PMOS ဖြစ်ရတဲ့အကြောင်းရင်းနဲ့ ရောဂါလက္ခဏာတွေ

Posted in ကျန်းမာရေး


ဒီရက်ပိုင်း အမျိုးသမီးတွေကြားမှာ ကြားရအများဆုံးနဲ့ အဖြစ်အများဆုံး ဟော်မုန်းဆိုင်ရာရောဂါတစ်မျိုးဖြစ်တဲ့ PCOS (Polycystic Ovary Syndrome) ကို ဆေးပညာရှင်တွေက PMOS (Polyendocrine Metabolic Ovarian Syndrome) လို့ တရားဝင် အမည်ပြောင်းလဲ ခေါ်ဝေါ်လိုက်ပါပြီ။ သားဥအိမ်မှာ အရည်ကြည်အိတ်တည်တဲ့ ရောဂါစုလို့ အရင်က သိထားကြပေမဲ့ ဆရာဝန်တွေရဲ့ ဒီရောဂါအပေါ် ပြောင်းလဲနားလည်လာမှုနဲ့ သူ့ရဲ့ သဘောသဘာဝကို ပိုပြီးတိကျစွာ ဖော်ပြနိုင်ဖို့ ရည်ရွယ်ပြီး ဒီနာမည်အသစ်ကို ပြောင်းလဲလိုက်တာပါ။ ဒီဆောင်းပါးထဲမှာတော့ PMOS (အရင် PCOS) လို့ခေါ်တဲ့ ဒီဟော်မုန်းရောဂါရဲ့ ဖြစ်ရတဲ့အကြောင်းရင်းတွေနဲ့ သိထားသင့်တဲ့ ရောဂါလက္ခဏာတွေ အကြောင်းကို အားလုံးသိရအောင် ဝေမျှပေးသွားပါမယ်။

အရင်ဆုံး PMOS ဆိုတာ .....

ဟော်မုန်းအချိုးအစား မညီမျှခြင်းနှင့် ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းမှုတွေကြောင့် ဖြစ်လာတဲ့ ရောဂါဖြစ်ပြီး အခုချိန်မှာ မျိုးဥအိမ်ထဲ အရည်အိတ်လေးတွေ ဖြစ်တယ်ဆိုတာထက် ပိုရှုပ်ထွေးတဲ့ ရောဂါတစ်မျိုးပါ။

တစ်ယောက်နဲ့တစ်ယောက် ဖြစ်ပုံနဲ့ လက္ခဏာပြတာချင်း မတူကြသလို ဟော်မုန်းအတက်အကျလည်း များတဲ့အတွက် သားအိမ်အတွင်းပိုင်းမှာရှိတဲ့ လုပ်ဆောင်ချက်တွေ ထိခိုက်ပြီး ရေရှည်မှာ ကျန်းမာရေးအတွက် ပိုဂရုစိုက်ရမဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ 

ခြုံပြောရရင်တော့ ကျန်းမာတဲ့ အမျိုးသမီးတွေမှာ လစဥ◌် မျိုးဥအိမ်မှာ မျိုးဥဆဲလ်တွေ အများအပြား စတင်ကြီးထွားပြီး အဲ့ထဲက မျိုးဥတစ်လုံးက ရင့်ကျက်လာကာ မျိုးဥထွက်တဲ့အဆင့်ထိ ရောက်ရှိပါတယ်။ PMOS (PCOS) ရှိတဲ့ အမျိုးသမီးတွေမှာတော့ မျိုးဥအိမ်ဆဲလ်တွေ စတင်ကြီးထွားပေမယ့် အဆင့်တစ်ခုရောက်ရင် ရပ်တန့်သွားတတ်ပါတယ်။ အဲဒီလို ရပ်တန့်သွားတာကြောင့် မျိုးဥအိမ်ထဲမှာ မျိုးဥက မကြီးထွားလာတော့ဘဲ မျိုးဥမထွက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ The Guardian ရဲ့ ဆောင်းပါးတစ်ခုမှာ ရှင်းပြထားပါတယ်။

အဓိက လက္ခဏာတွေ

PMOS ရဲ့ လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပေမဲ့ ဒီရောဂါရဲ့သက်ရောက်မှုက ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများကို ထိခိုက်နိုင်ပြီး ၇၀ ရာခိုင်နှုန်းသော ရောဂါဖြစ်သူတွေမှာလည်း ဒီရောဂါဖြစ်ကြောင်း သတိမထားမိကြဘူးလို့ WHO မှာဖော်ပြထားပါတယ်။ 

ရာသီစက်ဝန်း မမှန်ခြင်း - ရာသီလာချိန် ကြာမြင့်တာ၊ ရာသီမမှန်တာ သို့မဟုတ် တစ်နှစ်ကို ၈ကြိမ်/၉ ကြိမ်လောက်သာ ရာသီလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် မျိုးဥ မကြွေတာကြောင့် သားသမီးရနိုင်ခြေကိုပါ ထိခိုက်နိုင်တာပါ။

အမျိုးသားဟော်မုန်း လွန်ကဲခြင်း - မျက်နှာ၊ ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ နောက်ကျောတွေမှာ အမွှေးအမျှင်တွေ ထူထပ်စွာ ပေါက်တာ (Hirsutism)၊ အရေပြားပေါ်မှာ အမည်းစက်တွေ ဖြစ်တာနဲ့ ဝက်ခြံတွေ ပြင်းပြင်းထန်ထန် ထွက်တာတွေ ဖြစ်တတ်ပါတယ်။

ဇီဝကမ္မဆိုင်ရာ အပြောင်းအလဲများ - ကိုယ်အလေးချိန် ရုတ်တရက် တိုးလာတာနဲ့ အထူးသဖြင့် ဗိုက်အဆီတက်တာမျိုးတွေက PMOS ရဲ့ အဓိက လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒီအဆီတွေက ခန္ဓာကိုယ်အတွင်း အင်ဆူလင် ခုခံအားကို အားနည်းစေပါတယ်။

စိတ်ပိုင်းဆိုင်ရာနှင့် အခြားလက္ခဏာများ - စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်လွန်ကဲတာ၊ အလွန်အမင်း မောပန်းနွမ်းနယ်လွယ်တာနဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေလည်း ခံစားရတတ်ပါတယ်။

နေ့စဥ်ဘဝမှာ ဂရုပြုသင့်တဲ့ အချက်တွေ

PCOS ကနေ PMOS လို့ နာမည်ပြောင်းလဲလိုက်တဲ့ ဒီရောဂါဟာ အမျိုးသမီးတွေရဲ့ မျိုးပွားမှုဆိုင်ရာကျန်းမာရေးတစ်ခုတည်းကိုပဲ ဂရုပြုရတာမျိုး မဟုတ်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကိုပါ ခြုံငုံလေ့လာ ကုသရတဲ့ ရောဂါမျိုးဖြစ်လာပါပြီ။ လက်ရှိ ခေတ်ကာလအရလည်း စိတ်ဖိစီးမှုတွေ များပြားလာတယ်၊ အိမ်တွင်းမှာပဲ အချိန်ကုန်ဆုံးလာတယ်၊ ရုံးတွေအလုပ်တွေမှာ အထိုင်များလာတယ်၊ ပြီးတော့ အစားအသောက်ပုံစံတွေလည်း ပြောင်းလဲလာတာကြောင့် PMOS လက္ခဏာတွေနဲ့ ရောဂါတွေကလည်း ပိုမိုသိသာထင်ရှားလာကြတာပါ။ ဒါကြောင့် အပေါ်မှာပြောပြသွားတဲ့ အကြောင်းအရာတွေနဲ့ ချင့်ချိန်ပြီး ကိုယ့်မှာ ဒီလိုရောဂါမဖြစ်အောင် တတ်နိုင်သလောက် ကိုယ်ရောစိတ်ပါ ကျန်းမာနေဖို့ မှန်ကန်တဲ့ စားသောက်နေထိုင်မှုနဲ့ ယှဥ်တွဲနေထိုင်ဖို့ အရေးကြီးလာပါပြီ။ 

ဒီဆောင်းပါးလေးထဲမှာတော့ PMOS ရောဂါဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ လက္ခဏာတွေကို အားလုံးသိထားရအောင် အကြမ်းဖျင်းဖော်ပြပေးလိုက်ပါတယ်။ ဒါက သတင်းအချက်အလက်တစ်ခု အနေနဲ့သာ ဖြစ်တဲ့အတွက် ရောဂါဖြစ်တယ်လို့ သံသယရှိတာနဲ့ စိတ်ချယုံကြည်ရတဲ့ ကျွမ်းကျင်ရာဆရာဝန်တွေရဲ့ ဆေးပညာအထောက်အကူတွေ ရယူပြီး ရောဂါကို သေချာဆန်းစစ် ကုသဖို့ တိုက်တွန်းလိုက်ပါရစေ။


Share

Comments

Related Posts