
အားအင်ပြည့်ဝပြီး စိတ်ကြည်ကြည်လင်လင် ရှိနေတဲ့ မနက်ခင်းတွေကို အလေ့အကျင့်ကောင်းတွေနဲ့ အကျိုးရှိရှိ အသုံးချမယ်ဆို တစ်နေ့တာလုံးမှာ ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိစေပါတယ်။ ကိုယ်ခန္ဓာအတွက် ရေဓာတ်ဖြည့်တာ၊ မိနစ်အနည်းငယ် တရားမှတ်တာ၊ လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလုပ်တာနဲ့ အာဟာရပြည့်ဝတဲ့ မနက်စာကောင်းကောင်းစားတာတို့က ရိုးရှင်းတဲ့ မနက်ခင်းတွေကို စတင်ဖို့ အရေးကြီးတဲ့ အလေ့အကျင့်တွေပါပဲ။ ဒါတွေက စိတ်ကို လန်းဆန်းစေပြီး စာလုပ်တာ၊ ရုံးအလုပ်လုပ်တာ၊ အိမ်အလုပ်လုပ်တာတွေ စတဲ့ တစ်နေ့တာရဲ့ ဘယ်လိုလုပ်ငန်းဆောင်တာတွေမှာ မဆို ပိုမိုထိရောက်စေပြီး စိတ်ဖိစီးမှုတွေပါ လျော့နည်းစေတာပါ။ ဒါကြောင့် မနက်ခင်းမှာ လုပ်ဆောင်သင့်တဲ့ အလေ့အကျင့်ကောင်းလေးတစ်ချို့နဲ့ ဒါတွေလုပ်ဆောင်ရင်း ကိုယ်ရောစိတ်ပါ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲဆိုတာ အဆုံးထိဖတ်ကြည့်လိုက်ရအောင်။

မနက်ခင်း အလေ့အကျင့်တွေက ဘာကြောင့် အရေးကြီးတာလဲ
သူသူကိုယ်ကိုယ် အလုပ်များကြတဲ့ မနက်ခင်းတွေမှာ တစ်နေ့တာကို အားအင်အပြည့်နဲ့ စတင်ဖို့ အချိန်မအား တတ်ကြပါဘူး။ မနက်စာမစားဖြစ်တာ၊ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေလည်း မလုပ်ဖြစ်တော့ဘဲ အိပ်ရာထ၊ ဖုန်းကြည့်၊ ပြင်ဆင်၊ အလုပ်သွား စတဲ့ သံသရာထဲမှာ လည်နေပြီး ငြီးငွေ့ပျင်းရိလာတတ်တာပါ။ ဒါကြောင့် အိပ်ရာနိုးတာနဲ့ စနစ်တကျ အချိန်ယူပြင်ဆင် လုပ်ကိုင်တဲ့ မနက်ခင်းတွေက ပုံမှန်နေ့ရက်တွေထက် ကိုယ့်စွမ်းဆောင်ရည်ကို တိုးစေပြီး စိတ်အားထက်သန်မှုတွေ ရရှိစေတာပါ။ ဘာကြောင့်ဆို ဒီအလေ့အကျင့်ကောင်းတွေက စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး အာရုံကြောစနစ်ကို တည်ငြိမ်စေကာ တစ်နေ့တာရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ စွမ်းအားတွေ ရရှိနိုင်တယ်လို့ Psychology Today ရဲ့ ဆောင်းပါးတစ်ခုမှာ ဖတ်ရှုနိုင်တာပါ။ ဒါကြောင့် အိပ်ရာထတာနဲ့ ဖုန်းကြည့်တာမျိုးတွေ လုပ်မဲ့အစား ကိုယ့်တစ်နေ့တာအတွက် အလေ့အကျင့်ကောင်းလေးတွေ လုပ်ဆောင်တာက အကျိုးကျေးဇူးကောင်းတွေ ရရှိနေစေမှာ ဖြစ်ပါတယ်။

ဘယ်လို ထိရောက်လွယ်ကူတဲ့ အလေ့အကျင့်တွေ လုပ်ဆောင်သင့်လဲ
မနက်အိပ်ရာနိုးတာနဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ မလုပ်ကိုင်ခင်ကြားမှာ အချိန်အကြာကြီးလည်း သိပ်မရတဲ့အတွက် ကိုယ့်အတွက် အခုလို ရိုးရှင်းလွယ်ကူတဲ့ အလေ့အကျင့်တွေနဲ့ပဲ စတင် စမ်းလုပ်ဆောင်ကြည့်သင့်ပါတယ်။
၁။ ရေသောက်ပါ - ညအိပ်ရာက နိုးလာတာနဲ့ ရေတစ်ခွက် သောက်ခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးပြီး လန်းဆန်းစေပါတယ်။
၂။ မနက်စာ သေချာပြင်ဆင် စားပါ - တစ်နေ့တာအတွက် လိုအပ်တဲ့အားအင်တွေနဲ့ ကိုယ်တွင်းသကြားဓာတ်တွေကို ထိန်းညှိဖို့ မနက်စာ ပုံမှန်စားပေးတာက ထင်ထားတာထက် ရေရှည်မှာ အကျိုးကျေးဇူးကောင်းတွေ ရရှိစေပါတယ်။
၃။ ကိုယ်လက် လှုပ်ရှားပါ - လေ့ကျင့်ခန်း အပြင်းအထန် လုပ်စရာမလိုပါဘူး။ ၅ မိနစ်ကနေ ၁၀ မိနစ်လောက် ကိုယ်လက်လှုပ်ရှား ဆန့်တန်းပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၄။ အကောင်းမြင်စိတ်လေးနဲ့ စတင်ပါ - လူတိုင်း ဘဝမှာ ကိုယ်ကိုယ်တိုင်မပြောင်းလဲနိုင်တဲ့ အခြေအနေတွေ ရှိပေမဲ့ ကိုယ့်စိတ်နဲ့အတွေးတွေကို ရွေးချယ်ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် မနက်တိုင်းမှာ အပြုသဘောဆောင်တဲ့ အတွေးကောင်းတွေရှိတာက တစ်နေ့တာလုံးမှာ စိတ်ဓာတ်ခွန်အားတက်စေဖို့ အထောက်အကူပြုပေးမှာပါ။
၅။ တရားမှတ်ခြင်း သို့ မှတ်စုရေးခြင်း - အချိန်အနည်းငယ် ငြိမ်ငြိမ်လေး ထိုင်ခြင်း သို့မဟုတ် တစ်နေ့တာအတွက် လုပ်ဆောင်ရမယ့် အစီအစဉ်လေးတွေကို ရေးမှတ်ခြင်းက စိတ်ကို ကြည်လင်စေပါတယ်။
၆။ နေရောင်ခြည်နှင့် ထိတွေ့ပါ - မနက်ခင်း နေရောင်ခြည်ခံတာ သို့ ပြတင်းပေါက် ဖွင့်ထားတာက ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ထိန်းညှိပေးပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။
၇။ ဖုန်းကို ခဏရှောင်ပါ - အိပ်ရာထပြီး ပထမဆုံး မိနစ် ၃၀ အတွင်း ဖုန်းကို မကြည့်ဘဲနေခြင်းက သင့်စိတ်ကို ငြိမ်းချမ်းစေပြီး တစ်နေ့တာကို ပိုမိုအာရုံစိုက်နိုင်စေပါတယ်။
အခုလိုပြောပြသွားတဲ့ နည်းလမ်းတွေ လုပ်ဆောင်ကြည့်ပြီး မနက်ခင်းတွေမှာ လူခွန်အား၊ စိတ်ခွန်အားတွေ ရရှိပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်နော်။ ကိုယ်ကိုယ်တိုင်ရော …မနက်ခင်းတွေမှာ အိပ်ရာနိုးနိုးချင်း ပထမဆုံးတစ်နာရီမှာ ဘာတွေလုပ်ဖြစ်ကြလဲ ? ကိုယ့်အတွက် အကျိုးရှိနေတဲ့ တခြားအလေ့အကျင့်ကောင်းလေးတွေ လုပ်ဖြစ်နေတယ်ဆိုလည်း အားလုံးတူတူ လုပ်ဆောင်ရအောင် ကောမန့်မှာ မျှဝေခဲ့ဦးနော်။
Comments