
ဒီနေ့ခေတ် နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ၊ ကိုယ့်ရဲ့ သဘာဝပတ်ဝန်းကျင်က ရတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ ခန္ဓာကိုယ်ရဲ့ ဓာတ်သဘာဝကို ထိန်းညှိပေးတဲ့ မြန်မာ့တိုင်းရင်းဆေးပညာဟာ ကျန်းမာရေးလောကမှာ တစ်ဖက်တစ်လမ်းကနေ အားကိုးနေရဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်ကလည်း ခန္ဓာကိုယ်ကို ဓာတ်ကြီးလေးပါး ညီညွတ်မျှတနေဖို့ကို အဓိကထားပြီး ဗုဒ္ဓဘာသာရဲ့ ဒေသနာတော်တွေနဲ့ ပညာရပ်တွေ ပေါင်းစပ်၊ အခြေခံထားတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာအောင် ကုသပေးတဲ့ နည်းစနစ်တစ်ခု ဖြစ်လို့နေတာပါ။ ဒီလိုအခြေခံဖော်စပ်ထားတဲ့ မြန်မာ့ဆေးဝါးအကြောင်းတွေထဲမှာမှတော်တော်များများမသိကြသေးတဲ့ သမိုင်းကြောင်းနှင့် အရည်အသွေးပြည့်ဝတဲ့ ဆေးဝါးတွေကို ဘယ်လိုရွေးချယ်မှီဝဲသင့်လဲ ဆိုတာ အခုဆောင်းပါးထဲမှာ မျှဝေပေးချင်ပါတယ်။

သမိုင်းကြောင်းနှင့် မြစ်ဖျားခံရာ
မြန်မာ့တိုင်းရင်းဆေးပညာက သထုံခေတ်၊ တစ်ကောင်းခေတ် လောက်က စတင် ထွန်းကားခဲ့တယ်လို့ Wikipedia မှာလည်း ဖော်ပြထားပြီး နှစ်ပေါင်းထောင်နဲ့ချီ သက်တမ်းရှိနေတဲ့ အဖိုးတန်အမွေအနှစ်တစ်ခုပါပဲ။ ဒီဆေးပညာက ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော လို့ခေါ်တဲ့ မဟာဘူတ (ဓာတ်ကြီးလေးပါး) နဲ့ ဗုဒ္ဓဘာသာအတွေးအခေါ်၊ အာယုဗ္ဗေဒပညာရပ်တွေမှာ ပေါင်းစပ်အခြေခံထားတာပါ။ ဟိုးအရင်ခေတ်တွေကတည်းက သံဃာတော်တွေနဲ့ နန်းတွင်းသမားတော်ကြီးတွေက ပြည်တွင်းမှာရှိတဲ့ သဘာဝသစ်ဥသစ်ဖုတွေ အသုံးပြုပြီး အစာခြေစနစ်ဆိုင်ရာရောဂါတွေကနေ နာတာရှည်ရောဂါတွေ အထိ ကုသပေးခဲ့ကြပါတယ်။ ဒီလိုကုသပျောက်ကင်းခဲ့ကြတဲ့ ဆေးပညာဗဟုသုတတွေကို အဲ့ဒီခေတ်တွေက ပေမူ၊ ပုရပိုက်မူတွေနဲ့ စနစ်တကျ မှတ်တမ်းတင်ခဲ့ကြတာကြောင့် ဒီနေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွေမှာ အသုံးပြုနိုင်ပြီး ဆက်လက်တည်ရှိနေနိုင်တာလည်း ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ အခြေခံမူနဲ့ ကုထုံးတွေ
ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေရာမှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ဥတုရာသီကို ကြည့်ရုံသာ မကဘဲ ကံ၊ စိတ်၊ ဥတု၊ အာဟာရ လို့ခေါ်တဲ့ အကြောင်းလေးပါးကိုလည်း ထည့်သွင်းစဉ်းစားကြရပါတယ်။ စိတ်ကြောင့်ဖြစ်ရင် စိတ်ကြည်လင်လာအောင်၊ ရာသီဥတုကြောင့်ဖြစ်ရင် ဥတုနှင့် ညီညွတ်လာအောင်၊ အာဟာရကြောင့်ဖြစ်ရင် အာဟာရမျှတလာအောင်၊ အအေးကြောင့်ဖြစ်ရင် ပူလာအောင် အပြန်အလှန် ထိန်းညှိကုသရတာဟာ မြန်မာ့ဆေးပညာရဲ့ ထူးခြားချက်ပါပဲ။ နောက်ပြီး ဆေးနဲ့ အစာ မျှနေအောင် အချို၊ အဆိမ့်၊ အချဉ်၊ အငန်၊ အခါး၊ အစပ်၊ အဖန် ရသခြောက်ပါးကို အခြေခံတဲ့အပြင် လူကြီး၊ လူငယ် အရွယ်သုံးပါးနဲ့ ဥတုရာသီအလိုက် သင့်လျော်အောင် ပြောင်းလဲပေးရင်း ရောဂါကို ဖြည်းဖြည်းချင်း အမြစ်ပြတ်အောင် ကုသနိုင်တာပါ။

မှန်ကန်တဲ့ အရည်အသွေး ရွေးချယ်နည်း
အခုခေတ် မြန်မာစျေးကွက်မှာ တိုင်းရင်းဆေးဝါးတွေ ပေါပေါများများရှိလာပေမဲ့ အရည်အသွေးစစ်မှန်ပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ ဆေးဝါးတွေ ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ စနစ်တကျ မှတ်ပုံတင်ထားတဲ့ ဆေးဝါးဖြစ်ကြောင်း သေချာစေဖို့ ဆေးဘူးခွံပေါ်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်ပြန်ပေးထားတဲ့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် (TMR Number) ကို အရင်ဆုံး စစ်ဆေးရမှာပါ။ နောက်ပြီး GMP (Good Manufacturing Practices) စနစ်နဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို ဦးစားပေးရွေးချယ်ရင်း ဆေးထဲမှာ အန္တရာယ်ဖြစ်နိုင်တဲ့ သတ္တုဓာတ်နဲ့ စတီးရွိုက် (Steroid) လိုမျိုး တားမြစ်ဓာတုပစ္စည်းတွေ ကင်းစင်ကြောင်း စိတ်ချနိုင်မှာပါ။ ဒါ့အပြင် ဆေးတွေရဲ့ အာနိသင်မပျက်ဖို့အတွက်ပါ အပါအဝင် အားလုံးစိတ်ချရအောင် တရားဝင်ကိုယ်စားလှယ်ဆိုင်တွေနဲ့ City Care ဆိုင်တွေမှာ ဝယ်ယူသုံးစွဲသင့်ပါတယ်။
မြေပေါ်မြေအောက်က ထွက်တဲ့ သဘာဝသစ်ဥသစ်ဖုတွေကနေ ဖန်တီးထုတ်လုပ်ထားတဲ့ ဆေးဝါးတွေရဲ့ သမိုင်းကြောင်း သိသွားလောက်ပြီဆိုတော့ ဒီခေတ်အထိ လက်ဆင့်ကမ်းသုံးနေနိုင်တဲ့ ဆေးစွမ်းကောင်းတွေကို ထိန်းသိမ်းရင်း မှီဝဲသုံးစွဲနိုင်ဖို့ မှန်ကန်တဲ့ဆေးဝါးတွေကို စိတ်ချယုံကြည်ရတဲ့ ဆေးဆိုင်တွေမှာ စုံစမ်းဝယ်ယူရင်း ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
Comments