
ကိုယ်ဝန်ဆောင်ကာလမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အပြောင်းအလဲများစွာနဲ့မလို့ မေမေတို့အတွက် ကျော်ဖြတ်ရခက်တဲ့ ကာလအပိုင်းအခြားတစ်ခုပါ။ အထူးသဖြင့် အနားယူအိပ်စက်ချိန်တွေမှာ ကိုယ်ဝန်ကြောင့် သက်တောင့်သက်သာ မဖြစ်တာက တစ်မျိုး၊ ရာသီဥတုပူလောင်တာတွေကြောင့် တစ်ဖုံ အကြောင်းအမျိုးမျိုးတွေကြောင့် အိပ်ရေးတွေလည်း မဝဘဲ အားအင်ကုန်ခမ်းလွယ်လာတာပေါ့။ ခုလိုအချိန်မျိုးမှာ ကိုယ်ဝန်ဆောင်မေမေတို့က အိပ်ရေးဝနေမှ နောက်တစ်နေ့အတွက် လိုအပ်တဲ့ အင်အားတွေကို ဖြည့်တင်းပေးရုံတင်မကဘဲ ရင်သွေးလေးရဲ့ ဖွံ့ဖြိုးမှုကိုလည်း များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိခင်ရော ကလေးပါ ဘေးကင်းပြီး သက်သောင့်သက်သာရှိစေမယ့် အိပ်စက်ခြင်းပုံစံတွေကို သိရှိထားဖို့က အရေးကြီးပြီး ဒီကနေ မလိုအပ်ဘဲ စိုးရိမ်ပူပန်ရတာတွေကိုလည်း လျှော့ချပေးနိုင်မှာပါ။

မှန်ကန်တဲ့ အိပ်စက်ခြင်းပုံစံ
ကျွမ်းကျင်တဲ့ ဆရာဝန်များရဲ့ အဆိုအရ ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးစောင်းအိပ်ခြင်းကို အညွှန်းဆုံးဖြစ်ပြီး SOS (Sleep On Side) လို့လည်း ခေါ်ကာ အထူးသဖြင့် ဘယ်ဘက်စောင်းအိပ်တာက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
ဘာကြောင့်ဆို ဘယ်ဘက်စောင်းအိပ်တာက အချင်း (Placenta) ဆီကို သွေးလှည့်ပတ်မှု အားကောင်းစေပြီး ကလေးဆီကို အာဟာရနဲ့ အောက်ဆီဂျင် အပြည့်အဝရောက်ရှိစေဖို့ ကူညီပံ့ပိုးပေးတာပါ။ ပြီးတော့ ကျောက်ကပ်အလုပ်လုပ်ပုံကိုလည်း အထောက်အကူပြုတာကြောင့် ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များတဲ့ ခြေ၊လက် ဖောယောင်တာတွေကို သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်။
ဒီလိုဘေးစောင်းအိပ်နိုင်ဖို့ ဒူးနှစ်ဖက်ကြားမှာ ဖက်လုံးလေးတစ်ခု ခံထားတာက တင်ပါးဆုံရိုးကို ညီညာစေပြီး ခါးနာတာကို သက်သာစေတယ်။ ခါးနောက်မှာလည်း ခေါင်းအုံးလေးတစ်ခု ခုထားပေးတာကလည်း အိပ်ပျော်နေတဲ့ အချိန်မှာ မသိစိတ်နဲ့ ပက်လက်လှန်မိတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့အကြောင်း What to Expect ဆိုတဲ့ ကျန်းမာရေးwebsite မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

ရှောင်ကြဥ်ရမဲ့ အိပ်စက်ခြင်းပုံစံ
အပေါ်မှာ ပြောပြထားသလို ဘေးစောင်းအိပ်တာက အကောင်းဆုံးဖြစ်တဲ့အတွက် ပက်လက်အိပ်တာနဲ့ မှောက်အိပ်တာကတော့ ရှောင်ကြဥ်သင့်တဲ့ပုံစံတွေပါ။
ကိုယ်ဝန် ၅လကျော် (Second Trimester) ထဲ ရောက်လာပြီဆို ပက်လက်အိပ်တာကို အတတ်နိုင်ဆုံး ရှောင်ကြဥ်သင့်ပြီး ဒီလိုအိပ်တာက ကိုယ်ဝန်ရဲ့ အလေးချိန်ကြောင့် နှလုံးကိုရောက်တဲ့ သွေးကြောမကြီးကို ဖိမိသလို ဖြစ်ပြီး မိခင်ကို မူးဝေတာ၊ အသက်ရှူရခက်တာနဲ့ သွေးဖိအားကျတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ကလေးဆီကိုလည်း သွေးရောက်တာ နည်းသွားစေနိုင်လို့ အမြဲတမ်း သတိထားပြီး ဘေးစောင်းအိပ်ဖို့ လိုအပ်တာပါ။
နောက်ပြီး မှောက်အိပ်တာကလည်း ကိုယ်ဝန်နုချိန်မှာ ပြဿနာသိပ်မရှိနိုင်ပေမယ့် ဗိုက်စထွက်လာပြီဆိုရင်တော့ မှောက်အိပ်ဖို့ မဖြစ်နိုင်တော့ဘူး။ မှောက်အိပ်တာက အထဲက ကလေးကို ဖိမိသလိုဖြစ်ပြီး မိခင်ရဲ့ လည်ပင်းနဲ့ ပုခုံးကြွက်သားတွေကိုလည်း နာကျင်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံးမှာ ဒီလိုပုံစံ အိပ်တာကို ရှောင်ကြဉ်သင့်တာပါ။ ဒါကြောင့် American Pregnancy Association က စတင် ကိုယ်ဝန်ဆောင်တာနဲ့ ဘေးစောင်းအိပ်တတ်တဲ့ အလေ့အထကို လုပ်ထားပေးတာက ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံးအတွက် အထောက်အကူကောင်း ဖြစ်စေကြောင်း အကြံပြုထားပါသေးတယ်။
အရေးကြီးတဲ့ ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့အတွက် ဘယ်လိုပုံစံ အိပ်စက်သင့်၊ မအိပ်စက်သင့် ဆိုတာတွေကို ဒီဆောင်းပါးလေးကနေ နည်းလမ်းကောင်းတစ်ချို့ ရရှိသွားမယ်လို့ မျှော်လင့်ရင်း မိခင်ရော ကလေးပါ ကျန်းမာရွှင်လန်းစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။
Comments