Terrible Two ကို ဘယ်လိုကိုင်တွယ်ကြမလဲ

Posted in မိဘအုပ်ထိန်းခြင်း


အိမ်မှာ အသက် ၂နှစ်ဝန်းကျင်  သားသားမီးမီးတို့ ရှိမယ်ဆို အခုတလောမှာ ဂျီကျအော်ဟစ်တာ၊ ခေါင်းမာတာ၊ အဖေ၊ အမေ အနားမှာ အခု ကပ်ချွဲနေပြီး နောက်ခဏမှာ ထွက်ပြေးသွားတာ စတဲ့ အမူအကျင့်လေးတွေ ကြုံနေရပြီလား?

ဒါဆိုရင်တော့ ကလေးတွေရဲ့ အသက် ၁ နှစ်ခွဲ ကနေ ၃၊ ၄ နှစ် ဝန်းကျင်မှာ ကြုံတွေ့ရလေ့ရှိတဲ့ ပုံမှန် ဖွံ့ဖြိုးမှု အဆင့်တစ်ခုကို စတင်ကြုံတွေ့လာရပါပြီ။ ဒီလိုကာလမှာ ကလေးငယ်တွေက မိဘတွေကို လုံးဝမှီခိုနေရာကနေ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ရှာဖွေဖို့ ကူးပြောင်းစပြုလာပေမယ့် စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်သေးလို့ စိတ်တို၊ စိတ်ဆတ်ပြီး ဂျီကျတတ်ကြတာပါ။ မိဘတွေအနေနဲ့လည်း အခုလိုဖြစ်တာတွေကြောင့် ပင်ပန်းနိုင်ပေမယ့်လည်း သူတို့လေးတွေရဲ့ အမူအကျင့်လေးတွေကို နားလည်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ သွန်သင်ထိန်းကျောင်းမှုတွေနဲ့သာဆို ဒီလိုကာလတွေကို စိတ်ရှည်ရှည်နဲ့ ‌ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

စိတ်ချလုံခြုံစေပါ

ကလေးတွေ အော်ဟစ် ဂျီကျရတဲ့ အကြောင်းရင်းအများစုက ဆာလောင်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ နေလို့ထိုင်လို့ မကောင်းတာတွေကြောင့် ဖြစ်ပါတယ်။ သူတို့ရဲ့ ထမင်းစားချိန်၊ အိပ်ချိန်နဲ့ တစ်နေ့တာလှုပ်ရှားမှုတွေမှာ မှန်ကန်တဲ့ အချိန်ဇယားတစ်ခု လုပ်ထားပေးတာက ကလေးတွေရဲ့ အမူအကျင့်ဆိုင်ရာတွေမှာ ဖိအားမဖြစ်အောင် စီမံခန့်ခွဲနိုင်မှာပါ။ ဘာကြောင့် သူ့အချိန်နဲ့သူ ပုံမှန်လေးအတိုင်းပဲ ထားသင့်လဲဆိုတော့ ဒီလို လမ်းလျှောက်တတ်ကာစ အရွယ်လေးတွေက ဘာမဆို ခန့်မှန်းရ လွယ်ကူတာကိုပဲ နှစ်သက်ကြပြီး ဒါကပဲ သူတို့ကို လုံခြုံမှု ရှိစေတယ်လို့ ခံစားရစေပါတယ်။ ပြီးတော့ တစ်နေ့တာမှာ သူတို့လုပ်နေကြ စားချိန်၊ အိပ်ချိန်တွေထက် ပိုပြီး နောက်ထပ်ဘာဖြစ်လာမယ်၊ ဘာလုပ်ရမယ် ဆိုတာတွေလည်း စိုးရိမ်ပူပင်စရာ မလိုတော့လို့ပါပဲ။ Mayo Clinic ရဲ့ ဆောင်းပါးတစ်ခုမှာဆို ကလေးတွေ သူတို့ကိုယ် သူတို့ စိတ်ချလုံခြုံတဲ့ ခံစားမှုရအောင် အုပ်ထိန်းသူတွေက ကြိုတင်ပြင်ဆင်ထားမှုနဲ့အတူ စိတ်ရှည်ရှည်နဲ့ ချီးကျူးသင်ကြားပေးတာမျိုးတွေ လုပ်ဆောင်ပေးသင့်တယ်လို့ ဆိုထားပါတယ်။

ခံစားချက်ကို နားလည်ပေးပါ

ဒီလိုအချိန်မှာ သူတို့လေးတွေရဲ့ အမူအကျင့်ဆိုးတွေကို ပြုပြင်ဖို့ မကြိုးစားခင် သူတို့တွေရဲ့ ခံစားချက်တွေကို အသိအမှတ်ပြု၊ နားလည်တယ်ဆိုတဲ့ အကြောင်း ပြသပေးဖို့ အရေးကြီးဆုံးပါ။ ဥပမာ - ကလေးက ဖုန်းကြည့်တာ စွဲလမ်းနေလို့ ဖုန်းသိမ်းဖို့ လိုတဲ့အခါ သူတို့လေးတွေ “ဖုန်းကို ဆက်ပြီး သုံးချင်တာ နားလည်တယ်”၊ “ဒါအတွက် စိတ်မကောင်းဖြစ်တယ်ဆိုတာ ဖေဖေ၊ မေမေတို့ သိပါတယ်”၊ “ဒါပေမယ့် သူတို့ကျန်းမာရေး၊ ကောင်းကျိုးအတွက် လုပ်ရကြောင်း” ပြောပြပေးရမှာပါ၊ ပြီးရင် တခြားရွေးချယ်စရာ တခုခုကို သူတို့ပေးရွေးစေပြီး စိတ်မကောင်းမဖြစ်ရအောင်နဲ့ သူတို့လက်ခံနိုင်အောင် စိတ်ရှည်ရှည် ထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ ဒီလိုရွေးချယ်ရတဲ့ ဆုံးဖြတ်ချက်အသေးလေးတွေအပေါ်မှာ သူတို့ ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ခံစားချက်ကိုလည်း ရရှိစေမှာ ဖြစ်တဲ့အကြောင်း Akron Children မှာ ဖတ်ရှုလေ့လာနိုင်တာပါ။

အာရုံလွှဲပေးပါ

အန္တရာယ်များတဲ့ ပစ္စည်းတစ်ခုခု ကိုင်တွယ်ဆော့ကစားနေလို့ တားလိုက်တဲ့အခါ ကလေးက စပြီး ဂျီကျငိုယိုလာမယ်ဆို တိုက်ရိုက်ဆူပူ ပြောဆိုတာထက် တခြားကို အာရုံလွှဲပေးလိုက်တာ အကောင်းဆုံးပါပဲ။ အပေါ်မှာ ပြောပြသွားသလို တခြားရွေးချယ်စရာ တစ်ခုခုနဲ့ ကလေးကို အာရုံလွှဲပေးလိုက်တာက ဒီပစ္စည်းကို မဆော့ရလို့ စိတ်အလိုမကျ ဖြစ်တာကို လျော့ချပေးပြီး မိဘတွေအနေနဲ့လည်း ကလေးကို အတင်းအကျပ်ပြောဆို သွန်သင်ရင်း စိတ်မရှည်ရတာတွေ မဖြစ်စေတော့ပါဘူး။ ဒါကြောင့် ကလေးရဲ့ အာရုံကို ကိုယ်မလုပ်စေချင်တဲ့ အပြုအမူတစ်ခုကနေ ပြောင်းလဲသွားအောင် စိတ်ဝင်စားစရာကောင်းတဲ့ ကစားစရာတစ်ခုခု၊ Activites တစ်ခုခုကို ချက်ချင်းပြောင်းလဲပေးတာက အကောင်းဆုံးဖြေရှင်းနည်း ဖြစ်စေမှာပါ။

တည်ငြိမ်စွာ ကိုင်တွယ်ပါ

ကလေးတွေ ‌အော်ဟစ်သောင်းကျန်းကြပြီဆို အဓိကကျဆုံးနဲ့ အရေးကြီးဆုံး ချဥ်းကပ်နည်းကတော့ အုပ်ထိန်းသူတွေ ကိုယ်တိုင် တည်တည်ငြိမ်ငြိမ် ရှိနေဖို့ပါပဲ။ ဘာကြောင့်ဆို မိဘကိုယ်တိုင်က အသံကျယ်ကျယ်နဲ့ ဒေါသတကြီး ပြန်လည်တုံ့ပြန်တာက ကလေးရဲ့ အမူအကျင့်ကို ပိုမိုဆိုးရွားစေတာပါ။ မိဘဖြစ်သူ ကိုယ်တိုင် စိတ်ဖိစီးမှုများလွန်းနေရင်လည်း ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ထိန်းညှိပေးဖို့ မဖြစ်နိုင်တာကြောင့် ကိုယ့်ကိုယ် သတိကပ်ရင်း တည်တည်ငြိမ်ငြိမ် ဖြေရှင်းသင့်ပါတယ်။ ဒါကြောင့် အခုလို အခြေအနေမှာ တည်ငြိမ်ဖို့ ခက်ခဲနိုင်ပေမယ့်လည်း ကလေး ဂျီကျတာတွေ ပျောက်သွားတဲ့အထိ ကလေးဘေးမှာ စိတ်ရှည်လက်ရှည်နဲ့ ထိုင်ပေးပြီး တည်ငြိမ်တဲ့ အမူအယာပဲ ပြသပေးရမှာပါ။ သူတို့လေးတွေရဲ့  စိတ်ပြန်လည်တည်ငြိမ်လာဖို့ ရိုးရှင်းတဲ့ စကားလုံးတွေကိုသာ အသုံးပြုရင်း စိတ်လက်အေးဆေးသွားအောင် ဖြောင်းဖြပေးရမှာပဲ ဖြစ်ပါတယ်။

အခုလို ကိုင်တွယ်ရခက်တဲ့ “Terrible Twos” ကာလဆိုတာဟာ ကလေးတွေရဲ့ ဦးနှောက်ကနေ ဒေါသ၊ မနာလိုမှု ဒါမှမဟုတ် ရှက်ရွံ့မှု စတဲ့ စိတ်ခံစားချက်တွေကို ဖော်ပြဖို့ အော်ဟစ်ဂျီကျတာ၊ ငိုယိုသောင်းကျန်းတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ပေါက်ကွဲမှုတွေကို သူတို့ရဲ့ Language အနေနဲ့ အသုံးပြုကြတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ဒီအရွယ်လေးတွေက သူတို့ခံစားရတာတွေကို စကားနဲ့လည်း မဖော်ပြသေးတတ်တာကြောင့် အုပ်ထိန်းသူမိဘတွေအနေနဲ့ အပေါ်မှာ ပြောပြထားတဲ့ အချက်လေးတွေနဲ့ စိတ်ရှည်ရှည် ကိုင်တွယ်ထိန်းကျောင်းမယ်ဆို ကလေးတွေနဲ့ ပျော်ရွှင်စရာ အမှတ်တရကောင်းတွေ ဖန်တီးရင်း ဒီလိုကာလကို ကျော်လွှားနိုင်မှာ အသေအချာပါပဲနော်။


Share

Related Posts