ကလေးငယ်များအတွက် ကျန်းမာမှန်ကန်တဲ့ အိပ်စက်ခြင်းအလေ့အထများ

Posted in မိဘအုပ်ထိန်းခြင်း


ကလေးတွေဟာ အရွယ်ရောက်ပြီးသား လူကြီးတွေထက် အိပ်ချိန် ပိုလိုအပ်ပြီး အသက်အရွယ်အလိုက် အိပ်ချိန်အမျိုးမျိုးလည်း ကွာခြားပြန်ပါသေးတယ်။ ဒီလို ကျန်းမာရေးအတွက် အရေးကြီးတဲ့အိပ်စက်ခြင်းကို ငယ်ရွယ်စဥ်ကတည်းက လူကြီးမိဘတွေက စနစ်တကျ ထိန်းသိမ်းပျိုးထောင်ပေးမှသာ သူတို့လေးတွေရဲ့ ကျန်းမာရေးရော မှန်ကန်တဲ့ ဘဝနေထိုင်မှုအတွက်ပါ အခြေခံကောင်းတစ်ခု ဖြစ်စေမှာပါ။ အိပ်ရေးဝဝ အိပ်စက်တာက ကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုအပြင် သိမြင်နားလည်လွယ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုထိန်းချုပ်နိုင်စွမ်းတွေ အတွက်ပါ အကျိုးကျေးဇူးကောင်းတွေ ရှိလို့နေပါတယ်။ ဒါကြောင့် ကလေးတို့ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း စွမ်းဆောင်ရည် ပြည့်ဝနေဖို့နဲ့ ခုခံအားစနစ်ကောင်းမွန်နေဖို့ ကျန်းမာမှန်ကန်တဲ့ အိပ်စက်ခြင်းအလေ့အထကောင်းတွေကို သိထားရအောင် အဆုံးထိ ဖတ်ကြည့်လိုက်နော်။

အိပ်စက်နည်း အမှန်

ကလေးတွေ အိပ်စက်ချိန်ကောင်းကောင်းရဖို့ဆို ပုံမှန်အိပ်ရာဝင်တဲ့ အချိန် သတ်သတ်မတ်မတ်ရှိဖို့နဲ့ အိပ်ရာမဝင်ခင် ပြုလုပ်နေကြ အလေ့အကျင့်ကောင်းလေးတွေ ရှိဖို့ လိုပါမယ်။ ဘယ်လိုမျိုးလဲဆိုတော့ ရေနွေးနွေးနဲ့ ရေချိုးတာ၊ စာဖတ်ပြတာ၊ အခန်းမီး မှိန်ပေးထားတာတွေက ခန္ဓာကိုယ်က လှုပ်ရှားသွားလာထားတာကနေ အနားယူအိပ်စက်တာကို ကူးပြောင်း အကူအညီပေးပါတယ်။ မအိပ်ခင် ဒီလို အလေ့အထလေးတွေ ပုံမှန်ရှိတာက ကလေးဦးနှောက်မှာ အနားယူဖို့ အချိန်ကျပြီဆိုတဲ့ ခံစားချက်ရရှိပြီး အိပ်ရေးဝဝ အိပ်ပျော်ဖို့ ပိုမိုလွယ်ကူကာ တစ်ရေးနိုးတာတွေလည်း အဖြစ်နည်းစေတာပါ။ ကလေးတွေရဲ့ ကျောင်းပိတ်ရက်တွေမှာတောင် ဒီလိုပုံမှန် အိပ်ချိန်နဲ့ အလေ့အကျင့်တွေ ဆက်လက်ထားရှိတာက ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို မှန်ကန်စေမှာပါ။

အသက်အရွယ်အလိုက် အိပ်စက်ချိန်

ကလေးတွေ ကြီးထွားလာပြီး ဦးနှောက်ဖွံ့ဖြိုးလာတာနဲ့အမျှ အိပ်စက်ချိန် လိုအပ်ချက်တွေကလည်း ပြောင်းလဲလာပါတယ်။ အသက်အရွယ်အလိုက် ကြည့်မယ်ဆို 

  • မွေးကင်းစ ကလေးတွေ (၄လ မှ ၁နှစ်)  -  ၁၂ နာရီ မှ ၁၆ နာရီ
  • လမ်းလျှောက်တတ်ခါစ ကလေးတွေ (၁နှစ်  ၂နှစ်)  -  ၁၁ နာရီ မှ ၁၄ နာရီ
  • မူကြိုအရွယ် ကလေးတွေ (၃နစ် မှ ၅နှစ်)  -  ၁၀ နာရီ မှ ၁၃ နာရီ
  • ကျောင်းတက်အရွယ် ကလေးတွေ (၆နှစ် မှ ၁၂နှစ်)  ၉ နာရီ မှ ၁၁ နာရီ
  • ဆယ်ကျော်သက်အရွယ် ကလေးတွေ (၁၃နှစ် မှ ၁၈နှစ်)  ၈ နာရီ မှ ၁၀ နာရီ စသဖြင့် လိုအပ်တဲ့ အိပ်စက်ချိန် အသီးသီးကို Children’s Health Queensland ရဲ့ ဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒီလိုအိပ်စက်ချိန်အတိုင်း ပြည့်ပြည့်ဝဝ အိပ်မယ်ဆို အာရုံစူးစိုက်မှု ကောင်းမွန်ကာ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ခြင်းတို့နဲ့လည်း ဆက်စပ်အကျိုးရှိစေပါတယ်။

အနှောင့်အယှက်ကင်းဝေးတဲ့ ပတ်ဝန်းကျင်

လူကြီးလူငယ်မရွေး ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ နေရာဆိုတာဟာ တိတ်ဆိတ်ပြီး အလင်းရောင်နည်းကာ အေးမြနေသင့်ပါတယ်။ ဒါ့အပြင် အရေးကြီးဆုံးက အိပ်ရာမဝင်ခင် အနည်းဆုံး ၁နာရီအလိုမှာ ဖုန်းတွေ၊ Tablets တွေ စတဲ့ Electronic ပစ္စည်းတွေကို အိပ်ရာအနား မထားသင့်ပါဘူး။ ဒီလို Screen တွေက ထွက်တဲ့ Blue light တွေက အိပ်စက်ခြင်းကို ဖြစ်စေတဲ့ Melatonin ဟော်မုန်းကို ဟန့်တားထားတာကြောင့် ကလေးတွေလည်း အိပ်ပျော်ဖို့ ခက်ခဲတတ်တဲ့အကြောင်း Sleep Foundation ရဲ့ ဆောင်းပါးတစ်ခုမှာ လေ့လာနိုင်တာပါ။ ဒါကြောင့် ကလေးတွေ မအိပ်ခင် ဖုန်းကြည့်တာတွေကို ရှောင်ကြဥ်ဖို့ တတ်နိုင်သမျှ ထိန်းကျောင်းပေးသင့်ပါတယ်။

ဒါကြောင့် ပြည့်ဝကျန်းမာတဲ့ အိပ်စက်ခြင်းရရှိဖို့ဆို မအိပ်ခင် မှန်ကန်တိကျတဲ့ အလေ့အကျင့်လေးတွေ၊ တိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်နဲ့ မအိပ်ခင် ဖုန်းကြည့်တဲ့ အလေ့အထလေးတွေ ရှောင်ကြဥ်ပေးဖို့ အရေးကြီးဆုံးပါပဲ။ ဒီအချက်လေးတွေကို ကလေးနဲ့အတူ ကိုယ်ပါ လိုက်ပါလုပ်ဆောင်ရင်း ကျန်းမာပြီး အိပ်ရေးဝတဲ့ ဘဝနေထိုင်မှုကောင်းကို ပိုင်ဆိုင်နိုင်ကြမှာ အမှန်ပါပဲ။


Share

Comments

Related Posts