သွေးလွန်တုပ်ကွေးက ဘာကြောင့်ကလေးတွေမှာ ပိုဖြစ်ကြတာလဲ

Posted in မိဘအုပ်ထိန်းခြင်း


မိုးတွင်းရောက်လာပြီဆို ကလေးမိဘတွေကြား အစိုးရိမ်များကြတဲ့ ကျန်းမာရေးပြဿနာတစ်မျိုးကတော့ သွေးလွန်တုပ်ကွေးရောဂါပါပဲ။ ခုခံအားစနစ် ဖွံ့ဖြိုးဆဲဖြစ်တဲ့ ကလေးငယ်တွေမှာ အခုလို ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းက အိမ်နီးချင်းနိုင်ငံတွေနဲ့နည်းတူ မြင့်မားနေဆဲဖြစ်တဲ့အပြင် ရောဂါဖြစ်ပြီဆို စိုးရိမ်ရတဲ့ အခြေအနေထိ ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက် စောစီးစွာ ရောဂါကို သိရှိပြီး ကာကွယ်ထားနိုင်မှ တော်ကာကျမှာမလို့ ဒီရောဂါအကြောင်းနဲ့ တတ်နိုင်သလောက် ကာကွယ်ထားနိုင်မဲ့ နည်းလမ်းတွေကို အတူကြည့်ကြည့်လိုက်ရအောင်။

ပိုအန္တရာယ်များတတ်တဲ့ သွေးလွန်တုပ်ကွေး 

သွေးလွန်တုပ်ကွေးရောဂါက တော်တော်များများသိကြတဲ့အတိုင်း Aedes Mosquito (အစင်းကျားခြင်) ကိုက်ခံရတာကနေ တစ်ဆင့် ကူးစက်တတ်ပါတယ်။ ဒီခြင်တွေက နေ့ဘက်၊ အထူးသဖြင့် နံနက်စောစောနဲ့  ညနေစောင်းအချိန်တွေမှာ ကိုက်လေ့ရှိပြီး အဲ့အချိန်တွေကလည်း ကလေးတွေ ကျောင်းသွား၊ ကျောင်းပြန် သို့မဟုတ် အပြင်ထွက် ဆော့ကစားတဲ့အချိန်တွေနဲ့ ကိုက်ညီနေတတ်တာပါ။ ဒီသွေးလွန်တုပ်ကွေးက လူကြီးတွေဖြစ်ပြီဆို အဆစ်အမြစ် ကိုက်ခဲတဲ့ဝေဒနာကို သိသိသာသာ ခံစားရပေမဲ့ မပြင်းထန်တဲ့ အခြေအနေတွေမှာ ခံနိုင်ရည် ရှိတတ်ကြပါတယ်။ ကလေးငယ်တွေမှာတော့ ခုနကပြောခဲ့သလို ခုခံအားစနစ် သေချာမဖွံ့ဖြိုးတာကြောင့် ရောဂါကို ပြန်တိုက်ဖို့ မလွယ်တာကတစ်ကြောင်း၊ ရိုးရိုးတုပ်ကွေး (Flu)နဲ့လည်း လက္ခဏာချင်း ဆင်တူနေတတ်တာကြောင့် မိဘတွေအနေနဲ့ သတိမထားမိဘဲ မှားယွင်းတတ်တာမလို့ ကလေးတွေမှာ ပိုအန္တရာယ်များရတာ ဖြစ်ပါတယ်။

ဖြစ်လာတတ်တဲ့ လက္ခဏာတွေ

ကလေးက ပုံမှန်အအေးမိ၊ တုပ်ကွေးဖြစ်တယ် ထင်နေပေမဲ့ ဒီလိုလက္ခဏာတွေ ရုတ်တရက်ပြလာတယ်ဆို သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေကို သတိပြုရမှာပါ။

  • ကိုယ်အပူချိန် 40 °C / 104 °F အထိ အပြင်းဖျားပြီး ၂ရက် ကနေ ၇ရက် အထိ ကြာမြင့်နေတာ၊
  • ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာ၊ အထူးသဖြင့် မျက်လုံးအနောက်ဘက်မှာ ကိုက်ခဲနေတာ၊
  • ပျို့အန်တာ၊ အစားအသောက်ပျက်တာ၊ ဗိုက်အရမ်းနာတာ စတဲ့ အစာအိမ်နှင့် အူလမ်းကြောင်း လက္ခဏာတွေပြတာ၊
  • ဖျားပြီး ၃ ရက် သို့မဟုတ် ၄ ရက်မြောက်မှာ အနီကွက်၊ အနီစက်တွေ ထွက်လာတာအပြင် 
  • ကလေးက အင်အားမရှိဘဲ မှိန်းနေတာ သို့မဟုတ် ဂျီကျတာတွေ ဖြစ်တတ်ပါတယ်။

အထူးသဖြင့် တကယ့်တကယ် အရေးကြီးတဲ့ သွေးလွန်တုပ်ကွေးရဲ့ အန္တရာယ်အရှိဆုံးအချိန်က အဖျားကျခါစ အချိန်ဖြစ်ပြီး 

  • ဆက်တိုက် ဗိုက်အောင့်၊ ဗိုက်နာလာတာ
  • သွားဖုံး သို့မဟုတ် နှာခေါင်းကနေ သွေးယိုစီးတာ
  • တစ်ရက်အတွင်း အနည်းဆုံး ၃ကြိမ်နဲ့ အထက် ခဏခဏ အန်တာ
  • မောတာ၊ အသက်ရှူမြန်တာ သို့မဟုတ် အသက်ရှူရခက်ခဲတာ
  • ခြေဖျားလက်ဖျားအေးတာ၊ မှိန်းလွန်းတာ၊ ဂယောင်ခြောက်ခြားဖြစ်တာတွေဆို စိုးရိမ်ရတဲ့ လက္ခဏာတွေ ဖြစ်နိုင်တာကြောင့် 

ဆေးရုံ၊ ဆေးခန်းတွေကို ချက်ချင်း အရေးပေါ် ပို့ဆောင်ရမယ်လို့ Diagnopein ရဲ့ ဆောင်းပါးတစ်ခုမှာလည်း အကြံပြုထားပါတယ်။

ဘယ်လို ကာကွယ်ထားသင့်လဲ

အိမ်တွင်းမှာ ခြင်ပေါက်ဖွားမှု မများလာအောင် ထိန်းချုပ်တာက အကောင်းဆုံးကာကွယ်နည်းဖြစ်တာကြောင့်

  • အိမ်တွင်း၊ အိမ်ပြင်မှာ ရေတင်ကျန်နိုင်တဲ့ နေရာတွေကို ရှင်းလင်းရင်း “ဖုံး၊ သွန်၊ လဲ၊ စစ်" ကို တိတိကျကျ လုပ်ဆောင်ပေးပါ။ 
  • ရေအိုး၊ ရေတိုင်ကီများကို ဖုံးအုပ်ထားပြီး ပန်းအိုးထဲက ရေများကို ၂ ရက်တစ်ကြိမ် လဲလှယ်ပေးပါ။
  • အိမ်ရဲ့ ပြတင်းပေါက်တွေနဲ့ တံခါးတွေမှာ ခြင်လုံဇကာများ တပ်ဆင်ပေးပါ။
  • ကလေးတွေကို အပြင်ထွက်ဆော့ကစားချိန်တွေ၊ ကျောင်းသွားချိန်တွေမှာ လက်ရှည်၊ ဘောင်းဘီရှည်နဲ့ အရောင်ဖျော့တဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးပါ။
  • ၂လ နဲ့အထက် ကလေးတွေအတွက် ဘေးကင်းစိတ်ချရပြီး DEET သို့မဟုတ် Picaridin ပါဝင်တဲ့ ခြင်ပြေးလိမ်းဆေးတွေကို အသုံးပြုပေးပါ။ 

သွေးလွန်တုပ်ကွေးရောဂါဆိုတာဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါဖြစ်တာကြောင့် ဖေဖေမေမေတို့အနေနဲ့ ကိုယ့်အိမ်နဲ့ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားကာ ခြင်အန္တရာယ် ကာကွယ်ပြီး ရောဂါဖြစ်လာခဲ့တယ်ဆိုရင်တောင် လက္ခဏာတွေကို စောစီးစွာ သတိပြုမိမယ်ဆို ကလေးငယ်တွေကို ဘေးကင်းစွာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။


Share

Comments

Related Posts