
မျောက်ကျောက်ရောဂါ သို့မဟုတ် Monkeypox (Mpox) ဆိုတာ တိရစ္ဆာန်တွေကတစ်ဆင့် လူသားတွေကို ကူးစက်ပြန့်ပွားတတ်တဲ့ ရောဂါဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံး အခုချိန်ထိ စောင့်ကြည့်လေ့လာနေကြတဲ့ ဗိုင်းရပ်စ်ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ Monkeypox Virus ကနေ စတင်ဖြစ်ပေါ်လာတဲ့ ဒီရောဂါက ကူးစက်ခံရပြီဆို အရေပြားပေါ်မှာ အဖုအပိန့်တွေထွက်တာ၊ အဖျားတက်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်နာကျင်တာတွေ ခံစားရပြီး အများစုကတော့ ပြန်လည်ကောင်းမွန်လာပေမယ့် တချို့ကျတော့လည်း ပြင်းပြင်းထန်ထန်ခံစားရတတ်တာပါ။ ကာကွယ်ခြင်းက ကုသခြင်းထက် အကောင်းဆုံးဖြစ်တာမလို့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ အခုလို ကူးစက်ရောဂါဖြစ်လာရင် သူ့ရဲ့ ရောဂါအကြောင်းကို ကြိုတင်သိရှိထားပြီး တတ်နိုင်သမျှ ကာကွယ်ထားနိုင်အောင် ဒီတစ်ခေါက် ဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ပါရစေ။

သမိုင်းကြောင်း
၁၉၅၈ ခုနှစ်မှာ ဒိန်းမတ်နိုင်ငံရဲ့ သုတေသန ဓာတ်ခွဲခန်းသုံး မျောက်တွေကနေ ဒီရောဂါကို စတင်တွေ့ရှိခဲ့ပြီး အစပိုင်းမှာတော့ အာဖရိကအလယ်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေမှာသာ ကူးစက်ပျံ့နှံ့လေ့ရှိပါတယ်။ ဒါပေမယ့် ၁၉၇၀ ခုနှစ်မှာတော့ ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံမှာ မျောက်ကျောက်ရောဂါကို လူတွေမှာ စတင်တွေ့ရှိခဲ့ပြီး ၂၀၂၂ ခုနစ်ကနေ ဒီနေ့အထိ တစ်ကမ္ဘာလုံးဆိုင်ရာ ရောဂါတစ်ခုအနေနဲ့ ကူးစက်ပြန့်ပွားလာခဲ့တယ်လို့ Wikipedia မှာ ဖော်ပြထားပါတယ်။ အဲ့ကာလ မတိုင်ခင်မှာ အာဖရိကပြင်ပမှာ ရောဂါကူးစက်ဖြစ်ပွားတာ အလွန်ရှားပါးပြီး ရောဂါရှိရာ ဒေသတွေကို ခရီးသွားလာသူတွေမှာသာ အဓိကတွေ့ရှိရတာပါ။ ဒီဗိုင်းရပ်စ်ပိုးက ရောဂါဖြစ်ထားသူရဲ့ အဝတ်အစားတွေ၊ အိပ်ယာခင်းတွေ စတဲ့ အသုံးအဆောင်တွေ ပြီးတော့ ရောဂါဖြစ်ထားတဲ့ တိရစ္ဆာန်တွေရဲ့ မသန့်ရှင်းတဲ့ပစ္စည်းတွေ၊ အမှုန်အမွှားတွေ ရှူမိ၊ ထိတွေ့မိတာက တစ်ဆင့် ကူးစက်နိုင်တာကြောင့် ခပ်ခွာခွာနေထိုင်နိုင်ဖို့ အရေးကြီးပါတယ်။

ရောဂါလက္ခဏာများ
မျောက်ကျောက်ရောဂါပျံ့နှံ့တာကို ထိထိရောက်ရောက် ကာကွယ်ဖို့ဆို ရောဂါလက္ခဏာတွေကို စောစောစီးစီး သိရှိလေ့လာထားနိုင်ဖို့ လိုအပ်ပါတယ်။ ရောဂါပိုးနှင့် ထိတွေ့ပြီးနောက် သုံးပတ်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်ပေါက်တတ်တာပါ။ အဖြစ်များတာကတော့
- အမြင်သာဆုံး လက္ခဏာဖြစ်တဲ့ အရေပြားပေါ်မှာ အဖုအပိမ့်တွေ ထွက်တာက မျောက်ကျောက်ရောဂါရဲ့ သံသယလက္ခဏာလို့ ယူဆလို့ရပါတယ်။ အစက်တွေ၊ အဖုတွေကနေ အရည်ကြည်ဖုတွေ ဖြစ်လာကာ အနာဖေးတက်ပြီးမှ ပျောက်ကင်းသွားလေ့ရှိပါတယ်။
- လူအများစုကတော့ ဖျားတာ၊ ချမ်းတုန်တာ၊ ခေါင်းကိုက်တာနဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ စတဲ့ တုပ်ကွေးနဲ့တူတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။
- အရည်အိတ်တွေ ရောင်ရမ်းတာကတော့ သူ့ရဲ့ ထူးခြားသောလက္ခဏာဖြစ်ပြီး ရေကျောက်၊ ဝက်သက် တို့လိုမျိုး တခြား အရေပြားရောဂါတွေနဲ့ ခွဲခြားသိရှိနိုင်ဖို့ အထောက်အကူပြုပါတယ်။
- နောက်ပြီး ဒီဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ အရမ်းပင်ပန်းနွမ်းနယ်တာ၊ နုံးချိတာတွေကိုလည်း ခံစားရလေ့ရှိတတ်ပါတယ်။

ကုသနည်း
မျောက်ကျောက်ရောဂါက သူ့အလိုလို ပြန်လည် သက်သာပျောက်ကင်းသွားတတ်တဲ့ ရောဂါမျိုးဖြစ်တာကြောင့် ခံစားနေရတဲ့ လက္ခဏာတွေကို သက်သာစေဖို့နဲ့ နောက်ဆက်တွဲ ပြဿနာများ မဖြစ်ပွားစေဖို့ အတွက်သာ အဓိကထား ကာကွယ်သင့်တယ်လို့ WHO ရဲ့ ဆောင်းပါးမှာ အကြံပြုထားပါတယ်။
- ကျွမ်းကျင်ရာ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း အဖျားကျဆေးနဲ့ နာကျင်ရောင်ရမ်းတာတွေ သက်သာစေမဲ့ ဆေးဝါးများကို ရောဂါလက္ခဏာတွေ သက်သာအောင် သုံးစွဲနိုင်ပါတယ်။
- ကူးစက်တာကို ကာကွယ်ဖို့အတွက် ရောဂါဖြစ်ပွားမှု သံသယရှိသူ သို့မဟုတ် အတည်ပြုလူနာတွေက အရေပြားပေါ်က အနာဖေးတွေအားလုံး ကျွတ်သွားပြီး အသားသစ်ပြန်တက်လာတဲ့ အချိန်အထိ အခြားသူတွေနဲ့ သီးသန့်နေထိုင်သင့်ပါတယ်။
- ကိုယ်တိုင်က မျောက်ကျောက်ရောဂါလက္ခဏာတွေ ရှိတယ်လို့ သံသယရှိတယ်ဆို ကျွမ်းကျင်ဆရာဝန်တွေနဲ့ စစ်ဆေးမှုပြုလုပ်ပြီး အနီးဆုံး ဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက်ကုသဖို့ အရေးကြီးပါတယ်။

ကာကွယ်နည်း
အခုလို မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ဖို့အတွက် ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုဝင်တွေက ကြိုတင်ကာကွယ်ရေး နည်းလမ်းကောင်းတွေကို သိရှိထားတာက အထိရောက်ဆုံးပဲ ဖြစ်ပါတယ်။
- ရောဂါလက္ခဏာတွေ ရှိနေသူတွေနဲ့ အနီးကပ် ထိတွေ့တာ၊ အရေပြားချင်း ထိတွေ့တာနဲ့ လိင်ပိုင်းဆိုင်ရာ ထိတွေ့တာတွေကို သေချာပေါက် ရှောင်ကြဥ်သင့်တဲ့အပြင်
- တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လက်ကို စနစ်တကျဆေးကြောတာ၊ နှာခေါင်းစည်း Mask ဝတ်ဆင်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်တာက ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ် အကောင်းဆုံးနည်းလမ်းတွေပဲ ဖြစ်ပါတယ်။
မျောက်ကျောက်ရောဂါနဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့လက္ခဏာတွေ၊ ကာကွယ်နည်းတွေ သိထားတာက ကိုယ့်ကျန်းမာရေးအတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ အထောက်အကူကောင်း ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အဓိကကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ပြီး ဒီရောဂါနဲ့ ပတ်သတ်တဲ့ နောက်ဆုံးရ ကျန်းမာရေးသတင်းတွေကိုလည်း အမြဲစောင့်ကြည့်ဖို့ အကြံပြုရင်း အားလုံး ကျန်းမာရွှင်လန်းပြီး ဘေးကင်းလုံခြုံကြစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Comments