
အော်တစ်ဇင် သို့ ASD ခေါ် Autism Spectrum Disorder လို့ခေါ်တဲ့ ရောဂါဟာ လူအချင်းချင်း ဆက်သွယ်ပြောဆိုမှု၊ လူမှုဆက်ဆံရေး၊ အပြုအမူနဲ့ အာရုံခံစားမှုတွေကို ထိခိုက်စေနိုင်ပြီး တခြားသူတွေနဲ့ ကွာခြားနေတတ်တဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ကလေးတိုင်းဟာ ဖွံ့ဖြိုးမှုနှုန်း မတူညီကြပေမဲ့ အော်တစ်ဇင်လက္ခဏာတွေကတော့ ကလေးတစ်ချို့မှာ အသက် ၁နှစ် ကနေ ၃နှစ် မတိုင်ခင်မှာ စပေါ်လာတတ်ပြီး တချို့မှာ အသက်ကြီးလာတာနဲ့အမျှ ပိုပြီး ထင်ရှားလာတတ်တာမျိုးပါ။ အော်တစ်ဇင်ရောဂါလက္ခဏာတွေက အချိန်နှင့်အမျှ ပြောင်းလဲနိုင်တာကြောင့် သူတို့လေးတွေ ဖွံ့ဖြိုးမှုအတွက် ကလေးငယ်ကတည်းက မိဘတွေက စောစောစီးစီး သတိပြုမိပြီး လုပ်ဆောင်စရာရှိတာ ကြိုတင်ဆောင်ရွက်ထားနိုင်ဖို့ သိထားသင့်တဲ့ အော်တစ်ဇင်ရောဂါလက္ခဏာတစ်ချို့ကို ဖော်ပြပေးလိုက်ပါရစေ။

အော်တစ်ဇင်ရဲ့ ရှေ့ပြေးလက္ခဏာတွေ
အော်တစ်ဇင် လက္ခဏာတွေဆိုတိုင်း ကလေးမှာ လက္ခဏာတစ်ခုတွေ့ရုံနဲ့ အော်တစ်ဇင် ဖြစ်နေတယ်လို့ တထစ်ချ ယူဆလို့ မရပါဘူးနော်။ ဒါပေမဲ့ CDC ရဲ့ ဆောင်းပါးတစ်ခုမှာ ပါဝင်တဲ့ အော်တစ်ဇင် လက္ခဏာတွေ တွေ့နေရပြီဆိုရင်တော့ မိဘတွေအနေနဲ့ ကျွမ်းကျင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
- ခေါ်တဲ့အခါ နာမည်ကို ပြန်မထူးတာ၊
- မျက်လုံးချင်း မဆုံတာ သို့ မျက်နှာ၊ ဟန်ပန်အမူအရာ အသုံးပြုမှု နည်းတာ၊
- ပစ္စည်းတွေကို ပြတာ၊ လက်ညှိုးထိုးပြတာမျိုးနဲ့ မိမိရဲ့ စိတ်ဝင်စားမှုကို အခြားသူနဲ့ မမျှဝေတာ၊
- စကားပြော နောက်ကျတာ သို့ စကားလုံးနဲ့ စာကြောင်းတွေကို ထပ်တလဲလဲ ပြောတာ၊
- အတုယူ၊ ဖော်ပြဖို့ ခက်ခဲတာ သို့ အခြားကလေးတွေနဲ့ အတူတူ မကစားတတ်တာ။
- လက် ခါတာ၊ ကိုယ်ကို ယမ်းတာ သို့ ပစ္စည်းတွေကို လည်ပတ်အောင် လုပ်တာ စတဲ့ အပြုအမူတွေကို ထပ်တလဲလဲ လုပ်တာ၊
- လုပ်ရိုးလုပ်စဉ်တွေ မဟုတ်တာတွေ သို့ အခြား အာရုံခံစားရမှုတွေ ပြောင်းလဲသွားတဲ့အခါ အလွန်အမင်း စိတ်မသက်မသာ ဖြစ်တာ၊
- အရင်က တတ်ထားပြီးသား စကားပြောဆိုနိုင်စွမ်း၊ ဟန်ပန်အမူအရာ သို့ လူမှုဆက်ဆံရေး စွမ်းရည်တွေ ရုတ်တရက် ပျောက်ကွယ်သွားတဲ့ ကလေးတွေကို အမြန်ဆုံး စစ်ဆေးကုသမှု ခံယူပေးသင့်ပါတယ်။

မိဘတွေအနေနဲ့ ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ
အပေါ်မှာ ပြောပြသွားတဲ့ လက္ခဏာတွေအပြင် မိဘတွေအနေနဲ့ ကလေးရဲ့ အပြုအမူနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အမြဲတမ်းစောင့်ကြည့်ပေးပြီး မှတ်စုလုပ်ထားပေးပါ။ စိုးရိမ်ပူပန်နေတာတွေ၊ တိုင်ပင်စရာ ရှိတာတွေကို ကလေးဆရာဝန် သို့ ကျွမ်းကျင်ရာ အထူးကုဆရာဝန်နဲ့ မျှဝေဆွေးနွေးပါ။ ကလေးကို ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ လိုတဲ့အပြင် အသက် ၁၈ လနဲ့ ၂၄ လတို့မှာ ဖြစ်ဖြစ်၊ မိဘကိုယ်တိုင်နဲ့ ဆရာဝန်က သံသယရှိတယ်လို့ ယူဆရတဲ့အခါ ဖြစ်ဖြစ် အော်တစ်ဇင် အတွက် သီးသန့်စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒါမှသာ အော်တစ်ဇင်လက္ခဏာတွေကို စောစောစီးစီးသိရှိပြီး အာရုံစိုက်ကုသပေးတာက ကလေးရဲ့ လိုအပ်ချက်တွေကို နားလည်ပြီး အသုံးဝင်၊ အကျိုးရှိတဲ့ အထောက်အပံ့တွေကို မိသားစုဝင်တွေက ကူညီပေးနိုင်မှာဖြစ်ပါတယ်။
အော်တစ်ဇင်ဆိုတာ မိဘတွေက ကျွေးမွေးပြုစုမှု ညံ့ဖျင်းလို့ ဖြစ်လာတာ မဟုတ်ဘူးဆိုတာ နားလည်လက်ခံထားသင့်ပြီး ကိုယ့်ကလေးကို တခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီး အပြစ်တင်တာမျိုး မလုပ်မိဖို့ အရေးကြီးပါတယ်။ ကလေးကိုလည်း အော်တစ်ဇင် ဆိုပြီး လွယ်လွယ် သတ်မှတ်ထားလိုက်ဖို့ မဟုတ်ဘဲ သူတို့လေးတွေကို နားလည်ပေးပြီး အစောဆုံးနဲ့ အကောင်းဆုံး အထောက်အပံ့တွေ ပေးနိုင်ကာ ဖွံ့ဖြိုးတိုးတက်လာမှုကို အားပေးရမှာ ဖြစ်ပါတယ်။