
ဘယ်အချိန်၊ ဘယ်နေရာဖြစ်ဖြစ် ဝယ်ရလွယ်၊ ချက်ရလွယ်တဲ့ ကြက်သားဟာဆိုရင် ခန္ဓာကိုယ်အတွက် မရှိမဖြစ် Protein ဓာတ်တွေ ပေးစွမ်းနိုင်တဲ့ အဓိကအစားအစာတစ်ခုပါပဲ။ အခုလို ကြက်သားထဲမှာတင် အာဟာရတွေ ပြည့်ပြည့်စုံစုံ ပါဝင်နေပေမဲ့ ကိုယ်ချက်တဲ့ပုံစံပေါ် မူတည်ပြီး စားတဲ့အခါ အာဟာရဓာတ် ဘယ်လောက်အနည်းအများ ရမလဲ ကွာခြားသွားနိုင်ပါတယ်။ ဘာကြောင့်ဆို ဟင်းချက်ကြတဲ့အခါ အသားရဲ့ အာဟာရအရှိဆုံး အစိတ်အပိုင်းတွေကို ပစ်မိလိုက်တာ၊ အသားကောင်းကောင်း မကျက်တာ၊ မီးပြင်းပြီး အာဟာရဓာတ်တွေ ဆုံးရှုံးကုန်ခမ်းကုန်တာ စသဖြင့် အမှားတွေ လုပ်နေမိတတ်တာကြောင့်ပါ။ ဒီလိုမဖြစ်ရအောင် ကြက်သားကို ကြော်ကြော်၊ ချက်ချက်၊ ပြုတ်ပြုတ် အရသာရှိနေအောင်နဲ့ အရေးကြီးတဲ့ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်လိုက်ရအောင်။

ဘာကြောင့် ချက်ပုံချက်နည်းက အရေးကြီးတာလဲ
ကြက်သားထဲက B Vitamins တွေဖြစ်တဲ့ B3 ၊ B6 နဲ့ B12 တွေက အပူချိန်ပြင်းပြင်းနဲ့ အချိန်ကြာကြာ ချက်ပြုတ်တဲ့ဒဏ်ကို မခံနိုင်တဲ့အတွက် သူ့ရဲ့ အာဟာရဓာတ်တွေက ရေထဲမှာ ပျော်ဝင်သွားတတ်ပါတယ်။ ပြီးတော့ ကြက်သားမှာပါတဲ့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်အများစုကလည်း ရေမှာ ပျော်ဝင်လွယ်တဲ့အတွက် ရေများများနဲ့ ပြုတ်မိတယ်ဆို အဲ့ဒီရေကို လွှင့်ပစ်လိုက်မယ်ဆိုရင် အာဟာရဓာတ်တွေလည်း အသားထဲကနေ ဆုံးရှုံးသွားမှာ ဖြစ်တယ်လို့ Healthline ရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားတာပါ။
ဒါကြောင့် ကြက်သားကို ရေနွေးငွေ့နဲ့ ပေါင်းတာ၊ Pressure Cooker နဲ့ ချက်တာတွေက အသားကိုလည်း နူးနူးညံ့ညံ့ဖြစ်စေပြီး မြန်မြန်ဆန်ဆန် ချက်ပြုတ်နိုင်မဲ့အပြင် ကြက်သားထဲက Vitamin B-complex၊ သံဓာတ်နှင့် အရည်အသွေးမြင့်တဲ့ ပရိုတင်းဓာတ်တွေကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

ဘယ်လို အကောင်းဆုံး ချက်ကြမလဲ
ကြက်သားကို ကျန်းမာရေးညီညွတ်အောင် ချက်ပြုတ်ဖို့ဆို အပူချိန်၊ ချက်ပြုတ်တဲ့ ကြာချိန်ကို အဓိကထား သတိပြုပေးပြီး အသားရဲ့ အာဟာရဓာတ်တွေနဲ့ အစိုဓာတ် မပျောက်သွားအောင် ချက်ပြုတ်နိုင်ရင် အကောင်းဆုံးပါပဲ။
အပူချိန်ထိန်း ချက်ပြုတ်နည်း - ဒီနည်းလမ်းကတော့ Sous Vide လို့ခေါ်ပြီး အသားကို ပလတ်စတစ်အိတ်ထဲ ရေလုံ၊ လေလုံအောင် ထည့်ပြီး အပူချိန်နည်းနည်းနဲ့ ရေထဲမှာ ပြုတ်ထားတာမျိုးပါ။ ဒီလိုအပူချိန် သတ်မှတ်ထားပြီး ချက်ပြုတ်တာက အသားထဲမှာရှိတဲ့ အစိုဓာတ်ကိုလည်း ထိန်းသိမ်းထားနိုင်ပြီး အတွင်းထဲထိ အသားကျက်လွယ်ကာ Vitamins ဓာတ်တွေလည်း မပျက်စီးစေတော့ပါဘူး။
ရေနွေးငွေ့နဲ့ ပေါင်းနည်း (Steaming) - အသားကို ရေနှင့် တိုက်ရိုက်ထိတွေ့မှုမရှိစေတဲ့ ချက်နည်းဖြစ်တဲ့အတွက် ရေမှာ ပျော်ဝင်လွယ်တဲ့ အာဟာရဓာတ်တွေကို မဆုံးရှုံးစေဘဲ အသားကိုလည်း နူးနူးညံ့ညံ့ဖြစ်စေပါတယ်။ ခုနက ပြောသွားတဲ့ Pressure Cooker နဲ့ ချက်တာကလည်း အာဟာရဓာတ်တွေ ထိန်းသိမ်းထားနိုင်ပါတယ်။
အပူပေး မီးကင်နည်း (Roasting) - ဒီချက်ပြုတ်နည်းကတော့ အဆီ ပျော်ဝင်လွယ်တဲ့ Vitamins A၊ D၊ E၊ K နဲ့ သံဓာတ် စတဲ့ သတ္တုဓာတ်တွေ တခြားမပျံ့လွှင့်သွားအောင် ကူညီပေးလို့ ဒီနည်းလမ်းလေးတွေကို အဓိကထားချက်ပြုတ်နိုင်ပါတယ်။

Pro Tips
ကြက်သားကို အာဟာရဓာတ်မဆုံးရှုံးအောင် ချက်ပြုတ်ဖို့အတွက် မှန်ကန်တဲ့ချက်ပြုတ်နည်းတွေ သိထားဖို့အပြင် ချက်ဖို့ပြင်ဆင်တဲ့အပိုင်းမှာရော ချက်ပြုတ်နေချိန်မှာပါ ဂရုစိုက်သင့်ပါတယ်။
- ကြက်သားကို မချက်ပြုတ်ခင် အပိုင်းသေးသေးလေးတွေ တုံးထားတာက အပူနဲ့ ထိတွေ့ရတဲ့အချိန်ကို လျှော့ချနိုင်ပြီး Vitamins တွေ ဆုံးရှုံးတာကို ကာကွယ်ပေးနိုင်ပါတယ်။
- ဘက်တီးရီးယားတွေ ဖယ်ရှားဖို့နဲ့ အသား ကောင်းကောင်းကျက်ဖို့ဆို အပူချိန် 165°F (74°C) ရောက်အောင် ချက်ပြုတ်ဖို့ လိုပါတယ်။ တိတိကျကျချက်ပြုတ်နိုင်လေ အကောင်းဆုံးဖြစ်တာကြောင့် Meat Thermometer အသုံးပြုပြီး ချက်ပြုတ်တာက အသားမကျက်တာ သို့ အကျက်လွန်တာတွေ မဖြစ်စေတော့ပါဘူး။
- နောက်ပြီး ကြက်သားကို ပြုတ်ပြီး ချက်မယ်ဆိုရင် နောက်ဆုံး ကျန်ခဲ့တဲ့ အရည်ကို လွှင့်မပစ်ဘဲ အာဟာရဓာတ်ကြွယ်ဝတဲ့ ဟင်းချိုအဖြစ် ပြန်လည်အသုံးပြုတာကလည်း အာဟာရဓာတ်တွေကို ပြန်လည်ရရှိနိုင်ပါတယ်။
ဒါကြောင့် ကြက်သားချက်တဲ့အခါ ကျက်အောင်ချက်ဖို့ဆိုတာထက် အသားရဲ့ Protein ဓာတ်နဲ့ အစိုဓာတ်တွေ ထိန်းသိမ်းထားနိုင်ဖို့ အပူချိန်နဲ့ ကြာချိန် အတိအကျထားရှိပြီး နည်းလမ်းမှန်ကန်စွာ ချက်ပြုတ်တာ အကောင်းဆုံးဖြစ်ကြောင်း အကြံပြုဖော်ပြလိုက်ပါတယ်နော်။
Comments