ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာကြောင့် ဆံပင်ဖြူတွေ ပေါက်တာလဲ

Posted in လူမှုဘဝ


ဆံပင်ဖြူတွေဆိုတာ သဘာဝအတိုင်း အချိန်တန်ရင် ပေါ်လာတတ်တဲ့ အိုမင်းခြင်းလက္ခဏာ တစ်ခုဆိုပေမဲ့ အသက် ၂၀ ဝန်းကျင်နဲ့ တစ်ချို့လူငယ်တွေမှာဆို ဆယ်ကျော်သက်အရွယ်ကတည်းက ဆံပင်ဖြူတွေကို သတိထားမိနေပါပြီ။ ဒီလိုစတွေ့လာပြီဆို အံ့သြတာရော၊ စိုးရိမ်တာရော၊ စိတ်ညစ်တာရောနဲ့ ကိုယ့်ကိုယ် အသက်တွေကြီးနေပြီလို့ ထင်မှတ်တတ်ကြမှာပါ။ ဆံပင်ဆိုတာကလည်း ဒုတိယမျက်နှာဖြစ်တဲ့အလျောက် လှအောင် ထိန်းသိမ်းဖို့လည်း လိုသေးတော့ ဆံပင်ဖြူတွေကို အမြဲ နှုတ်ဖို့၊ ဆေးဆိုးဖို့ ဆိုတာကလည်း မလွယ်တဲ့အတွက် ဘယ်လိုဆက်လုပ်ရမလဲ ထပ်ခေါင်းခြောက်ရပြန်ရောပေါ့။ မျိုးရိုးလိုက်လို့၊ စိတ်ဖိစီးမှုများလို့ စတဲ့ အများပြောနေကျ အကြောင်းရင်းတွေနဲ့ ဆက်စပ်နေမလား ဒါမှမဟုတ် ခန္ဓာကိုယ်တွင်းမှာ ဓာတ်တစ်ခုခု ချို့တဲ့လို့လား စသဖြင့် မေးခွန်းမျိုးစုံကနေ အဖြေရှာကြည့်ဖို့ ဒီဆောင်းပါးလေးမှာ ဆက်ဖတ်ကြည့်လိုက်ရအောင်။ 

မျိုးရိုးဗီဇ

ဆံပင်ဖြူတွေ စောစောတွေ့ရတဲ့ အကြောင်းရင်းတွေထဲက တော်တော်များများက‌တော့ မျိုးရိုးဗီဇကြောင့် အဓိကဖြစ်ပါတယ်။ ကိုယ့် မိဘ ဒါမှမဟုတ် ဘိုးဘွားတွေက အသက် ၂၀ ကျော်မှာ ဆံပင်စဖြူခဲ့တယ်ဆိုရင် ကိုယ်ကလည်း ဒီ DNA ကို အမွေဆက်ခံရတာကြောင့် ဆံပင်စောစောဖြူတတ်တာပါ။ University College London (UCL) ရဲ့ဆောင်းပါးတစ်ခုမှာ ခန္ဓာကိုယ်ထဲမှာ ဆံပင်အရောင်နဲ့ သက်ဆိုင်တဲ့ Melanocytes လို့ခေါ်တဲ့ ဆဲလ်လေးတွေနဲ့ IRF4 လို့ခေါ်တဲ့ မျိုးရိုးဗီဇက ဆံပင်အရောင် ထုတ်ပေးတဲ့ မယ်လနင် (Melanin) ကို ထိန်းချုပ်ထားပါတယ်။ ကိုယ့်မျိုးရိုးဗီဇက ဒီ ဆံပင်အရောင်ထုတ်တဲ့ ဆဲလ်တွေကို မထုတ်ပေးတော့ဘူးဆို ဆံပင်တွေကလည်း အသက် ၂၀ ကျော်တာနဲ့ အရောင်မထွက်တော့ဘဲ ဖြူလာရတာ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုနဲ့ ပတ်ဝန်းကျင်

မျိုးရိုးဗီဇကလည်း ဆံပင်ဖြူစောနိုင်သလို စိတ်ရဲ့ ဖိစီးမှုနဲ့ ဘေးပတ်ဝန်းကျင်ကလည်း ဆံပင်ဖြူအောင် ဖန်တီးပေးတတ်ပြန်ပါတယ်။ စိတ်ဖိစီးမှုဆိုတာက အရမ်းများလာပြီဆို ခန္ဓာကိုယ်က Norepinephrine ဆိုတဲ့ ဟော်မုန်းတွေ ထွက်လာပြီး ဆံပင်အရောင် ထုတ်ပေးတဲ့ ဆဲလ်တွေကို ပျက်စီးစေတယ်လို့ Nature ရဲ့ တွေ့ရှိချက်တွေမှာ ဖတ်ရှုနိုင်တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပူပြင်းတဲ့ နေဒဏ်ကြောင့်ရော၊ ရေနဲ့လေ ညစ်ညမ်းမှုတွေကြောင့်လည်း အချိန်မတိုင်ခင် ဆံပင်ဖြူစေဖို့ အထောက်အပံ့ကောင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အခုလိုပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်နဲ့ လူမှုဖိစီးမှုတွေက ဆံပင်ဖြူတာကို အလွယ်တကူ ဖြစ်စေတဲ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေလည်း အဖြစ်များလာတော့တာပါပဲ။ 

ချို့တဲ့ အာဟာရ 

နေ့တိုင်း စားနေတဲ့ အစားအသောက်တွေမှာ Vitamin B12၊ Vitamin D3 နဲ့ Copper ဓာတ်တွေ မပါဝင်တာက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ ဆံပင်ဖြူတာတွေ ဖြစ်စေပါတယ်။ ဒီလိုမဖြစ်ရအောင် လူငယ်တွေအနေနဲ့ အစားအသောက်မရွေးဘဲ နှမ်းနက်၊ ဗာဒံစေ့ နဲ့ ပဲနီလေး တို့လို အစေ့အဆန်တွေကို သေချာပေါက် ပုံမှန်စားပေးသင့်ပါတယ်။ ဒါမှသာ ဒီအစားအသောက်တွေက Melanin ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ဓာတ်ပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အခုလို အာဟာရပြည့်ဝအောင် စားမှသာ ဆံပင်ဖြူတာတွေ အတိုင်းအတာတစ်ခုထိ အထွက်နှေးသွားအောင် လုပ်ဆောင်နိုင်မှာပါ။

အသက်ငယ်ငယ်မှာ ဆံပင်ဖြူတာဟာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို၊ လူနေမှုပုံစံကြောင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ မျိုးရိုးဗီဇကို ပြုပြင်ပြောင်းလဲလို့ မရပေမဲ့လည်း စိတ်ဖိစီးမှုကို လျှော့ချပြီး ကျန်းမာတဲ့ လူနေမှုပုံစံပြောင်းလဲကာ ကိုယ့်ခန္ဓာကိုယ်က ဘယ်လို အာဟာရဓာတ်တွေ လိုအပ်နေလဲဆိုတာ အမြဲဆန်းစစ်ကြည့်နေဖို့ အကြံပြုချင်ပါတယ်နော်။ 


Share

Comments

Related Posts