အီဘိုလာဗိုင်းရပ်စ် (Ebola) ဆိုတာ

Posted in ကျန်းမာရေး, အထွေထွေကျန်းမာရေး


ကမ္ဘာပေါ်မှာဖြစ်ပွားလေ့ရှိတဲ့ ဗိုင်းရပ်စ်တွေထဲမှာ အီဘိုလာဗိုင်းရပ်စ် (Ebola) ဟာ သေဆုံးမှုနှုန်းအများဆုံး ဗိုင်းရပ်စ်တွေထဲက တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာလည်း ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတွေမှာ တစ်ကြော့ပြန် ဖြစ်ပွားနေပြီး WHO က လူထုကျန်းမာရေးအတွက် နိုင်ငံတကာဆိုင်ရာ စိုးရိမ်ရအခြေအနေအဖြစ် အရေးပေါ်ကြေညာထားတဲ့အတွက် အီဘိုလာဗိုင်းရပ်စ် (Ebola) နဲ့ပတ်သက်ပြီး သိကောင်းစရာတွေကို မျှဝေပေးလိုက်ပါတယ်။

အီဘိုလာဗိုင်းရပ်စ် (Ebola) ရဲ့ သမိုင်းကြောင်း

ပထမဆုံးစတင်တွေ့ရှိမှုကတော့ ၁၉၇၆ ခုနှစ်မှာဖြစ်ပြီး အာဖရိကအလယ်ပိုင်းက မတူညီတဲ့နေရာနှစ်ခုမှာ တစ်ပြိုင်နက်တည်းဖြစ်ပွားခဲ့ပါတယ်။ တစ်ခုကတော့ ဆူဒန်နိုင်ငံမှာ ဖြစ်ပြီး အခုလက်ရှိ ပြန်လည်ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ တူညီပါတယ်။ ဆူဒန်ဗိုင်းရပ်စ် လို့လည်း အမည်တွင်ပါတယ်။ နောက်တစ်ခုကတော့ ကွန်ဂိုနိုင်ငံ၊ အီဘိုလာမြစ်အနီးက ရွာတစ်ရွာမှာ ဖြစ်ပွားခဲ့ပြီး အီဘိုလာဗိုင်းရပ်စ် ဆိုတဲ့အမည်တွင်ခဲ့ပါတယ်။ အဲဒီဖြစ်ပွားမှုနှစ်ခုအပြီးမှာတော့ ၁၅ နှစ်လောက်အထိ ပျောက်ကွယ်သွားခဲ့ပြီး ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာတော့ အာဖရိက အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ခပ်စိတ်စိတ်ပြန်လည် ပေါ်ပေါက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း စတင်ဖြစ်ပွားချိန်ကနေ ဆယ်စုနှစ် လေးခုစာလောက်အထိမှာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါငယ်တစ်ခုအဖြစ်သာ ရှိခဲ့ပါတယ်။ အဲဒါကလည်း ၂၀၁၄ - ၂၀၁၆ ကာလ မတိုင်ခင်အထိပါပဲ။ ၂၀၁၄ - ၂၀၁၆ ကာလမှာ ဖြစ်ပွားခဲ့တဲ့ အီဘိုလာကပ်ဘေးကြီးမှာတော့ အီဘိုလာဗိုင်းရပ်စ် (Ebola) ရဲ့ သမိုင်းကြောင်းဟာ လုံးဝပြောင်းလဲသွားခဲ့ပြီး ကမ္ဘာကိုတုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ အာဖရိက၊ ဂီနီနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး သမိုင်းတစ်လျှောက်မှာ အကြီးဆုံးနဲ့ အရှုပ်ထွေးဆုံး အီဘိုလာကပ်ဘေးကြီး ဖြစ်ခဲ့ပါတယ်။ စုစုပေါင်းကူးစက်ခံရမှု ၂၈,၆၀၀ ကျော်ရှိခဲ့ပြီး သေဆုံးမှုပေါင်း ၁၁,၃၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ WHO အနေနဲ့လည်း ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးဆိုင်ရာ တုန့်ပြန်မှုတွေအတွက် အကြီးစားဖွဲ့စည်းပုံပြင်ဆင်မှုတွေတောင် ပြုလုပ်ခဲ့ရပါတယ်။

အခုလက်ရှိ ၂၀၂၆ ခုနှစ်မှာတော့ အီဘိုလာဗိုင်းရပ်စ် (Ebola) အမျိုးအစားတွေထဲက ဆူဒန်ဗိုင်းရပ်စ်ကို ကွန်ဂိုနိုင်ငံမှာ ပြန်လည်တွေ့ရှိထားပါတယ်။ လက်ရှိအထိ ဖြစ်ပွားမှု ၃၀၀ ကျော်ရှိပြီး သေဆုံးမှု ၉၀ နီးပါးရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် WHO က လူထုကျန်းမာရေးအတွက် နိုင်ငံတကာဆိုင်ရာ စိုးရိမ်ရအခြေအနေအဖြစ် အရေးပေါ်ကြေညာထားပါတယ်။

အီဘိုလာဗိုင်းရပ်စ် (Ebola) အမျိုးအစားများ၊ ကူးစက်ပုံနဲ့ ရောဂါလက္ခဏာများ

အဓိကအားဖြင့် အီဘိုလာဗိုင်းရပ်စ် (Ebola) အမျိုးအစား ခြောက်မျိုးရှိပြီး သုံးမျိုးကပဲ လူတွေကို ကူးစက်နိုင်တယ်လို့ အတည်ပြုထားပါတယ်။ အဲဒီအထဲကမှ Zaire ebolavirus လို့လည်းခေါ်တဲ့ အီဘိုလာဗိုင်းရပ်စ် (Ebola) ကတော့ သေဆုံးမှု ၉၀ ရာခိုင်နှုန်းအထိရှိနိုင်ပြီး လက်ရှိမှာ ကုသဖို့အတွက် ဆေးရှိနေပြီဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ လက်ရှိဖြစ်ပွားနေတဲ့ ဆူဒန်ဗိုင်းရပ်စ် (Sudan virus) ဖြစ်ပြီး သေဆုံးမှုက ၅၀ ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ကုသဖို့အတွက် ဆေးလည်း မရှိသေးတဲ့အတွက် ကပ်ရောဂါအဖြစ် အန္တရာယ်များတဲ့ ဗိုင်းရပ်စ်တစ်ခုအနေနဲ့ တည်ရှိနေဆဲပါ။

အီဘိုလာဗိုင်းရပ်စ် (Ebola) ကူးစက်ပုံ

အီဘိုလာဗိုင်းရပ်စ် (Ebola) ကတော့ COVID-19 တို့လိုမျိုး လေထဲကနေ မကူးစက်နိုင်ပါဘူး။ ပထမဆုံး လူတွေကို စတင်ကူးစက်ခဲ့တာကတော့ fruit bat လို့ခေါ်တဲ့ လင်းဆွဲတွေကနေဖြစ်ပြီး သူတို့နဲ့ ထိတွေ့မိတာ၊ သူတို့အသားကို စားသောက်မိတာတွေကြောင့် ကူးစက်လာတာဖြစ်ပါတယ်။ လူအချင်းချင်း ကူးစက်ပုံကတော့ လူ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ (သွေး၊ ချွေး စသဖြင့်) နဲ့ တိုက်ရိုက်ထိတွေ့မိတာကြောင့် ဖြစ်ပါတယ်။ နောက်ပြီး အဲဒီလိုအရည်တွေနဲ့ ထိတွေ့ထားတဲ့ အဝတ်အစား၊ မျက်နှာပြင်တွေကို ထိတွေ့မိရင်လည်း ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာများ

ရောဂါပျိုးချိန်ကာလအနေနဲ့ ၂ ရက်ကနေ ၂၁ ရက်အထိ ကြာနိုင်ပြီး ရောဂါလက္ခဏာတွေကတော့ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတတ်ပြီး ခပ်မြန်မြန် ဆင့်ကဲပြောင်းလဲသွားတတ်ပါတယ်။ အစောပိုင်းအခြေအနေမှာတော့ ရုတ်တရက်အဖျားတက်တာ၊ ပြင်းပြင်းထန်ထန်မူးဝေတာ၊ ကြွက်သားတွေနာကျင်တာ စတဲ့ လက္ခဏာတွေပြနိုင်ပြီး ငှက်ဖျား ဒါမှမဟုတ် အူရောင်ငန်းဖျား တိုက်ဖွိုက်ရောဂါတွေနဲ့ ဆင်တူနေတဲ့အတွက် ခွဲခြားဖို့ ခက်ခဲလေ့ရှိပါတယ်။ နောက်ပိုင်းအခြေအနေတွေမှာတော့ ပြင်းပြင်းထန်ထန်အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းဗိုက်နာကျင်တာနဲ့ အင်ပြင်ထတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာတတ်ပါတယ်။ အဲဒီအချိန်မှာ ရေဓာတ်ခမ်းခြောက်တာ၊ ကျောက်ကပ်နဲ့ အသည်းပျက်စီးတာတွေက လျင်လျင်မြန်မြန် ဖြစ်ပေါ်လာတတ်ပါတယ်။ တချို့သော ဖြစ်ပွားမှုတွေမှာတော့ Ebola hemorrhagic fever လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်းကိုယ်ပ သွေးယိုစိမ့်ခြင်းတွေကိုပါ တွေ့ရနိုင်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ဆူဒန်ဗိုင်းရပ်စ်မျိုးကွဲအတွက် ကာကွယ်ကုသဆေးတွေကတော့ စမ်းသပ်နေဆဲ အခြေအနေမှာရှိပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြီးမဖြစ်ဖို့အတွက် ကြပ်မတ်ဆောင်ရွက်နေကြပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အီဘိုလာဗိုင်းရပ်စ် (Ebola) အကြောင်း သေချာသိရှိထားပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဒီဆောင်းပါးလေးကနေတစ်ဆင့် မျှဝေပေးလိုက်ရပါတယ်။


Share

Comments

Related Posts