
အိပ်ယာထနောက်ကျလို့ဖြစ်စေ၊ အလုပ်များလို့ပဲဖြစ်စေ မနက်စာနဲ့ နေ့လယ်စာပေါင်းစားတတ်ကြတဲ့ လူတွေ မနည်းပါဘူး။ နေ့တိုင်းမဟုတ်ရင်တောင် တစ်ခါတရံတော့ Breakfast နဲ့ Lunch ကို ပေါင်းစားတတ်ကြပါ တယ်။ ဒီလို Breakfast နဲ့ Lunch ပေါင်းစားတာကို Brunch လို့ ခေါ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ တွေ့ရတဲ့ Brunch ယဥ်ကျေးမှု၊ Brunch ရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ Brunch idea တွေကို စုစည်းတင်ပြပေးသွားပါမယ်။
Brunch ပေါ်ပေါက်လာပုံ
Brunch ဆိုတဲ့ ဝေါဟာရက အင်္ဂလန်နိုင်ငံမှာ (၁၉) ရာစုနှောင်းပိုင်းလောက်က စတင်ပေါ်ပေါက်လာပြီး (၁၉၃၀) ခုနှစ် ဝန်းကျင်မှာတော့ အမေရိကန်မှာလည်း လူသုံးများနေပြီ ဖြစ်ပါတယ်။ (၁၉၉၀) ကျော်ကာလ အင်္ဂလန်နိုင်ငံထုတ်မဂ္ဂဇင်းတွေမှာ ဒီစကားလုံးကို ခပ်စိပ်စိပ်တွေ့လာတာနဲ့အမျှ လူတွေကလည်း မနက်စာ ဒါမှမဟုတ် နေ့လယ်စာကို အဝစားမယ့်အစား မနက်စာနဲ့ နေ့လယ်စာကြားမှာ ပေါ့ပေါ့ပါးပါး အစားအစာလေးတွေ စားရတာကို ပိုပြီး ခံတွင်းတွေ့လာကြ ဟန်တူပါတယ်။ တချို့ ကောလိပ်တွေနဲ့ ဟိုတယ်တွေမှာဆိုရင် Brunch ကျွေးလေ့ရှိပြီး အများအားဖြင့် ဘူဖေးအနေနဲ့ တည်ခင်းလေ့ရှိပါတယ်။ ဟိုတယ်အများစုမှာတော့ ဟောလိုးဝင်း၊ ကျေးဇူးတော်နေ့၊ ခရစ်စမတ်၊ နှစ်သစ်ကူးနေ့ တို့လို အထူးအခမ်းအနားတွေ၊ နေ့ရက်တွေမှာ Brunch ကျွေးလေ့ရှိပါတယ်။ Brunch စားတဲ့ အလေ့အထကို အင်္ဂလန်၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ကနေဒါ၊ ဖီလစ်ပိုင်နဲ့ တရုတ်နိုင်ငံတွေအပြင် အခြားနိုင်ငံအများအပြားမှာ တွေ့ရလေ့ရှိပါ တယ်။
Brunch အဖြစ် စားသုံးကြတဲ့ အစားအစာများ
Brunch အဖြစ် ဘယ်လိုအစားအစာတွေကို စားသုံးလေ့ရှိကြလဲ ဆိုတာက နိုင်ငံအလိုက်၊ အစားအသောက် ယဥ်ကျေးမှုတွေအလိုက် ကွဲပြားပါတယ်။ အနောက်နိုင်ငံတွေမှာတော့ စားနေကျမနက်စာတွေဖြစ်တဲ့ ကြက်ဥ၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ဝက်သားပြား၊ အသီးအနှံတွေ၊ ပန်ကိတ်နဲ့ အခြားအစားအစာတွေကို စားသုံးတတ်ကြပါတယ်။ ဝက်အူချောင်းညှပ်ပေါင်မုန့်၊ အသားကင်၊ စွတ်ပြုတ်၊ ပေါင်မုန့်၊ ဆယ်လ်မွန်ကင်၊ အသီးအရွက် သုပ် အစရှိတဲ့ မနက်စာနဲ့မဆိုင်တဲ့ စားသောက်ဖွယ်ရာတွေကိုလည်း Brunch အနေနဲ့ စားသုံးတတ်ကြပါတယ်။ တချို့စားသောက်ဆိုင်တွေမှာ Brunchကို ဧည့်သည်တွေက သူတို့ကြိုက်တာကို ကုန်သလောက်ယူစားလို့ရတဲ့ ဘူဖေးစနစ်နဲ့ တည်ခင်းကျွေးမွေးတတ်ပါတယ်။ Brunch တွေက မိသားစုနဲ့အတူပေါ့ပေါ့ပါးပါးစားသောက်နိုင်တဲ့ ဈေးချိုတဲ့ ဆိုင်တွေကနေ၊ ပြင်သစ်စတိုင် စားသောက်ဆိုင်တွေမှာအထိ ပုံစံမျိုးစုံနဲ့ တည်ခင်းလေ့ရှိတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှ Brunch
မြန်မာနိုင်ငံမှာလည်း လူလတ်ပိုင်းတွေနဲ့ လူငယ်အများစုက မနက်စာနဲ့ နေ့လယ်စာ ပေါင်းစားလေ့ရှိတာကြောင့် ဒီနိုင်ငံမှာလည်း Brunch ယဥ်ကျေးမှု ထွန်းကားတယ်လို့ ဆိုနိုင်ပါတယ်။ Brunch စားလိုက်ခြင်းအားဖြင့် မနက်စာ စားဖို့တစ်ခါ၊ နေ့လယ်စာ စားဖို့တစ်ခါ အချိန်ပေးရတာ သက်သာသွားမယ့်အပြင် အထူးသဖြင့် ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်လေ့ရှိကြသူတွေအတွက် အလုပ်ရှုပ်တာလည်း တော်တော် သက်သာသွားမှာပါ။ စားစရာ တွေဆိုတာ စားလိုက်တော့သာ အချိန်ခဏလေး၊ ပြင်ဆင်ရတော့ အကြာကြီးနဲ့ တော်တော်လေးလည်း အလုပ်ရှုပ်တယ်မဟုတ်လား။ မနက်စာနဲ့ နေ့လယ်စာသာ ပေါင်းစားလိုက်ရင် တစ်နပ်ဆိုလည်းတစ်နပ်၊ အချိန်ကုန်ရော၊ အလုပ်ရှုပ်ပါ သက်သာသွားမှာသေချာပါတယ်။ ဒီတော့ မနက်ပိုင်းပိုထွက်လာတဲ့အချိန်ကို အိပ်ရေးဝအောင် အိပ်တာပဲ ဖြစ်ဖြစ်၊ တခြား ကိုယ့်စိတ်ကြိုက်တစ်ခုခု လုပ်တာပဲဖြစ်ဖြစ် အသုံးပြုလို့ရတာပေါ့။ တစ်နည်းအားဖြင့် ငွေကုန်ကြေးကျလည်း သက်သာသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် Brunch အနေနဲ့ စားဖို့ သင့်တော်တဲ့ မြန်မာအစားအစာတွေထဲက အချို့ကို ရွေးထုတ်ဖော်ပြထားပါတယ်။
၁။ မုန့်ဟင်းခါး
လူကြိုက်အများဆုံး မြန်မာ့ရိုးရာစားစရာတွေထဲက တစ်ခုဖြစ်တဲ့ မုန့်ဟင်းခါးကို မနက်စာအဖြစ်သာမက နေ့လယ်အဆာပြေ၊ ညစာ အစရှိသဖြင့် အချိန်အခါမရွေး စားသုံးကြပါတယ်။ မုန့်ဟင်းခါးကြိုက်သူတစ်ယောက်ဆိုရင်တော့ Brunch အနေနဲ့ စားဖို့အတွက်လည်း ရွေးချယ်စရာတစ်ခုပါပဲ။
၂။ နန်းကြီးသုပ်
မုန့်တီသုပ်လို့လည်း ခေါ်ကြတဲ့ နန်းကြီးသုပ်ကလည်း မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ အစားအစာတစ်ခုပါပဲ။ ဆန်မုန့်ဖတ်ကို အခြေခံထားတဲ့ ဒီအစားအစာကို မနက်စာအနေနဲ့ အစားများကြပေမယ့် မနက်စာနဲ့ နေ့လယ်စာ ပေါင်းစားကြသူတွေလည်း စားလေ့ရှိကြတာကြောင့် နန်းကြီးသုပ်ကလည်း Brunch Idea နောက်တစ်မျိုးပါပဲ။
၃။ ထမင်းဆီဆမ်း
ငယ်ငယ်တည်းက စားခဲ့ရတဲ့ အမေ့လက်ရာ ထမင်းဆီဆမ်းဆိုတာ ဘယ်တော့မှ ရိုး,မသွားမယ့် အစားအစာတစ်ခု ဖြစ်ပါတယ်။ ထမင်းကို ပဲဆီမွှေးမွှေးလေးဆမ်းပြီး ပဲပြုတ်လေးဖြူးထားတဲ့ ထမင်းဆီစမ်းပူပူလေးကိုလည်း Brunch အနေနဲ့ စားသုံးနိုင်ပါတယ်။
သတိပြုရန်
လူတော်တော်များများက မနက်စာနဲ့ နေ့လယ်စာပေါင်းစားဖူးကြပေမဲ့ ဒီလို Brunch စားတဲ့ အလေ့အကျင့်ကို ရေရှည်စွဲမလုပ်သင့်ပါဘူး။ Brunch ေက အစာစားချိန်ကို ကမောက်ကမဖြစ်စေတာကြောင့် အဝလွန်တာ၊ ဝိတ်ချဖို့ခက်ခဲတာ စတဲ့ ကျန်းမာရေးပြဿနာတွေ တွေ့ကြုံရနိုင်ပါတယ်။ အချုပ်အားဖြင့်ပြောရရင် Bruch ယဥ် ကျေးမှုက လူငယ်တွေကြားမှာ တွေ့ရတာများလာပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံမဟုတ်တာ ကြောင့် ရေရှည်မကျင့်သုံးသင့်ဘူးဆိုတာ သတိထားစေချင်ပါတယ်။ ဘယ်နေရာမှာမဆို အလွန်အကျွံပြုလုပ်ရင် ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် မျှတစွာစားသုံးပြီး ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို ထိန်းသိမ်းထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။
Comments