မွှေးပျံ့တဲ့ မိုးရာသီလေးဖြစ်ဖို့

Posted in အိမ်မှုရေးရာ


မိုးရာသီက ပေးတဲ့ အကြီးဆုံးစိန်ခေါ်မှု ဒါမှမဟုတ် စိတ်အဆင်မပြေစရာတစ်ခုဆိုရင် အဝတ်တွေ စိုထိုင်းထိုင်းဖြစ်ပြီး အနံ့ထွက်တဲ့ ပြဿနာကို ပြေးမြင်မိကြမှာပါ။ နှစ်စဉ်နှစ်တိုင်း ကြုံနေကျ ပြဿနာဖြစ်ပေမဲ့လည်း အများအားဖြင့် ထိထိရောက်ရောက် ဖြေရှင်းနည်းတွေကို မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ဒီဆောင်းပါ‌လေးမှာ တစ်ခေါက်ပြန် ပြောပြပေးချင်ပါတယ်။

အဝတ်အစားတွေက သန့်လည်းသန့်ရှင်းနေရမယ်၊ မွှေးလည်း မွှေးပျံ့နေရမယ်၊ စိုထိုင်းထိုင်းလည်း ဖြစ်မနေစေဖို့ ဆိုရင်တော့ လျှော်ဖွပ်၊ အခြောက်ခံ၊ သိမ်းဆည်း ဆိုတဲ့ ကဏ္ဍသုံးခုမှာ စနစ်တကျစီမံဖို့ လိုအပ်ပါလိမ့်မယ်။

လျှော်ဖွပ်ခြင်း

လျှော်ဖွပ်တဲ့နေရာမှာ အဝတ်လျှော်စက်နဲ့ လျှော်တာ၊ လက်နဲ့လျှော်တာ နှစ်မျိုးက ကွဲပြားတဲ့ စီမံမှုတွေ အသီးသီးလိုအပ်မှာဖြစ်တဲ့အတွက် နှစ်ပိုင်းခွဲပြီး ပြောပြချင်ပါတယ်။

၁။ အဝတ်လျှော်စက်ဖြင့် လျှော်ဖွပ်ခြင်း

အဝတ်လျှော်စက်နဲ့ လျှော်ဖွပ်တဲ့အခါ အဝတ်တွေ စုပြုံမနေအောင် ဂရုစိုက်ပြီး ပုံမှန်လေး လျှော်ပါ။ အဝတ်တွေကို စုပြုံပြီး လျှော်ရင် အဝတ်တွေကြားထဲမှာ ရေညစ်တွေနဲ့ ဆပ်ပြာတွေ ကျန်ခဲ့နိုင်ပြီး အနံ့ဆိုးတွေထွက်လာစေနိုင်ပါတယ်။

ဆပ်ပြာ၊ အစွန်းချွတ်ဆေး၊ အမွှေးရည်တွေကို အများကြီးမသုံးပါနဲ့။ ဒါက အဓိပ္ပာယ်မရှိဘူးလို့ ထင်ရနိုင်ပါတယ်။ တကယ်တော့ ဆပ်ပြာတွေ၊ အမွှေးရည်တွေကို များများသုံးလေ၊ ‌ရေစင်အောင်လုပ်ဖို့ ခက်လေပါပဲ။ ရေစင်အောင် မလျှော်နိုင်ခဲ့ဘူးဆိုရင် အနံ့မွှေးတဲ့ ပစ္စည်းတွေ ဘယ်လောက်သုံးသုံး မထူးတော့ပါဘူး။ အနံ့ဆိုးတွေထွက်လာမှာပါ။

ရှာလကာရည်အဖြူကို ခွက်တစ်ဝက်လောက် ထည့်လျှော်ပါ။ ရှာလကာရည်က သဘာဝ ဘက်တီးရီးယားနှိမ်နှင်းဆေးတစ်မျိုးဖြစ်တဲ့အပြင် ဆပ်ပြာတွေကိုလည်း ပိုမိုပျော်ဝင်စေတဲ့အတွက် အနံ့ဆိုးတွေကို ဟန့်တားပေးနိုင်ပါတယ်။ ပိုကောင်းတဲ့အချက်ကတော့ သူ့ရဲ့ကိုယ်ပိုင် ရှာလကာရည်အနံ့ကလည်း စွဲကျန်နေတာမျိုး မရှိတာပါ။

၂။ လက်ဖြင့် လျှော်ဖွပ်ခြင်း

လက်နဲ့လျှော်ဖွပ်တဲ့အခါမှာတော့ ဆပ်ပြာတွေကို လုံးဝအရည်ပျော်သွားအောင်လုပ်ဖို့က အရေးကြီးပါတယ်။ အရှေ့မှာပြောခဲ့သလိုပါပဲ၊ ဆပ်ပြာတွေကို ရေစင်အောင် မလျှော်နိုင်ခဲ့ဘူးဆိုရင် အနံ့ဆိုးတွေထွက်ဖို့ အားပေးသလိုဖြစ်နေမှာပါ။

အဝတ်တွေကို မိနစ် ၂၀ ထက် ပိုမစိမ်ပါနဲ့။ လက်နဲ့လျှော်တဲ့သူတွေက အဝတ်တွေကို အကြာကြီးစိမ်ထားလေ့ရှိတတ်ကြပါတယ်။ မိုးရာသီမှာတော့ စိုထိုင်းဆများနေတဲ့အတွက် အဲဒါက အနံ့ဆိုးတွေကို ပိုဖြစ်စေတဲ့ အချက်တစ်ခုဖြစ်လာပါတယ်။

ရေကို ကြည်လင်သွားတဲ့အထိ လျှော်ပါ။ အဝတ်တွေကို ရေညှစ်ချတဲ့အခါ ဆပ်ပြာအမြှုပ်တွေရှိနေသေးတယ် ဒါမှမဟုတ် ရေညစ်နေသေးတယ်ဆိုရင် မရသေးပါဘူး။ ရေကို ကြည်လင်သွားတဲ့အထိလျှော်မှ အနံ့ဆိုးတွေ ကင်းဝေးမှာဖြစ်ပါတယ်။

လက်နဲ့လျှော်တဲ့နေရာမှာလည်း ရှာလကာရည်ကို အသုံးချလို့ရပါတယ်။ နောက်ဆုံးအကြိမ် ရေမဆေးခင်မှာ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်းလောက်ကိုထည့်ပြီး ငါးမိနစ်လောက် စိမ်ပေးပါ။

ရေညှစ်ခြင်းအတွက် အကြံပြုချက် - စက်နဲ့လျှော်တဲ့အခါမှာတော့ အဝတ်တွေက တစ်ခါတည်း ခပ်ဖန့်ဖန့်ထွက်လာတဲ့အတွက် ကိစ္စမရှိပေမဲ့ လက်နဲ့လျှော်တဲ့အခါမှာတော့ ရေညှစ်တဲ့နေရာမှာ အရေးကြီးပါတယ်။ အဲဒီအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ ခြောက်သွေ့တဲ့ ပုဝါခပ်ကြီးကြီးတစ်ခုကို ခင်းပြီး လျှော်ထားတဲ့ အဝတ်တွေကို စုလိုက်ပါ။ ပြီးရင် ပုဝါကို လိပ်ပြီး ခြေထောက်နဲ့နင်းတာဖြစ်ဖြစ်၊ လက်နဲ့ဖိတာဖြစ်ဖြစ် ကိုယ်အားသန်သလို ညှစ်ချပါ။ အဲဒါဆိုရင် ခြောက်သွေ့တဲ့ ပုဝါက စိုနေတဲ့အဝတ်တွေဆီက ရေတွေကို မျှပြီး ယူလိုက်သလိုဖြစ်တဲ့အတွက် အကုန်လုံးက ခပ်ဖန့်ဖန့်အခြေအနေကို ရောက်သွားပါလိမ့်မယ်။

အ‌ခြောက်လှမ်းခြင်း

မိုးတွင်းမှာတော့ နေရောင်ရတဲ့အချိန်ကို အပြင်ထုတ်ပြီး အပြေးအလွှားအဝတ်လှမ်းရတာ ထုံးစံပါပဲ။ တကယ်လို့ နေရောင်ကောင်းကောင်းမရတဲ့ တိုက်ခန်းတွေ ဖြစ်နေမယ် ဒါမှမဟုတ် မိုးတောက်လျှောက်ရွာနေမယ်ဆိုရင်တော့ အိမ်ထဲမှာပဲ လှမ်းကြရပါတယ်။ အဲဒီအခါမှာ သတိပြုရမယ့်အချက်လေးတွေကတော့ -

၁။ အဝတ်လှမ်းတဲ့အခါ အရှည်ဆုံး၊ အထူဆုံးအဝတ်တွေကို အစွန်ဆုံးမှာလှမ်းပြီး အခြောက်မြန်တဲ့ အဝတ်တွေကို နောက်ဆုံးမှာလှမ်းပါ။

၂။ အဝတ်တွေကို တစ်ခုနဲ့တစ်ခု ထပ်နေတာမျိုး မဖြစ်ပါစေနဲ့။ အနည်းဆုံး ၂ လက်မစီလောက် ခွာထားပါ။

၃။ တကယ်လို့ အခန်းအပိုရှိမယ်ဆိုရင် အဝတ်လှမ်းတဲ့အခန်းကို သပ်သပ်ထားပြီး ပိတ်ထားပါ။ အခန်းထဲမှာတော့ ပန်ကာဖွင့်ထားတာ ဒါမှမဟုတ် Dehumidifier ထားထားတာမျိုး လုပ်ထားဖို့ လိုအပ်ပါတယ်။

အဝတ်များ သိမ်းဆည်းခြင်း

အဝတ်တွေ ခြောက်သွားပြီဆိုရင် သိမ်းဆည်းတဲ့ပုံစံကလည်း အရေးကြီးပါသေးတယ်။ အဲဒီအတွက် ‌ဆောင်ရန်၊ ရှောင်ရန်လေးတွေကတော့ -

၁။ လုံးဝမခြောက်သေးခင် မသိမ်းပါနဲ့။ တကယ်လို့ အနည်းငယ်ပဲ ခပ်ဖန့်ဖန့်ဖြစ်နေတော့တယ်ဆိုရင် မီးပူတိုက်ပြီး ခြောက်သွေ့သွားအောင် လုပ်နိုင်ပါတယ်။

၂။ အိမ်တွင်းစိုထိုင်းဆများတာကို ထိန်းချုပ်ပါ။ မိုးရာသီမှာ လျှော်မထားတဲ့အဝတ်တွေတောင် စိုထိုင်းထိုင်းဖြစ်ပြီး အနံ့ထွက်လာတတ်တဲ့ တရားခံက အဲဒါပါပဲ။

၃။ အဝတ်ဗီရိုထဲကို မြေဖြူခဲ ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါအမှုန့်ထုပ် ထည့်ထားနိုင်ပါတယ်။ အဲဒါတွေက သဘာဝအတိုင်း ရေငွေ့နဲ့ အနံ့တွေကို စုပ်ယူနိုင်တဲ့ ပစ္စည်းကောင်းတွေဖြစ်ပါတယ်။

၄။ အဝတ်တွေကို ပြည့်ကြပ်နေအောင် မထားပါနဲ့။ အဝတ်တွေကြားထဲမှာ လေဝင်လေထွက်မရှိဘူးဆိုရင် ရေငွေ့တွေ အောင်းနေပြီး အနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။

အကြံပြုချက် - အဝတ်တွေကို တစ်ရက်ခြား၊ နှစ်ရက်ခြားတစ်ခါ နည်းနည်းချင်းစီ ပုံမှန်လျှော်ပါ။ အများကြီးစုလျှော်မယ်ဆိုရင် ခြောက်သွေ့ဖို့အတွက် ရက်သတ္တပတ်တွေအထိ ကြာသွားနိုင်ပြီး အနံ့ဆိုးထွက်တဲ့ပြဿနာတွေ ပိုဖြစ်လာနိုင်သလို ဝတ်စရာကုန်သွားတဲ့ ပြဿနာလည်း ရှိလာနိုင်ပါတယ်။


Share

Comments

Related Posts