ခြေထောက်လေးတွေ ကျန်းမာလှပစေဖို့ နည်းလမ်း ၅ခု

Posted in ကျန်းမာရေး


ခြေဖဝါးလေးတွေဟာ ကိုယ်ခန္ဓာတစ်ခုလုံးကို သယ်ပိုးထားပြီး နေပူမရှောင်၊ မိုးရွာမရှောင် တစ်နှစ်ပတ်လုံး သွားလာလှုပ်ရှားပေးနေတဲ့ အသံတိတ်သူရဲကောင်းလေးတွေပါ။ မျက်နှာ၊ ဆံပင်နဲ့ တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သန့်ရှင်းလှပနေအောင် ပြုပြုပြင်ပြင်ရှိကြပေမယ့် ခြေထောက်ကိုတော့ ဂရုစိုက်ပေးဖို့ မေ့နေတတ်ကြပါတယ်။ ဒီလိုဂရုမစိုက်ဖြစ်တဲ့အခါ ခြေဖနောင့်ကွဲတာ၊ မှိုစွဲတာအပြင် ခြေဆီနံ့ ပြင်းထန်တဲ့ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဘယ်ရာသီမှာမဆို သင့်ခြေထောက်လေးတွေ ကျန်းမာသန့်ရှင်းပြီး နူးနူးညံ့ညံ့ရှိနေစေဖို့ ဂရုစိုက်နည်း (၉) ခုကို ဝေမျှပေးချင်ပါတယ်။

၁။ ဆပ်ပြာဖြင့် သေချာပွတ်တိုက်ဆေးကြောပါ

ရေချိုးတဲ့အခါ ခြေထောက်ပေါ် ဆပ်ပြာရည် ကျသွားရုံနဲ့ မလုံလောက်ပါဘူး။ ဘက်တီးရီးယားတွေဟာ ခြေချောင်းကြားတွေမှာ ခိုအောင်းနေတတ်လို့ ရေချိုးတဲ့အခါတိုင်း ခြေဖဝါးနဲ့ ခြေချောင်းကြားတွေကို သေချာ ပွတ်တိုက်ဆေးကြောပါ။ ဒါမှ အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေကို အမြစ်ပြတ်စေမှာ ဖြစ်ပါတယ်။ မိုးတွင်းဆိုလည်း မိုးတွင်းအလျောက် လမ်းဘေးက ရေအိုင်တွေထဲ ခြေထောက်ထိမိရင် ပိုးမွှားတွေ အများကြီး ကပ်ပါလာနိုင်လို့ အိမ်ပြန်ရောက်တာနဲ့ ဆပ်ပြာနဲ့ ချက်ချင်းဆေးပါ။

၂။ ခြေချောင်းကြားတွေ ခြောက်သွေ့စေပါ

စိုထိုင်းဆဟာ ခြေထောက်ကျန်းမာရေးအတွက် အဓိက ရန်သူဖြစ်တာကြောင့် ရေချိုးပြီးတိုင်း တဘက်တစ်ခုကို ခြေချောင်းကြားထဲအထိ ခြောက်သွေ့အောင် သေချာသုတ်ရမှာပါ။ ဘာကြောင့်ဆို ခြေထောက်စိုနေတုန်း ခြေအိတ်စွပ်လိုက်ရင် မှိုစွဲဖို့ အလားအလာများစေလို့ပါပဲ။

၃။ ခြေဆီနံ့ မထွက်‌အောင် ထိန်းသိမ်းပါ

ခြေဆီနံ့ဟာ ချွေးကြောင့် ဖြစ်တာမဟုတ်ဘဲ ချွေးကို စားသုံးတဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာပါ။ ဒီလိုအနံ့ဆိုးထွက်တတ်ရင် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာနဲ့ ဆေးကြောတာ၊ တစ်ပတ်တစ်ကြိမ် အေးပြီးသား လက်ဖက်ရည်ကြမ်းထဲမှာ ခြေထောက်စိမ်ပေးတာက ချွေးပေါက်တွေကို ကျဥ်းစေပြီး အနံ့ဆိုးထွက်တာကို သိသိသာသာ လျှော့ချပေးမှာပါ။ နောက်ပြီး ခြေထောက်ချွေးထွက်တတ်သူတွေက ဖိနပ်တစ်စုံတည်းကို နေ့တိုင်းစီးတာက ဘက်တီးရီးယားတွေ ပွားများစေပါတယ်။ ဒါကြောင့် ဖိနပ်တစ်စုံကို စီးပြီးရင် အနည်းဆုံး ၂၄ နာရီကြာ လေဝင်လေထွက်ရှိတဲ့နေရာမှာ အနားပေးပါ။ ဒါမှသာ ဖိနပ်အတွင်းထဲက ချွေးတွေ လုံးဝခြောက်သွေ့သွားစေမှာ ဖြစ်ပါတယ်။

၄။ လေဝင်လေထွက်ကောင်းတဲ့ ခြေအိတ်ကို ရွေးပါ

ချည်သား (၁၀၀% Cotton) ခြေအိတ်တွေဟာ ချွေးစိုရင် အကြာကြီး စိုထိုင်းနေတတ်လို့ ခြေထောက်ကို တစ်နေ့လုံး ခြောက်သွေ့နေစေအောင် ချွေးစုပ်ယူမှု ကောင်းပြီး အခြောက်မြန်တဲ့ ဝါးမျှင် သို့မဟုတ် အားကစားသုံး ခြေအိတ်တွေကို ရွေးချယ်ပေးသင့်ပါတယ်။ 

၅။ ခြေဖနောင့်က ဆဲလ်သေများကို ဖယ်ရှားပါ

ခြေထောက်လေးတွေ မလှမပဖြစ်စေတဲ့ နောက်ထပ်တရားခံတွေက အသားမာတွေပါပဲ။ ခြေဖနောင့်က အသားမာတွေဟာ ကြာလာရင် အက်ကွဲပြီး နာကျင်တာ၊ ပိုးဝင်တာမျိုး ဖြစ်နိုင်လို့ တစ်ပတ်ကို နှစ်ကြိမ်ခန့် ခြေထောက်တိုက်ကျောက် သို့မဟုတ် ခြေထောက်တိုက်တံနဲ့ စိုစွတ်နေတဲ့ အရေပြားကို ပွတ်တိုက်ပေးမယ်ဆို ခြေဖနောင့်ကို နူးညံ့သွားစေမှာပါ။  နွေ သို့ ဆောင်းမှာလည်း လေထုခြောက်သွေ့တဲ့အခါ ခြေဖနောင့်မကွဲအောင် ညအိပ်ခါနီးတိုင်း ခြေထောက်လိမ်းခရမ် သို့မဟုတ် Vaseline ကို သေချာ လိမ်းပေးပါ။

ခြေထောက်လေးတွေ သန့်ရှင်းကျန်းမာနေအောင် ဒီအချက်လေးတွေနဲ့ ဂရုစိုက်ဖို့အပြင် အဖြစ်များတဲ့ ခြေသည်းငုပ်တာ၊ ခြေစွယ်ငုတ်တာတွေအတွက်လည်း ခြေသည်း ညှပ်တဲ့အခါ ဘေးထောင့်တွေကို နှိုက်မညှပ်ဘဲ တည့်တည့်ညှပ်မှသာ ခြေသည်းက အသားထဲ တိုးမဝင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ခြေသည်းတွေ ဝါလာတာ၊ ယားယံတာ ဒါမှမဟုတ် ထိမိခိုက်မိလို့ အနာမကျက်တာမျိုးတွေ ဖြစ်တယ်ဆို ဆရာဝန်နဲ့ပြဖို့ အချိန်မဆွဲနေသင့်ကြောင်း သတိပေးရင်း ကျန်းမာလှပတဲ့ ခြေဖဝါးတစ်စုံကို ပိုင်ဆိုင်နိုင်ဖို့ ဆုမွန်ကောင်းလိုက်ပါတယ်။


Share

Comments

Related Posts