အားအင်မရှိဘဲ အမြဲ ပင်ပန်းနွမ်းနယ်လွယ်တယ်ဆို ဒါလေးဖတ်ကြည့်ပါ

Posted in ကျန်းမာရေး


နေ့ဘက်မှာ အစားအသောက် ကောင်းကောင်းစားတယ်၊ ညဘက်မှာ အိပ်ချိန် သေချာအိပ်ဖြစ်တယ် ဆိုပေမယ့် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေမှာ တက်ကြွလန်းဆန်းမှု မရှိဘဲ ဘာလုပ်လုပ် ပင်ပန်းလွယ်တာမျိုး ဖြစ်ဖူးကြလား။ 

ဒါဟာ ကိုယ့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္ပဖြစ်စဥ်တွေမှာ တစ်ခုခုလွဲချော်နေတာ ဖြစ်တဲ့အကြောင်း ကိုယ်န္ဓာက အချက်ပြနေတာ ဖြစ်ပါတယ်။ ဘာကြောင့်ဆို နွေဆိုလည်း နွေအလျောက် ပြင်းထန်တဲ့ ရာသီဥတုရယ်၊ အာဟာရမပြည့်ဝတဲ့ အစားအသောက်တွေရယ်၊ ကိုယ်နဲ့ကိုက်ညီမှုမရှိတဲ့ လူနေမှုပုံစံတွေနဲ့ ခေတ်ကာလရဲ့ ဖိအားတွေကြောင့် ကုန်ဆုံးသွားတဲ့ အားအင်တွေကို မဖြည့်တင်းနိုင်တော့ဘဲ ပင်ပန်းနွမ်းနယ် လွယ်စေတော့တာပါ။ ဒါကြောင့် ကိုယ်နဲ့ ကိုက်ညီသင့်တော်တဲ့ စားသောက်နေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်ဖို့နဲ့ ပင်ပန်းနွမ်းနယ်လွယ်စေတဲ့ အကြောင်းရင်းတွေကို သိထားရအောင် ဒီဆောင်းပါးလေးမှာ အဖြေရှာကြည့်လိုက်နော်။

အရေးကြီးတဲ့ ရေဓာတ်

ရေများများသောက်ဖြစ်ဖို့ အလိုအပ်ဆုံးဆိုတာ တော်တော်များများ သိထားကြပေမယ့် ရေငတ်မှ ရေသောက်မိပြီး သေချာဂရုတစိုက် မသောက်တတ်ကြပါဘူး။ ဆယ့်နှစ်ရာသီ ပူပြင်းတတ်တဲ့ မြန်မာနိုင်ငံမှာက ချွေးထွက်များပြီး ရေဓာတ်ကုန်ခမ်းစေတာက ပင်ပန်းနွမ်းနယ်လွယ်စေဖို့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပါ။ ဘာကြောင့်ဆို ရေဓာတ်ခမ်းခြောက်ရင် သွေးကို ပျစ်သွားစေပြီး ခန္ဓာကိုယ်ထဲက သွေးကြောတွေထဲကို အောက်ဆီဂျင် ရောက်ရှိအောင် ပို့လွှတ်ဖို့ နှလုံးက ပုံမှန်ထက် ပိုပြီး အားစိုက် ညှစ်ထုတ်ရတာပါ။ ဒါကြောင့်ပဲ ပုံမှန်ထက်ပိုပြီး ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်စေနိုင်လို့ ကိုယ်ခန္ဓာထဲက ရေဓာတ်ကို မျှတအောင် ထိန်းသိမ်းဖို့ Harvard Health ရဲ့ ဆောင်းပါးမှာ အကြံပြုထားပါတယ်။

ဒီလိုအရေးပါတဲ့ ရေသောက်သုံးခြင်းအတွက် ရေဆာမှ သောက်တာမျိုးမလုပ်ဘဲ တစ်နေ့ကို ၁ လီတာမှ ၁လီတာခွဲ သောက်ပေးပြီး နေပူထဲ အချိန်အကြာကြီး သွားလာနေရတယ်ဆို ဓာတ်ဆားရည် (Electrolytes) ပါ သောက်ပေးဖို့ မမေ့ပါနဲ့။

ညဘက်ဖုန်းသုံးခြင်း အန္တရာယ်

အိပ်ခါနီး ဖုန်းကြည့်တာဟာ ဦးနှောက်ကို နိုးကြားနေစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။ ဖုန်းကနေ ထွက်လာတဲ့ Blue Light တွေက ဦးနှောက်ကို နေ့ဘက်ပဲ ရှိသေးတယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေပြီး ခန္ဓာကိုယ်တွင်းက ဇီဝနာရီကို ကမောက်ကမ ဖြစ်စေတာပါ။ ပြီးတော့ အိပ်စက်ခြင်းကို အားပေးတဲ့ Melatonin ဟော်မုန်း ထွက်ရှိမှုကိုလည်း ဟန့်တားလိုက်ပါတယ်။ Sleep Foundation ရဲ့ အဆိုအရ ဒီလို အိပ်ချိန်ကမောက်ကမ ဖြစ်သွားတာက ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေကို ပြန်လည်ပြုပြင်ဖို့နဲ့ မှတ်ဉာဏ်တွေကို စနစ်တကျ ရှိစေဖို့ လိုအပ်တဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းအဆင့် (REM) ဆီကို မရောက်အောင် တားဆီးလိုက်သလို ဖြစ်စေပါတယ်။

ဒါကြောင့်အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်အတွက် အကောင်းဆုံး အားဖြည့်ခြင်း ဖြစ်တာကြောင့် အိပ်ခါနီးမှာ ဖုန်းကြည့်မယ့်အစား စာအုပ်ဖတ်တာမျိုး လုပ်ပေးသင့်ပါတယ်။ ဒါမှသာ ဦးနှောက်က သဘာဝအတိုင်း အနားယူနိုင်မှာမလို့ နောက်ရက်တွေအတွက် အားအင်ပြည့်စေမဲ့ အိပ်စက်ခြင်းရရှိစေမှာပါ။

မှန်ကန်တဲ့ အစားအသောက် အချိုးအစား 

ထမင်းဖြူပုံကြီးတွေနဲ့ ဆီပြန်ဟင်းတွေ ပါဝင်တဲ့ Carbohydrates များပြားတဲ့ နေ့လယ်စာတွေဟာ  သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် တက်စေပြီး ပြန်ကျသွားတဲ့အခါ ငိုက်မျဉ်းစေပါတယ်။ ဒါကြောင့် နေ့လယ် ၂ နာရီလောက်ဆိုရင် အလုပ်လုပ်ရင်း မျက်လုံးမပိတ်မိအောင် မနည်းထိန်းရင်း တစ်ရေးလောက် အိပ်ချင်စိတ်တွေ တဖွားဖွား ပေါ်လာရတာ ဖြစ်ပါတယ်။ ဒါကြောင့် ထမင်းပန်းကန်ထဲမှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အဆီနည်းတဲ့ Protein တွေကို မျှတအောင် စားသုံးပေးမယ်ဆို စွမ်းအင်ကို တဖြည်းဖြည်းချင်းစီနဲ့ မှန်မှန်ကန်ကန် ထုတ်ပေးတာကြောင့် ညစာစားချိန်အထိ စိတ်ရောကိုယ်ပါ လန်းဆန်းနေစေမှာပါ။

ဒီအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခု ပြင်ဆင်စားတော့မယ်ဆို ပန်းကန်ရဲ့ တစ်ဝက်ကို အသီးအရွက်တွေနဲ့ ဖြည့်ပြီး၊ လေးပုံတစ်ပုံကို ပရိုတင်း (ဥပမာ- ငါး ဒါမှမဟုတ် ကြက်ဥ) ထည့်ကာ၊ ထမင်းကိုတော့ ပန်းကန်ရဲ့ လေးပုံတစ်ပုံလောက်ပဲ ထည့်သွင်းစားသုံးပေးရမှာ ဖြစ်ပါတယ်။

အထိုင်များခြင်းကြောင့် ပင်ပန်းမှု

မလှုပ်ရှားဘဲ ထိုင်နေတာတောင် ပင်ပန်းနွမ်းနယ်တယ်ဆိုတာ နည်းနည်းတော့ ထူးဆန်းနေကြမလား? 

အထူးသဖြင့် ရုံးထိုင်အလုပ်လုပ်သူတွေ၊ အိမ်မှာပဲ အထိုင်များသူတွေ ဒီလိုအကြာကြီး ထိုင်နေတဲ့အခါ သွေးလှည့်ပတ်မှု နှေးကွေးသွားပြီး အောက်ဆီဂျင် ရရှိမှု လျော့နည်းသွားတတ်လို့ ပင်ပန်းနွမ်းနယ်စေတာပါ။ ဒါကြောင့် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဖို့ လိုအပ်ပြီး ဒါက နှလုံးနဲ့ သွေးကြော အလုပ်လုပ်နိုင်စွမ်းကို ကောင်းမွန်စေသလို၊ ဆဲလ်တွေကို အားအင်ဖြစ်စေမဲ့ Mitochondria တွေကိုလည်း ပိုမိုအားကောင်းလာစေပါတယ်။ ဒါကြောင့် အားအင်အများကြီး သုံးစရာမလိုဘဲ အလုပ်တွေကို ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်လာမှာပါ။ ညနေခင်းမှာ ၁၀ မိနစ်လောက် ခြေလှမ်းသွက်သွက် လမ်းလျှောက်တာမျိုး ဒါမှမဟုတ် အလုပ်လုပ်နေရင်း ကြားထဲမှာ ကိုယ်လက်အကြောဆန့်ပေးတာမျိုးနဲ့တင် အောက်ဆီဂျင် ရရှိမှုကို မြှင့်တင်ပေးပြီး စိတ်ခံစားချက်ကို ချက်ချင်း ပြန်လည်လန်းဆန်းသွားစေမှာ ဖြစ်ပါတယ်။

ကိုယ်က အမြဲတမ်း ပင်ပန်းနွမ်းနယ်တတ်တယ်ဆို ဒါက ခန္ဓာကိုယ်က အချက်ပေးနေတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ အပေါ်မှာ ပြောပြထားတဲ့ အချက်လေးတွေနဲ့ ကိုယ့်ကိုယ်ကို ဆန်းစစ်ပြင်ဆင်နိုင်တာပါ။ ဒီကနေ ကိုယ့်ရဲ့ နေထိုင်မှုပုံစံလေးတွေကို အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့ တစ်နေ့တာလုံး အင်အားပြည့်ဝနေစေမှာ အမှန်ပါပဲနော်။


Share

Comments

Related Posts