

သန့်သန့်ရှင်းရှင်း ကိုင်တွယ်ပါ

ပိုးမွှားတွေ အများအပြားရှိနေနိုင်တဲ့ အသားစိမ်းတွေကို ကိုင်တွယ်ရာမှာ သူ့ကို သီးသန့်ကိုင်တွယ်မဲ့ ဓားတွေ၊ စဥ့်နီတုံးတွေကို သန့်သန့်ရှင်းရှင်း ခွဲသုံးမှသာ ပိုးမွှားကူးစက်မှုတွေ မဖြစ်စေမှာပါ။ အထူးသဖြင့် အသီးအရွက်တွေအတွက် သုံးတဲ့ စဥ့်နီတုံးနဲ့ အသားစိမ်းတွေအတွက် သုံးတဲ့ စဥ့်နီတုံးတွေကို မရောစေဘဲ သီးသန့်ထားဖို့ အရေးကြီးပါတယ်။ အသားစိမ်းကိုင်တွယ်ပြီးပြီဆို ထိတွေ့မိတဲ့ ဓား၊ Cutting Board နဲ့ စားပွဲခုံတွေကိုလည်း ပိုးသတ်ဆေး သို့ ရေနွေးနဲ့ သေသေချာချာ ဆေးကြောသန့်စင်ပေးပါ။ ပြီးတော့ အသားကို ပြင်ဆင်ပြီးတာနဲ့ လက်ကိုလည်း ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောရပါမယ်။

ညီညီမျှမျှ လှီးဖြတ်ပြင်ဆင်ပါ

အသားဟင်းတွေ ချက်ရာမှာ အသားတုံးတွေအားလုံး တစ်ချိန်တည်း အကျက်မြန်စေဖို့အတွက် မလိုအပ်တဲ့ အဆီတွေ၊ အရွတ်တွေကို ဖယ်ရှားသင့်ပါတယ်။ ဓားထက်ထက်နဲ့ အသားတွေကို အတုံးတုံးပြီး အထူအပါး ညီနေအောင် ပြင်ဆင်ထားတာကလည်း အသားက တစ်ဖက်ကကျက်ပြီး တစ်ဖက်ကမကျက်တာမျိုးတွေ မဖြစ်စေအောင် ကာကွယ်ပေးမှာပါ။ ပြီးတော့ ဟင်းလျာကို ပိုအရသာဝင်စေပြီး ချက်ပြုတ်ရာမှာ အညီအမျှ အသားကျက်စေမှာဖြစ်လို့ အချိန်ကုန်လည်း သက်သာစေမှာ ဖြစ်ပါတယ်။

အရသာရှိပြီး သန့်ရှင်းကောင်းမွန်တဲ့ ဟင်းလျာတွေဟာ မှန်ကန်တဲ့ ပြင်ဆင်ချက်ပြုတ်နည်းလမ်းတွေမှာပဲ အခြေပြုထားတာဖြစ်ပါတယ်။ အပေါ်မှာ ပြောပြသွားတဲ့နည်းလမ်းတွေ လုပ်ဆောင်ရင်း မီးဖိုချောင်အတွင်း ဘက်တီးရီးယားပိုးမွှားတွေ ကူးစက်တာတွေ မဖြစ်စေဘဲ ဘေးကင်းလုံခြုံတဲ့ ပြင်ဆင်စားသောက်မှု ပုံစံကောင်းတွေကို အတူတူသုံးစွဲကြရအောင်ပါ။ 


Share

Comments

Related Posts