
နေ့ရက်တိုင်း အချိန်တိုင်းမှာ ရေအလုံအလောက် သောက်ဖြစ်ဖို့ အရေးကြီးတယ်ဆိုတာ လူတိုင်းနီးပါး သိကြပေမဲ့ တကယ်တမ်းမှာ အမြဲရေဓာတ်ပြည့်ဝအောင် နေဖို့ ခက်ခဲတတ်ကြပါတယ်။ လူ့ခန္ဓာကိုယ်ကို ရေဓာတ် ၇၀% နဲ့ ဖွဲ့စည်းထားတာကြောင့် “ရေအသက် တစ်မနက်” ဆိုသလို မနက်အိပ်ရာထချိန် ကနေ ညအိပ်ရာဝင်ချိန်အထိ ရေပုံမှန်သောက်ဖြစ်ဖို့ အရေးကြီးတာပါ။ ရေဓာတ်ပြည့်ဝနေမှ အားအင်ဖြစ်ပြီး အာရုံစူးစိုက်မှုကောင်းစေကာ ရေရှည်ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိနေမှာဖြစ်လို့ ရေများများသောက်တတ်တဲ့ အလေ့အကျင့် သေချာရှိသင့်ပါတယ်။ ဒါကြောင့် ရေသောက်ဖို့ မမေ့အောင်နဲ့ ရေသောက် မပျင်းရလေအောင် လုပ်ဆောင်သင့်တဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

ရေများများသောက်ဖြစ်ဖို့ ဘာကြောင့်ခက်ခဲကြတာလဲ
ရေသေချာသောက်ဖို့ ကျန်းမာရေးအသိ ရှိကြပေမဲ့လည်း အလုပ်များတာတွေ၊ အလေ့အကျင့်မရှိတာတွေကြောင့် ရေသောက်ဖို့ မေ့တတ်ကြပါတယ်။ ဒါကြောင့် ရေဆာတယ်လို့ ခံစားရမှပဲ ရေကို ပြေးသောက်ဖြစ်ကြတာ များတာပါ။ ရေဆာတယ်ဆိုတဲ့ အသိက နောက်ကျမှ ပေါ်လာတတ်တာကြောင့် ကိုယ်က ရေဆာတယ်လို့ ခံစားရချိန်မှာ ခန္ဓာကိုယ်က ရေဓာတ် လိုအပ်နေတာ ကြာမြင့်နေပါပြီ။ အထူးသဖြင့် ကိုယ်က အားကစားအမြဲလုပ်တယ်၊ နေပူထဲ အလုပ်လုပ်တယ်၊ ပူပြင်းတဲ့ နေရာဒေသတွေမှာ နေတယ်ဆို ရေဓာတ် ပိုလိုအပ်တာကြောင့် ရေဆာမှ၊ သတိရမှ ရေသောက်လို့ မဖြစ်တော့ပါဘူး။ ဒါကြောင့် ရေသောက်ဖို့ မမေ့ဘဲ အလေ့အကျင့်လေး ဖြစ်နေစေဖို့ နည်းလမ်းတစ်ချို့ရှိပါတယ်။

ရေဓာတ်ဖြည့်ဖို့ နည်းလမ်းကောင်း၅ခု
ရေဘူး အမြဲဆောင်ထားပါ - ရေဘူးကို ကိုယ့်လက်တစ်ကမ်းမှာ အမြဲထားထားတာက တစ်နေ့တာလုံး ရေကို နည်းနည်းစီသောက်ဖြစ်ဖို့ ပိုလွယ်ကူစေပါတယ်။ အခုခေတ်မှာ အမျိုးအစားအစုံ၊ အရွယ်အစားအစုံ ရေဘူးလှလှလေးတွေလည်း ရှိနေပြီဖြစ်လို့ နှစ်သက်ရာ ရွေးချယ်ဝယ်ယူသောက်တာက ရေပိုသောက်ချင်စိတ် ဖြစ်စေနိုင်ပါတယ်။
သဘာဝအရသာ ပေါင်းထည့်ပါ - ရေချည်းပဲ သောက်ရတာ ပျင်းစရာကောင်းရင် သံပရာသီး၊ သခွားသီး၊ ပူစီနံ စတာလေးတွေကို ထည့်စိမ်ပြီး ရေအစားထိုး သောက်ကြည့်ပါ။ ဒီကနေ တဖြည်းဖြည်း အကျင့်ရသွားရင် ရေအမြဲသောက်ဖြစ်ဖို့လည်း မခက်ခဲတော့တာ တွေ့ရမှာပါ။
အစာမစားခင် ရေတစ်ဖန်ခွက် ကြိုသောက်ပါ - ဒါက ကိုယ်ပုံမှန်လုပ်နေကျ အလုပ်တစ်ခုနဲ့ တွဲပြီး ရေသောက်တဲ့ အလေ့အကျင့်ကို ဖန်တီးတာမျိုးပါ။ ဒါကြောင့် အစာမစားခင် ရေတစ်ခွက် အရင်သောက်တာက ရေသောက်ဖြစ်အောင် သတိရစေတဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။

ရေဓာတ်ပါဝင်တဲ့ အစားအစာများကို စားပေးပါ - ရေပုံမှန်သောက်ဖြစ်ဖို့ လုပ်ဆောင်နေရင်းနဲ့မှ ရေဓာတ်ပါဝင်မှု များတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးတာကလည်း ကိုယ်တွင်းရေဓာတ်ဖြည့်ဖို့ အထောက်အကူဖြစ်စေမှာပါ။
Tracking App သို့မဟုတ် Alarm အသုံးပြုပါ - ဒီနည်းလမ်းကတော့ ရေသောက်ဖို့ အမြဲမေ့နေတတ်တဲ့ သူတွေအတွက် စစချင်းမှာ ဖုန်းထဲမှာ အချိန်မှတ်ပေးတဲ့ Alarm ထားတာမျိုး သို့ ရေသောက်ဖို့ သတိပေးတဲ့ App တွေကို အသုံးပြုပြီး ရေသောက်ရမယ့်အချိန်ကို သတိပြုမိအောင် စတင်လုပ်ဆောင်ပေးနိုင်ပါတယ်။
အခုပြောပြသွားတဲ့ နည်းလမ်းတွေအပြင် ရေများများသောက်ဖြစ်ဖို့ လုပ်ဆောင်နေကြ တခြားနည်းလမ်းတွေ ရှိရင်လည်း အားလုံးသိအောင် မျှဝေခဲ့ဦးနော်။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ဖြည်းဖြည်း လုပ်ဆောင်သွားမယ်ဆို တစ်နေ့တာလုံးရဲ့ လုပ်ငန်းဆောင်တာတွေမှာ သွက်လက်တက်ကြွနေမဲ့အပြင် ရေရှည်ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးကောင်းတွေ ရရှိစေမှာပါ။
Comments