
အစားအသောက်နဲ့ ဟင်းချက်ပစ္စည်းတွေ ဝယ်ယူဖို့ Supermarket တွေ သွားတဲ့အခါ ပစ္စည်းအမျိုးအစား ရာ၊ ထောင်ချီ ကြားထဲ ကိုယ်နဲ့အဆင်ပြေရာ ရှာတွေ့နိုင်ဖို့ ထင်သလိုမလွယ်ကူပါဘူး။ ကိုယ့်ကျန်းမာရေးနဲ့ လိုက်ဖက်ညီတဲ့ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူနိုင်ဖို့ဆို မုန့်ထုပ်တွေ၊ အအေးဗူးတွေရဲ့ ရှေ့အခွံမှာ ရေးထားတဲ့ နာမည်၊ ကုန်ပစ္စည်းနဲ့ အရသာအမျိုးအစားတွေပဲ ရွေးချယ်ကြည့်ရှုရမှာ မဟုတ်ဘဲ အနောက်မှာပါတဲ့ အာဟာရတန်ဖိုးတွေကို ဖတ်ရှုနိုင်မှ အဆင်ပြေနိုင်မှာပါ။
ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ထဲကို ထည့်သွင်းစားသောက်လိုက်တဲ့ ဒီအစားအသောက်တွေက ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာ ကုန်ပစ္စည်းတွေရဲ့ Nutritional Value တွေက တစ်ဆင့် ဖတ်ရှုလေ့လာနိုင်တဲ့အပြင် ဘယ်လိုအစားအသောက်တွေကတော့ အားအင်ဖြစ်အောင် ဘယ်လိုတိုးစားရမယ်၊ အဆီမတက်အောင် ဘယ်လိုလျော့စားကြမယ် စသဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း ချင့်ချိန်စားနိုင်တာပေါ့။ ဒါဆို စျေးမဝယ်ခင် ကုန်ပစ္စည်းတွေ ကြည့်တဲ့အခါ အာဟာရတန်ဖိုးတွေကို ကိုယ့်ရဲ့ စားသောက်နေထိုင်မှုနဲ့ လိုက်ဖက်ညီအောင် ဘယ်လိုဖတ်ရှုဝယ်ယူသင့်လဲဆိုတာ ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။

စားသုံးရမယ့် ပမာဏ (Serving Size)
ကုန်ပစ္စည်းတွေရဲ့ အညွှန်းမှာပါတဲ့ ကယ်လိုရီ၊ အဆီ၊ သကြားနဲ့ ဆိုဒီယမ် ပမာဏအားလုံးက အထုပ်တစ်ထုပ်လုံးအတွက် မဟုတ်ဘဲ တစ်ကြိမ်စာ စားသုံးဖို့ သတ်မှတ်ထားတဲ့ ပမာဏ (Serving Size) အတွက်ပဲ ဖြစ်ပါတယ်။ ဥပမာ - မုန့်တစ်ထုပ်မှာ ၃ ကြိမ်စာ ခွဲစားရမယ်လို့ ရေးထားပေမဲ့ ကိုယ်က တစ်ထုပ်လုံး ကုန်အောင်စားလိုက်ရင် ဇယားထဲက ကယ်လိုရီနဲ့ သကြားပမာဏအားလုံးကို ၃ ဆနဲ့ မြှောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲစားစား တန်ဆေး၊ လွန်ဘေးမဖြစ်ရအောင် အညွှန်းသေချာဖတ်ရင်း ပမာဏကို ချင့်ချိန်စားတတ်ဖို့ အရေးကြီးပါတယ်။
ကယ်လိုရီ (Calories)
ကိုယ်ဝယ်ယူစားသုံးမဲ့ အစားအစာကနေ ခန္ဓာကိုယ်အတွက် စွမ်းအင်/ကယ်လိုရီ (Calories) ဘယ်လောက်ပါလဲ သိရအောင် အညွှန်းကြည့်ပြီး တွက်ချက်နိုင်ပါသေးတယ်။ ဒါမှသာ ကျန်းမာလိုသူတွေ၊ ကိုယ်အလေးချိန်ထိန်းလိုသူတွေအတွက် မိမိတို့ တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီပမာဏထက် ပိုမစားမိအောင် သတိပြုဆင်ခြင်နိုင်တာပါ။

အဆီ၊ ဆိုဒီယမ် နှင့် သကြား
ပြည့်ဝဆီနှင့် အသွင်ပြောင်းအဆီ (Saturated & Trans Fats) - သွေးတွင်းကိုလက်စထရောကို မြင့်တက်စေပြီး နှလုံးရောဂါဖြစ်စေတာကြောင့် Trans Fat (0g) လုံးဝ မပါတာကို ရွေးချယ်ပါ။
ဆား (Sodium) - ဆိုဒီယမ်များတာက သွေးတိုးရောဂါကို ဖြစ်စေတာမလို့ တစ်ကြိမ်စာ စားတဲ့ ပမာဏမှာ ဆိုဒီယမ် မီလီဂရမ် (mg) နည်းတာကို ရှာဖွေသင့်ပါတယ်။
သကြား (Added Sugars) - အစားအစာထဲမှာ သဘာဝအတိုင်း ပါဝင်တဲ့ သကြား မဟုတ်ဘဲ ထုတ်လုပ်တဲ့ စက်ရုံကနေ အရသာရှိအောင် ထပ်မံထည့်သွင်းထားတဲ့ သကြားတုတွေ (Added Sugars) များပြားနေရင် ဆီးချိုဖြစ်စေတာကြောင့် လျော့ချစားသင့်တာပါ။
ပါဝင်သင့်တဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ်
ခန္ဓာကိုယ်ကျန်းမာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ အစာခြေစနစ်ကောင်းမွန်စေဖို့ အမျှင်ဓာတ် (Dietary Fiber) နဲ့ ကြွက်သားတည်ဆောက်ဖို့ ပရိုတင်း (Protein)နဲ့ တခြားဓာတ်ပစ္စည်းတွေ ဖြစ်တဲ့ ကယ်လ်စီယမ်၊ ဗီတာမင် ဒီ၊ သံဓာတ် (Iron) တွေ များများပါဝင်တဲ့ အစားအစာတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

နေ့စဉ်အာဟာရလိုအပ်ချက် ရာခိုင်နှုန်း (% Daily Value)
Daily Value ဆိုတာက တစ်နေ့ကို ကယ်လိုရီ ၂,၀၀၀ စားသုံးတဲ့ လူတစ်ယောက်ရဲ့ လိုအပ်ချက်ပေါ်မှာ အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ ဥပမာ - အစားအစာတစ်ခုရဲ့ အညွှန်းမှာ အဆီဓာတ် ၅ ရာခိုင်နှုန်း (5% DV) ပါဝင်တယ်လို့ ရေးထားရင်၊ ဒါဟာ တစ်နေ့ကို ကယ်လိုရီ ၂,၀၀၀ လိုအပ်တဲ့ လူတစ်ယောက် နေ့စဉ်စားသုံးသင့်တဲ့ စုစုပေါင်း အဆီပမာဏရဲ့ ၅ ရာခိုင်နှုန်းကို ဒီအစားအစာကနေ ရရှိစေနိုင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ သတ်မှတ်ထားတဲ့ ကယ်လိုရီ ၂,၀၀၀ ထက် ပိုလိုအပ်သူ သို့မဟုတ် ဒီထက် နည်းတဲ့ ကယ်လိုရီ လိုအပ်တဲ့သူဖြစ်တယ်ဆို ဇယားတွင် ဖော်ပြထားတဲ့ နေ့စဉ်လိုအပ်ချက် ရာခိုင်နှုန်း (% DV) တွေက ကိုယ့်အတွက် များနေတာ သို့မဟုတ် နည်းနေတာ ဖြစ်နိုင်ပါတယ်။
ဒီလိုအာဟာရတန်ဖိုးတွေ ဖတ်ရှုဝယ်ယူတာက ကျန်းမာတဲ့ စားသောက်မှုပုံစံအတွက် အထောက်အကူတွေ အများကြီးရှိတဲ့အပြင် ဆီးချို၊ သွေးတိုး စတဲ့ နာတာရှည်ရောဂါတွေမှ ကာကွယ်နိုင်ပြီး ငွေကြေးတန်ဖိုးနဲ့ ထိုက်တန်တဲ့ အာဟာရကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စျေးဝယ်ကြတဲ့အခါ ကုန်ပစ္စည်းရဲ့ အနောက်မှာပါတဲ့ အာဟာရတန်ဖိုးတွေကို အချိန်အနည်းငယ်ပေးပြီး ဖတ်ရှုဆန်းစစ်ကာ ကိုယ့်ကျန်းမာရေးနဲ့ သင့်တော်လိုက်ဖက်တဲ့ အစားအသောက်တွေကို ရွေးချယ်နိုင်ဖို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေ။
Comments