
နွေလည်းရောက်ပြီဆိုတော့ အဲကွန်း၊ ပန်ကာတွေ ပိုဖွင့်ရတာကတစ်ကြောင်း၊ ရေမီတာ အသုံးများလို့က တစ်သွယ် အခြား၊ အခြားသော အကြောင်းရင်းတွေကြောင့် မီတာပိုတက်တာမျိုး ဖြစ်တတ်ကြပါတယ်။ မလိုအပ်ဘဲ မီးဖွင့်ထားတာမျိုးကို ရှောင်ကြဉ်ရုံတင်မကဘဲ မိမိအိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ စွမ်းအင်စားသုံးမှုကို နားလည်ထားခြင်းက လစဉ်ကုန်ကျစရိတ်ကို သိသိသာသာ လျော့ကျစေမှာပါ။ ဒါကြောင့် အခုကတည်းက ဘယ်နေရာတွေက ယိုပေါက်တွေဖြစ်မလဲ ဆန်းစစ်ခြွေတာပြီး ကုန်ကျစရိတ် သက်သာစေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ထားလိုက်ရအောင်။

အဲကွန်း
အိမ်မှာအသုံးပြုတဲ့ လျှပ်စစ်ပစ္စည်းတွေထဲမှာ အဲကွန်းက မီတာအစားဆုံးဖြစ်နေတတ်ပါတယ်။ အဲကွန်းကို ပြုတ်ထားပြန်ရင် လည်း ဒီအပူချိန်နဲ့ ဘယ်လိုမှ တောင့်မခံနိုင်ပါဘူး။ ဒီတော့ မီတာခ မတက်စေဘဲ အဲကွန်းအေးအောင် ဘယ်လိုဖွင့်ကြမလဲဆို တဲ့ နည်းလမ်းကို ရှာဖွေလာကြပါတယ်။ အဲကွန်းက အခန်းထဲက လေပူကို စုပ်ယူပြီး အပြင်ကိုထုတ်၊ လေအေးကို ပြန်မှုတ် ပေးတဲ့ နည်းလမ်းနဲ့ အလုပ်လုပ်တာပါ။ အခန်းထဲမှာ ကိုယ်သတ်မှတ်ထားတဲ့ အပူချိန်ရောက်ပြီဆို စက်က အလုပ်လုပ်က အလိုအလျောက်ရပ်ပေးပြီး ပြန်ပူလာမှ အလုပ်ထပ်လုပ်တာမျိုးပါ။ ပြင်ပအပူချိန် ၄၀ ဒီဂရီလောက်မှာ အခန်းထဲက အဲကွန်း ကို ၁၆ ဒီဂရီမှာ ထားမယ်ဆို စက်က အရမ်းအလုပ်လုပ်ရပါတယ်။ ပြီးတော့လည်း ပြင်ပအပူချိန်ကြောင့် အခန်းအပူချိန်က ၁၆ အထက်ကို ခဏလေးနဲ့ တက်တက်သွားလို့ အဲကွန်းက မရပ်မနားအလုပ်လုပ်နေရလို့ မီတာတက်တာပါ။ ဒါကြောင့် အခန်းကို အရမ်းအအေးကြီးမဟုတ်ဘဲ နေသာရုံလေး ၂၃၊ ၂၄ ဒီဂရီလောက်မှာပဲ ထားဖို့ အကြံပေးချင်ပါတယ်။ နေရောင် တိုက်ရိုက်ထိုးတဲ့ အခန်းမျိုးဆို နေကာ Sun Shade တပ်တာ၊ မျက်နှာကျက်တွေကို အပူခံကျောက်ပြားကပ်တာမျိုးလုပ်ပြီး အခန်းအပူချိန်ကို လျော့ချထားတာမျိုးကလည်း အဲကွန်းအလုပ်လုပ်ရသက်သာစေလို့ မီတာခတွေကို လျော့ချပေးနိုင်ပါတယ်။
မီးသီးများ
တစ်အိမ်လုံး လင်းထိန်နေမှ ကြိုက်တယ်ဆိုသူတွေအတွက်တော့ မီတာခတွေ တက်နေဦးမှာပါ။ ပြီးတော့ ဒီလိုမီးလုံးတွေ အကုန်ဖွင့်ထားတာက အိမ်ရဲ့အပူချိန်ကို ပိုတိုးစေတယ်ဆိုတာ သတိထားမိကြလား။ ဒါကြောင့် မီးအားခြွေတာဖို့ဆို မလိုအပ်တဲ့ မီးလုံး၊ မီးချောင်းတွေကို ပိတ်ထားဖို့ လိုပါတယ်။ ရေချိုးခန်း၊ အိမ်သာတို့လို လင်းထိန်နေဖို့သိပ်မလိုတဲ့ အခန်းမျိုးတွေမှာ ဝပ်အားနည်းတဲ့ မီးလုံးတွေကို ပြောင်းသုံးတာကလည်း မီတာအကုန်အကျ သက်သာဖို့ နည်းလမ်းတစ်ခုပါ။ ပြီးတော့ ရေချိုး ခန်း၊ အိမ်သာမီးတွေကို သုံးပြီးရင် ပြန်ပိတ်ခဲ့ဖို့ မမေ့နဲ့နော်၊ ဒါဟာ မီတာမတက်ဖို့ဆိုတာအပြင် ယဥ်ကျေးတဲ့ အပြုအမှုတစ်ခု အနေနဲ့ လုပ်သင့်တာပါ။ နေ့ဘက်ဆိုရင်တော့ နေ့အလင်းရောင်ကိုပဲ အားကိုးပြီး မီးတွေပိတ်ထားတာကလည်း နည်းလမ်း ကောင်းတစ်ခုဖြစ်ပါတယ်။ လှေကားမီးလို၊ အိမ်ရှေ့တံခါးမီးလို အမြဲဖွင့်ထားစရာမလိုတဲ့ မီးအမျိုးအစားတွေကို motion sensor လို လှုပ်ရှားမှုရှိမှ အလိုအလျောက်ပွင့်တဲ့ မီးအမျိုးအစားတွေကို သုံးပါ။ အိမ်ကအပြင်ထွက်တာနဲ့ ရှိသမျှမီးတွေကို ပိတ်ထားခဲ့ဖို့ မမေ့ပါနဲ့။ ဒါဆိုရင်တော့ မလိုအပ်ပဲဖွင့်တဲ့ မီးတွေကြောင့် မီတာတက်တာမျိုး မဖြစ်တော့ဘူးပေါ့။

မီးပူ
မီးပူတွေဟာ ဝပ် ၁၀၀၀ ကနေ ၂၅၀၀ အတွင်း ရှိကြလို့ မီးအားအဆွဲများတဲ့ လျှပ်စစ်ပစ္စည်းတွေထဲမှာ ပါဝင်ပါတယ်။ မီးအား သိပ်မစားတဲ့ မီးပူတွေဆိုရင်လည်း အဝတ်တွေပြန့်ဖို့ လုံလုံလောက်လောက်မပူတာမို့ သုံးလို့ သိပ်မကောင်းလှပါဘူး။ မီးပူ တိုက်နေရင်း အခြားအလုပ်တွေထလုပ်ဖို့ မီးပူကို ပိတ်လိုက်တဲ့အခါ မီးပူက အေးသွားပြီး ကြားပေါက်အလုပ်တွေပြီးလို့ မီးပူ ပြန်ဖွင့်ရင် မီးပူဖို့ အစကနေ အလုပ်လုပ်ရတာမို့ မီးအားပိုစားပါတယ်။ ပြီးတော့ အဲကွန်းခန်းထဲမှာ မီးပူတိုက်မယ်ဆိုရင် အဲကွန်းကြောင့် မီးပူအေးသွားတာတစ်ကြောင်း၊ မီးပူကြောင့် အခန်းပူလာတာကတစ်ကြောင်းနဲ့ အဲကွန်းရော မီးပူအတွက်ပါ မီတာခ ပိုတက်ပါတယ်။
ရေခဲသေတ္တာ
ရေခဲသေတ္တာရဲ့ အလုပ်လုပ်ပုံကလည်း အဲကွန်းနဲ့ အလားတူပါပဲ။ ရေခဲသေတ္တာထဲမှာ ကိုယ်ချိန်ညှိထားတဲ့အတိုင်း အေးနေပြီ ဆိုရင် စက်အလုပ်လုပ်တာရပ်ပြီး ပြန်ပူလာတဲ့အခါ စက်က ပြန်လည်ပတ်ပါတယ်။ ရေခဲသေတ္တာ တံခါးလိုင်နာတွေမလုံလို့ လေအေးတွေထွက်နေတာ၊ တံခါးကို မလိုအပ်ဘဲ အကြာကြီးဖွင့်ထားလို့ အပြင်ကလေပူတွေဝင်လာတာ၊ ဟင်းပန်းကန် အပူ တွေထည့်ထားတာ စတာတွေက မီတာ ပိုကုန်စေတဲ့ အကြောင်းရင်းတွေပါ။ ရေခဲသေတ္တာကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးခြင်း ကလည်း လျှပ်စစ်ဆွဲအားသက်သာစေဖို့အပြင် ကြာရှည်အသုံးခံဖို့ပါ အထောက်အကူပြုပါတယ်။

အဝတ်လျှော်စက်၊ အခြောက်ခံစက်
အဝတ်လျှော်စက်တွေက အသုံးပြုရတာ အချိန်ကြာတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဖြစ်လို့ မီတာစားတာကတော့ အမှန်ပါ။ ဒါကြောင့် အဝတ်တွေကို ၄/၅ ထည်ချင်း ခဏခဏလျှော်မယ့်အစား တစ်ခါတည်းစုလျှော်လိုက်တာ ရေမီတာရော လျှပ်စစ် မီတာပါ အကုန်သက်သာစေမယ့် နည်းလမ်းဖြစ်ပါတယ်။ အဝတ်ခြောက်ခံစက်တွေရဲ့ အပူပေးတဲ့ကွိုင်က မီတာစားတာမို့ လိုအပ်မှသာ အခြောက်ခံစက်ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
အိမ်တွင်းသုံး လျှပ်စစ်ပစ္စည်းတွေမျိုးစုံပေါ်ထွက်လာခြင်းက လူမှုဘဝကို သက်သောင့်သက်သာ ဖြစ်စေတာ အမှန်ပါ။ တချိန် တည်းမှာပဲ သတိထားပြီး နည်းမှန်လမ်းမှန် အသုံးမပြုမိဘူးဆိုရင် မီတာခ အကုန်အကျများတာအပြင် လျှပ်စစ်အန္တရာယ်ပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းအားသွင်းကြိုး၊ ဆံပင်အခြောက်ခံစက်လို ပစ္စည်းတွေကို သုံးပြီးရင် ပလတ်ဆွဲဖြုတ်ဖို့က အစ သတိထားပေးဖို့ လိုပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေအတိုင်း အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို မီတာအကုန်အကျ သက်သက်သာသာနဲ့ အန္တရာယ်ကင်း ကင်း အသုံးပြုကြရအောင်။
Comments