
မြန်မာမိသားစုတော်တော်များများမှာ တစ်ယောက်နဲ့တစ်ယောက် “ချစ်တယ်” စကားကို အမြဲမပြောတတ်ကြပေမယ့် ချစ်ကြောင်း၊ ဂရုစိုက်ကြောင်းကိုတော့ အစားအသောက် ချက်ကျွေး၊ ပြင်ဆင်ပေးပုံတွေနဲ့ ဖော်ကျူးတတ်ကြပါတယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက မိဘတွေ၊ အဖိုးအဖွားတွေရဲ့ ထည့်ပေးလိုက်တဲ့ ကျောင်းထမင်းဗူးလေးတွေက သာမာန် အသားငါးနဲ့ ဟင်းသီးဟင်းရွက်ပါတဲ့ ပလတ်စတစ်ဗူး သို့ စတီးချိုင့် တစ်ခုဆိုတာထက် ချစ်မေတ္တာတွေ ပြည့်လျှံနေတဲ့ဗူးလေးတစ်ဗူးလို့ ပြောရင်လည်း မမှားပါဘူး။ ဒီလို နွေးထွေးမှုတွေအပြင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အခြေခံကျတဲ့ စားသောက်မှုပုံစံကို ဒီလိုငယ်စဥ်ကတည်းက သိမြင်လာအောင် အခြေခံချပေးလိုက်သလိုလည်း ဖြစ်စေတာပါ။ ဒါကြောင့် ဗိုက်ဆာတာကို ခဏတာ ဖြေဖျောက်ဖို့တင် မဟုတ်ဘဲ အနာဂတ်ရဲ့ စားသောက်မှုပုံစံကောင်းကို ပျိုးထောင်ပေးမယ့် ထမင်းဗူးလေးတွေရဲ့ အရေးပါပုံကို ဖတ်ကြည့်လိုက်ရအောင်။

အခြေခံကျတဲ့ အာဟာရမျှတမှု
ထမင်း၊ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေ အချိုးကျကျ ထည့်ပြီး ထမင်းဗူးပြင်ဆင်ပေးတာက အာဟာရစုံအောင် စားတတ်ဖို့အပြင် အသီးအရွက်အမျိုးမျိုးတွေ အရောင်အသွေး စုံလင်တာကြောင့် အစားစားချင်စိတ်ကို ပိုမြှင့်တင်ပေးစေမှာပါ။ Harvard Health က အကြံပြုထားတဲ့ စံနှုန်းတွေနဲ့အညီ ထမင်းဗူးပြင်ဆင်ပေးလိုက်မယ်ဆို အစားအသောက်ကို ပမာဏထိန်းညှိပြီး စုံစုံလင်လင် စားတတ်စေဖို့ ငယ်ကတည်းက လေ့ကျင့်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကလေးတော်တော်များများက အပြင်စာနဲ့ သွားရည်စာတွေ နှစ်သက်တတ်ကြတာကြောင့် မိဘတွေအနေနဲ့လည်း ကိုယ့်အိမ်မှာ ချက်ပြုတ်ပြင်ဆင်ပေးလိုက်တဲ့ အစားအစာတွေရဲ့ အာဟာရတန်ဖိုးကို သိမြင်အောင်နဲ့ စားချင်စိတ်ဖြစ်အောင် တစ်မျိုးတစ်ဖုံ ပြင်ဆင်ပေးသင့်ပါတယ်။ ဒါမှသာ အိမ်ချက်လက်ရာ ထမင်း၊ ဟင်းတွေကို ပိုနှစ်သက်တတ်လာလို့ နေ့လယ်စာစားချိန်မှာ အချို၊ အငန်ဓာတ် လွန်ကဲတဲ့ အပြင်အစားအစာတွေကို မစားဖြစ်တော့ဘဲ အိမ်ထမင်းဗူးလေးနဲ့ပဲ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားတတ်စေမှာပါ။

အနာဂတ် စားသောက်မှုပုံစံ
ကလေးတွေရဲ့ စားသောက်မှုပုံစံ အလေ့အကျင့်တွေက အသက် ၁၀နှစ်လောက်မှာ စတင်တည်မြဲလာပါတယ်။ ဒီအရွယ်လေးတွေ မရောက်ခင်မှာ ကျန်းမာရေးနဲ့ ညီညွတ်ပြည့်စုံတဲ့ စားသောက်မှုပုံစံအမှန်တွေကို အိမ်ထမင်းဗူးလေးတွေကပဲ ပုံဖော်ထုဆစ်ပေးနိုင်မှာပါ။ ဒါကြောင့် ဘယ်လိုအကြောင်းရင်းတွေက ကလေးတွေရဲ့ ရှေ့လျှောက် စားသောက်မှုပုံစံတွေ ဖန်တီးပေးမလဲ ကြည့်လိုက်ရအောင်။
အစားမရွေးတော့ဘူး - အရသာချိုတာတွေ၊ ဆိမ့်တာတွေ အပါအဝင် ချဥ်တဲ့၊ ခါးတဲ့ အစားအစာတွေပါ အာဟာရမျှတအောင် စုံစုံလင်လင် စားတတ်စေဖို့ ငယ်ငယ်ကတည်းက ထိတွေ့ပေးထားတာက အစားရွေးတဲ့ အလေ့အကျင့်ကို လျော့ချပေးမှာပါ။
အိမ်ချက်လက်ရာကို တန်ဖိုးထားလာတယ် - အိမ်ကချက်ပေးလိုက်တဲ့ လတ်လတ်ဆတ်ဆတ် အသားဟင်းနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပြီး ကြီးပြင်းလာတဲ့ကလေးတွေက အရွယ်ရောက်တဲ့အခါ အသင့်စားတွေထက် ကိုယ်တိုင်ချက်စားတဲ့ အလေ့အကျင့်ကို ပိုပြီး စွဲမြဲသွားစေပါတယ်။
အမြင်နဲ့ အရသာကို ခံစားတတ်လာတယ် - ထမင်းချိုင့်ကို လှလှပပနဲ့ ပမာဏမျှတအောင် ပြင်ဆင်ပေးတာကြောင့် ကလေးတွေဟာ အစားအစာကို အလျင်စလို မစားတော့ဘဲ အမြင်နဲ့ အရသာကိုပါ ခံစားပြီး စားတတ်လာကြပါတယ်။ ဒါ့အပြင် အစားကို သေချာစည်းနဲ့ကမ်းနဲ့ Mindful Eating စားတတ်တဲ့ အလေ့အထကြောင့် အဝလွန်တာတွေကိုပါ အတတ်နိုင်ဆုံးတားဆီးနိုင်ပါတယ်။

ကျန်းမာရေးအမွေ
ပြောရရင် ထမင်းချိုင့်ဆိုတာ အစားအစာတွေ ချက်ပြုတ်ထည့်ထားတဲ့ သာမာန် ဗူးလေးတစ်ဗူး မဟုတ်ဘဲ မိဘတွေက ကလေးတွေကို လက်ဆင့်ကမ်းပေးလိုက်တဲ့ ကျန်းမာရေး အမွေအနှစ်ပါ။ ဒါ့အပြင် အာဟာရပြည့်စုံအောင် ကျွေးတာထက်ပိုပြီး မနက်တိုင်း ထမင်းဗူးအတွက် ချက်ပြုတ်စီစဥ်ပေးတဲ့ မိသားစုရဲ့ စေတနာနဲ့ ဂရုစိုက်မှုကို ဖော်ကျူးရာလည်း ရောက်ပါတယ်။ အစားအသောက်ကို ဂရုတစိုက် ရွေးချယ်တတ်တဲ့ စိတ်ဓာတ်ဟာ ကလေးတွေ အရွယ်ရောက်တဲ့အထိ ဆက်လက်ပါသွားမှာဖြစ်ပြီး ရောဂါဘယမျိုးစုံတွေကနေ ကာကွယ်ပေးမယ့် အကောင်းဆုံး လက်နက်တစ်ခုလည်း ဖြစ်စေမှာပါ။
ဒါကြောင့် ကလေးတွေအတွက် ထမင်းဗူးထည့်ကြတဲ့အခါ အချိုးကျမျှတပြီး အစားအစာမျိုးစုံ ပါဝင်အောင် ဖန်တီးရင်း အိမ်ချက်ထမင်းဗူးတွေနဲ့ ကလေးတွေရဲ့ တစ်သက်တာ စားသောက်မှုပုံစံကို တူတူပုံဖော်ပေးလိုက်ကြရအောင်ပါ။
Comments