ကလေးအဝတ်အစားတွေကို မိုးတွင်းမှာ ဘယ်လိုလျှော်ဖွတ် အခြောက်ခံသင့်လဲ

Posted in မိဘအုပ်ထိန်းခြင်း


မိုးရွာတဲ့နေ့တွေက အေးမြစိမ်းလန်းတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကို ယူဆောင်လာပေမဲ့ အဝတ်အစားတွေ ကောင်းကောင်းမခြောက်တဲ့ ဒုက္ခကတော့ အိမ်တိုင်းမှာရှိကြပါတယ်။ သားသားမီးမီးတွေ ရှိတဲ့အိမ်တွေမှာဆို သူတို့အဝတ်အစားလေးတွေ သေချာရေမခြောက်တာက ကလေးတွေရဲ့ အသားရည်နဲ့ ကျန်းမာရေးကို တစ်မျိုးတစ်ဖုံထိခိုက်နိုင်တာကြောင့် အခုမိုးတွင်းကာလမှာ ဒီအဝတ်အစားလေးတွေကို ဘယ်လိုလျှော်ဖွတ်၊ ဘယ်နား အခြောက်ခံကြမလဲ ခေါင်းစားကြရတာပါ။ ဒါ့အပြင် ချွေးနဲ့ အညစ်အကြေးတွေကြောင့် ကလေးက ငယ်လေ အဝတ်အစား ခဏခဏလဲပေးရလေ ဖြစ်တာကြောင့် မိုးတွေဆက်တိုက်ရွာရင် ဒီအဝတ်တွေ မလျော်နိုင်ဘဲ ပုံနေတတ်ပါသေးတယ်။ ဒါကြောင့် ကလေးအဝတ်တွေ လျှော်တဲ့နေရာမှာ စနစ်ကျနေဖို့အပြင် အိမ်တွင်းမှာ အဝတ်တွေကို ဘယ်လိုနေရာချပြီး အခြောက်လှန်းကြမလဲ၊ ဘယ်လို သန့်ရှင်းမွှေးပျံ့နေအောင် လုပ်ရမလဲ သိထားရအောင် ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်လိုက်နော်။ 

ရေသေချာညှစ်ပါ

မိုးရွာတဲ့နေ့မှာလည်း ကလေးအဝတ်တွေ လျှော်တော့မယ်ဆိုရင် အဝတ်ထဲမှာ ရေဓာတ်မကျန်အောင် ရေသေချာညှစ်ပြီး လှန်းပေးဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် အဝတ်တွေလှန်းထားပေမဲ့ အဝတ်ထဲမှာ ရေငွေ့တွေ အချိန်ကြာကြာ ကျန်နေလေ၊ ခြောက်သွေ့ဖို့ ကြာလေ ဖြစ်တတ်ပြီး အနံ့အသက်ဆိုးထွက်တာနဲ့ မှိုတက်တာတွေ ဖြစ်စေနိုင်တာပါ။ ဒါကြောင့် လက်နဲ့ အဝတ်လျှော်လည်း ရေသေချာညှစ်ဖို့အပြင် အဝတ်လျှော်စက်နဲ့ လျှော်ပြီးသွားတဲ့အခါမှာလည်း အဝတ်တွေကို စက်ထဲကမထုတ်ခင် နောက်ထပ်တစ်ကြိမ် အရှိန်ပြင်းပြင်းနဲ့ Spin ထပ်လုပ်ပေးသင့်ပါတယ်။ ဒါမှသာ ကလေးအင်္ကျီလေးတွေထဲက ရေငွေ့တွေကို ကုန်စင်သွားပြီး ‌အခြောက်မြန်စေမှာပါ။

အဝတ်လျှော်ဆပ်ပြာ ကောင်းကောင်းရွေးပါ

မိုးရာသီဆိုတော့ အိမ်ထဲမှာပဲ အဝတ်လှန်းဖြစ်တာများမှာမလို့ စိုထိုင်းဆတွေကြောင့် ဘက်တီးရီးယားနဲ့ မှိုပေါက်ဖွားမှုအတွက် အကောင်းဆုံးပတ်ဝန်းကျင်ကို ဖန်တီးပေးသလို ဖြစ်နေတတ်ပါတယ်။ အဝတ်တွေ လျှော်ကြပြီဆို အနံ့မွှေးပြီး သန့်ရှင်းသွားဖို့အတွက် တော်သင့်တဲ့ ဆပ်ပြာမှုန့်ပဲ ရွေးချယ်ဖြစ်ကြတာများပေမဲ့ ကလေးအဝတ်အစားတွေအတွက်က ဓာတုပစ္စည်းနည်းပြီး အနံ့မပြင်းတာနဲ့ ဘက်တီးရီးယားတွေ သေစေနိုင်တဲ့ ကလေးအဝတ်သီးသန့် အဝတ်လျှော်ဆပ်ပြာ (Hypoallergenic Baby Detergent) မျိုးကို သုံးသင့်တာပါ။ ဘာကြောင့်ဆို မွှေးရနံ့ရှိပြီး အရည်အသွေးမကောင်းတဲ့ ဆပ်ပြာမှုန့်တွေက အဝတ်ကထွက်တဲ့ အနံ့ဆိုးတွေကို ခဏတာဖုံးကွယ်ပေးနိုင်ပေမဲ့ ကလေးငယ်တွေရဲ့ အရေပြားယားယံတာ၊ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်လို့ပါပဲ။

စနစ်တကျ အခြောက်လှန်းပါ

အိမ်ရှေ့အိမ်နောက် နေရာအနှံ့မှာ အဝတ်တွေကို လှန်းထားတာက အိမ်တွင်းစိုထိုင်းဆကို ပိုမြင့်တက်စေပြီး အဝတ်ခြောက်ဖို့လည်း အချိန်ကြာမြင့်တတ်ပါတယ်။ ဒါကြောင့် အဝတ်မြန်မြန်ခြောက်ဖို့ဆို လေဝင်လေထွက်ကောင်းတဲ့ နေရာတစ်ခု လိုအပ်ပါတယ်။ အဝတ်လှန်းစင်ကို အိမ်မှာ လူအသွားအလာနည်းတဲ့ အခန်းတစ်ခုမှာ ထားပြီး မျက်နှာကျက် ပန်ကာ တစ်ခုကို အရှိန်မြှင့်ပြီး အဝတ်လှန်းစင်ဆီ တိုက်ရိုက် လေမှုတ်ပေးထားရပါမယ်။ ဒီလို လေစီးဆင်းမှု အဆက်မပြတ်ရှိနေမှ အဝတ်တွေမှာရှိတဲ့ စိုထိုင်းဆတွေကို ဖယ်ရှားပေးပြီး အဝတ်ခြောက်နှုန်းကို နှစ်ဆပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။   

အဝတ်တွေ ခွာလှန်းပါ

ကလေးအင်္ကျီလေးတွေက သေးငယ်တာကြောင့် အဝတ်လှန်းစင်တစ်ခုတည်းမှာ ပြည့်ကြပ်နေအောင် လှန်းမိတတ်ကြပါတယ်။ ဒီကနေ အဝတ်တွေက မခြောက်တဲ့အခါ အစိုဓာတ်တွေ ဒီတိုင်းပဲရှိနေပြီး အချိန်တွေကြာလာတော့ အနံ့ဆိုးထွက်လာတော့တာပါပဲ။ ဒါကြောင့် အဝတ်တစ်ခုနဲ့ တစ်ခုကြား အနည်းဆုံး ၂ လက်မ သို့မဟုတ် ၃ လက်မလောက် ခြားပြီး လှန်းသင့်ပါတယ်။ ထူထဲတဲ့ ကလေးစောင်တွေ၊ အနွေးအင်္ကျီတွေ၊ အနှီးတွေကို အဝတ်လှန်းစင်ရဲ့ လေအထိဆုံးနေရာ အပြင်ဘက်အစွန်းတွေမှာ လှန်းပြီး၊ ပါးလွှာတဲ့ ချည်ထည်လေးတွေ၊ တီရှပ်လေးတွေကို အလယ်မှာ လှန်းတာအကောင်းဆုံး ဖြစ်ပါတယ်။

မီးပူ တိုက်ပါ

မိုးရွာတဲ့နေ့တွေမှာ အိမ်ထဲမှာပဲ အဝတ်တွေ စုလှန်းရတာအခါ ဒီအတိုင်းပဲ အခြောက်ခံတာဖြစ်ဖြစ်၊ ပန်ကာဖွင့် အခြောက်ခံတာဖြစ်ဖြစ် အဝတ်တွေကတော့ လုံးဝခြောက်သွေ့သွားဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် ရေသိပ်မခြောက်ချင်ဘဲ နည်းနည်းစိုထိုင်းနေတဲ့ ကလေးအင်္ကျီလေးတွေကို အပူချိန်နွေးနွေးနဲ့ မီးပူတိုက် ခဏတိုက်ပေးတာက အစိုဓာတ်ကို ချက်ချင်းအငွေ့ပျံစေပြီး အဝတ်ကိုလည်း ပိုးသတ်ပေးရာရောက်ပါတယ်။ ဒါမှမဟုတ် အဝတ်လှန်းထားတဲ့ အခန်းထဲမှာ ရေငွေ့စုပ်စက် (Dehumidifier) တစ်လုံးကို ဖွင့်ထားပေးတာကလည်း လေထုထဲက စိုထိုင်းဆကို စုပ်ယူပေးတာကြောင့် အဝတ်တွေ ကောင်းကောင်းခြောက်စေမှာပါ။ 

မိုးရွာတဲ့ရက်တွေမှာ အဝတ်တွေ ခြောက်သွေ့ဖို့ ပုံမှန်ထက် ကြာတတ်ပေမယ့် ကလေးတွေရဲ့ အဝတ်အစားလေးတွေ အနံ့အသက်မကောင်းတာ၊ မှိုစွဲတာတို့ မဖြစ်အောင် အပေါ်မှာ ပြောပြထားတဲ့ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ဒီလို လုပ်ဆောင်ပေးမှသာ အိမ်က သားသားမီးမီးတို့အတွက် အမြဲတမ်းနူးညံ့ပြီး ပိုးမွှား ကင်းစင်တဲ့ အဝတ်အစားလေးတွေကို အဆင်သင့် ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။


Share

Comments

Related Posts