သတိထားသင့်တဲ့ ညဘက် ခြေထောက်ကြွက်တက်ရခြင်း


ညဘက်အိပ်နေစဉ် ရုတ်တရက် ခြေထောက်ကြွက်တက်ရခြင်းဟာ ခြေထောက်ကြွက်သားတွေ ရုတ်တရက် တင်းကျပ်သွားတာကြောင့် နာကျင်မှုကို ခံစားရခြင်းမျိုးပဲဖြစ်ပါတယ်။ အများအားဖြင့်တော့ အန္တရာယ်မရှိတတ်ပေမယ့် မကြာခဏ သို့မဟုတ် ပြင်းထန်စွာ ကြွက်တက်ခြင်းဟာ အခြားကျန်းမာရေးပြဿနာတစ်ခုခုနဲ့လည်း ဆက်စပ်နေနိုင်ပါသေးတယ်။

ဒါဆို ဘာကြောင့် ညဘက် ခြေထောက်ကြွက်တက်ရတာလဲ ?

ခြေထောက်ကြွက်တက်ခြင်းဟာ အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

  • ရေဓာတ်လျော့နည်းခြင်း – ရေလုံလောက်စွာ မသောက်သုံးခြင်းက ကြွက်တက်မှုကို ဖြစ်စေနိုင်ပါတယ်။
  • ကြွက်သားများ အလွန်အမင်းအသုံးပြုခြင်း – အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းပြုလုပ်ခြင်းတွေက ကြွက်သားတွေကို ပိုမိုပင်ပန်းစေနိုင်ပါတယ်။
  • အချိန်ကြာကြာ ထိုင်နေခြင်း – တစ်နေရာတည်းမှာ အချိန်ကြာကြာ ထိုင်နေခြင်းကလည်း ကြွက်တက်နိုင်ခြေများစေနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ခြင်းနှင့် အသက်အရွယ်ကြီးလာခြင်း  – ကိုယ်ဝန်ဆောင်ချိန်နဲ့ အသက်ကြီးလာတဲ့အခါ ခြေထောက်ကြွက်တက်ခြင်းဟာ ပိုမိုဖြစ်တတ်လေ့ရှိပါတယ်။
  • ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး  – ဆေးဝါးအချို့ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကြွက်တက်ခြင်းလည်း ဖြစ်နိုင်ပါသေးတယ်။
  • အာဟာရဓာတ် မညီမျှခြင်း – ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ် စတဲ့ သတ္တုဓာတ်တွေ မညီမျှတဲ့အခါ ကြွက်သားပြဿနာတွေ ဖြစ်လာနိုင်ပါသေးတယ်။


ဘယ်လိုအချိန်မျိုးတွေမှာ သတိထားသင့်လဲ?

တစ်ခါတစ်ရံ ကြွက်တက်ခြင်းဟာ အများအားဖြင့် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် အောက်ပါအခြေအနေတွေရှိလာခဲ့ရင်တော့ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။

  • မကြာခဏ ကြွက်တက်ခြင်း သို့မဟုတ် ပိုမိုပြင်းထန်လာခြင်း
  • ညဘက်အိပ်စက်မှုကို မကြာခဏ အနှောင့်အယှက်ဖြစ်စေခြင်း
  • ခြေထောက်ဖောင်းခြင်း၊ အားနည်းခြင်း၊ ထုံခြင်း (သို့မဟုတ်) အရေပြားအရောင် ပြောင်းလဲခြင်းတို့ဖြစ်လာခြင်း
  • ကြာရှည်စွာ ကြွက်တက်နေခြင်း (သို့မဟုတ်) ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ မသက်သာခြင်း
  • ဆေးအသစ်တစ်မျိုး စတင်သောက်သုံးပြီးနောက် ကြွက်တက်လာခြင်း
  • ခြေထောက်တစ်ဖက်တည်းမှာ ရုတ်တရက်နာကျင်ခြင်း၊ ဖောင်းခြင်း၊ ပူခြင်း (သို့မဟုတ်) နီရဲခြင်းတို့ ဖြစ်လာပါက သွေးခဲပိတ်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်တဲ့အတွက် အရေးပေါ် ဆေးကုသမှုခံယူသင့်ပါတယ်။
  • ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်းတွေအပြင် သွေးပါချောင်းဆိုးခြင်းတို့ပါ ဖြစ်လာပါက အရေးပေါ် ဆေးကုသမှု ချက်ချင်းခံယူဖို့လိုအပ်ပါတယ်။


ကြွက်တက်တဲ့အခါ ဘာလုပ်နိုင်လဲ?

ကြွက်တက်တဲ့အခါ နာကျင်နေတဲ့ ကြွက်သားကို ဖြည်းဖြည်းချင်း ဆန့်ပေးပြီး နှိပ်နယ်ပေးနိုင်ပါတယ်။** ရေဓာတ်ပြည့်ဝအောင် ရေသောက်ပေးခြင်းနဲ့ အိပ်ရာမဝင်ခင် ပေါ့ပေါ့ပါးပါး အကြောလျှော့လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းကလည်း ကြွက်တက်မှုကို လျော့နည်းစေနိုင်ပါတယ်။

အချုပ်အားဖြင့် ညဘက် ခြေထောက်ကြွက်တက်ခြင်းဟာ အန္တရာယ်မရှိတတ်ပေမယ့် မကြာခဏဖြစ်ခြင်း၊ ပိုမိုပြင်းထန်လာခြင်း (သို့မဟုတ်) ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေဖြစ်လာခဲ့ရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။

ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ကျန်းမာရေးအတွက် အမြဲအသိရှိပြီး လိုအပ်လျှင် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးခြင်းဖြင့်  ညဘက် ခြေထောက်ကြွက်တက်ခြင်းမှ အကောင်းဆုံးဂရုစိုက်လိုက်ပါစို့နော် ... ။


Share

Comments

Related Posts

No related posts found