နွေညတွေမှာ အနားယူစရာ ဝရံတာလေးတစ်ခု

Posted in အိမ်မှုရေးရာ, အိမ်တွင်းအိမ်ပြင်အလှဆင်ခြင်း


တိုက်ခန်းတွေမှာ နေထိုင်ကြတဲ့သူတွေအတွက် အခုလိုမျိုး နွေညတွေဟာ အများအားဖြင့် စိတ်သက်တောင့်သက်သာ မဖြစ်စရာပါပဲ။ ပူအိုက်ပြီး မွန်းကြပ်တဲ့ ဒဏ်တွေနဲ့ အိပ်မပျော်တာတွေလည်း ဖြစ်လေ့ရှိကြပါတယ်။ ဒီလိုမျိုး ရင်ဆိုင်နေရတဲ့သူတွေအတွက် ကိုယ်ရော၊ စိတ်ပါ အေးချမ်းဖို့ ထွက်ပေါက်လေးတစ်ခု ပြင်ဆင်လို့ရနိုင်မယ့် နည်းလမ်းလေးကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။ အဲဒါကတော့ တိုက်ခန်းတွေ တော်တော်များများမှာ ပါဝင်ပြီးသားဖြစ်တဲ့ ဝရံတာလေးပါပဲ။

ဘာကြောင့် ဝရံတာ

ဝရံတာက ဘာကြောင့် ထွက်ပေါက်ဖြစ်ရသလဲဆိုရင်တော့ အများအားဖြင့် ရန်ကုန်လိုမျိုး မြို့ပြတွေမှာရှိတဲ့ တိုက်ခန်းတွေဟာ တစ်တိုက်နဲ့ တစ်တိုက် ကပ်နေတတ်သလို လေဝင်လေထွက်ကောင်းတဲ့ ပြတင်းပေါက်တွေ ပါဝင်မှုလည်း နည်းပါးတာကြောင့်ပါပဲ။ ဒီလိုအခြေအနေမှာ ဝရံတာတွေဟာ တိုက်ခန်းတွေရဲ့ လေဝင်လေထွက် အကောင်းဆုံးနေရာတွေဖြစ်လာပါတယ်။ ဒါပေမဲ့ အများစုကတော့ ဝရံတာတွေကို အဝတ်လှန်းဖို့၊ ပစ္စည်းဟောင်းတွေထားဖို့ စသဖြင့် အများဆုံးအသုံးပြုကြတဲ့အတွက် ရှုပ်ပွပြီး သက်တောင့်သက်သာ နားနေဖို့ အဆင်ပြေတဲ့နေရာ မဖြစ်တတ်ကြပါဘူး။ ဒီအချက်တွေကို စုပေါင်းပြီးတော့ ဝရံတာကို သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းနဲ့ အနားယူလို့ရမယ့်နေရာလေးအဖြစ် ပြောင်းလဲပြင်ဆင်ကြည့်ကြရအောင်။

ဝရံတာရှင်းလင်းခြင်း

ပထမဆုံးအဆင့်အနေနဲ့ကတော့ ဝရံတာမှာရှိနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းရမှာ ဖြစ်ပါတယ်။ မသုံးဖြစ်တဲ့ ပစ္စည်းတွေကို ထားလေ့ရှိတယ်ဆိုရင် ရှင်းထုတ်ပစ်လိုက်ပါ။ အခုအချိန်မှာ မသုံးဖြစ်လို့ဆိုပြီး ပုံထားတဲ့ပစ္စည်းတွေက နောင်မှာလည်း မသုံးဖြစ်ဖို့ပဲများပါတယ်။ တကယ်လို့ အသုံးလိုတဲ့ ပစ္စည်းတွေ၊ ပုံးတွေ စသဖြင့် ရှိနေတယ်ဆိုရင်တော့ နံရံထောင့်တစ်ဖက်ကို ကပ်ပြီး အထပ်ထပ်ဆင့်ထားလိုက်မယ်ဆိုရင် လေကြောကို မပိတ်တော့သလို နေရာလည်း ပိုကျယ်လာပါလိမ့်မယ်။ ရှင်းသွားပြီးရင်တော့ ကြမ်းပြင်ကို သေချာ သန့်ရှင်းဆေးကြောလိုက်ပါ။

အနားယူဖို့ နေရာပြင်ဆင်ခြင်း

ကျောမှီပါတဲ့ ထိုင်ခုံပေါ်မှာပဲ အနားယူတတ်တဲ့သူတွေဆိုရင်တော့ ထူးထူးခြားခြား ပြင်ဆင်စရာမလိုပါဘူး။ ဒါပေမဲ့ လှဲလျောင်းပြီး အနားယူချင်တဲ့သူတွေအတွက်တော့ ပြင်ဆင်မှုလေးတွေ လုပ်ဖို့ လိုပါလိမ့်မယ်။ ဈေးသက်သာပြီး ထိရောက်မှုအရှိဆုံးကတော့ ဝါးနဲ့ပြုလုပ်တဲ့ မြန်မာ့ရိုးရာဖျာတွေပါပဲ။ အဲဒါက လေဝင်လေထွက်ကောင်းပြီး အေးမြစေသလို ကြမ်းပြင်ထက် သက်‌တောင့်သက်သာဖြစ်စေပါတယ်။ တခြားနည်းလမ်းတွေအနေနဲ့ဆိုရင်‌တော့ ခေါက်သိမ်းလို့ရတဲ့ အိပ်ရာအပါးလေးတွေ၊ ရေခဲဖျာ လို့ခေါ်ကြတဲ့ ခေတ်ပေါ်ဖျာမျိုးတွေလည်း ရှိပါတယ်။

နောက်ထပ် ထည့်သွင်းစဥ်းစားရမယ်အချက်ကတော့ ခြင်ကိုက်တဲ့ ပြဿနာပါ။ အဲဒီအတွက် ဝရံတာနဲ့ ဆန့်မယ့် ခြင်ထောင်မျိုး အသုံးပြုလို့ရနိုင်ပေမဲ့ လေဝင်လေထွက်ကို အနည်းငယ် လျော့နည်းစေနိုင်ပါတယ်။ ခြင်ဆေးခွေထွန်းတာကတော့ ဂရုတစိုက်ထားပြီး အသက်ရှူလမ်းကြောင်းနဲ့ တိုက်ရိုက်မဖြစ်နေရင် အဆင်ပြေပါလိမ့်မယ်။ ဒါမှမဟုတ် ခြင်မကိုက်တဲ့ဆေးရည်လိမ်းတာ၊ ခြင်ရိုက်ဘက်တံ ဆောင်ထားတာတွေလည်း လုပ်လို့ရပါတယ်။ အဲဒါတွေအပြင် နောက်ထပ် အထောက်အပံ့ဖြစ်စေနိုင်တာကတော့ မီးအလင်းရောင်ပါ။

ဝရံတာကို အရမ်းမမှောင်၊ အရမ်းမလင်းတဲ့ ဝန်းကျင်လေးအဖြစ် ပြင်ဆင်တာက ခြင်ပြဿနာကို အထိုက်အလျောက်ပြေလည်နိုင်စေသလို အနားယူဖို့အတွက် နေရာကောင်းလေးတစ်ခုလည်း ဖြစ်စေပါတယ်။ ဒီအတွက် အားသွင်းလို့ရတဲ့ မီးအိမ်လေးတွေ၊ Power Bank နဲ့ ထွန်းလို့ရတဲ့ LED မီးကြိုးလေးတွေက ကောင်းမွန်တဲ့ ပြင်ဆင်မှုလေးတွေပါပဲ။ နောက်ပြီး ဝရံတာမှာ ရှားစောင်းလက်ပတ်လိုမျိုး အပင်လေးတွေ စိုက်ထားမယ်ဆိုရင် အလှဆင်ရုံတင်မကပဲ လေကိုလည်း သန့်စင်စေပြီး စိတ်ကိုလည်း အေးချမ်းစေပါတယ်။ ဒါကတော့ နေရာပိုမှ လုပ်လို့ရတဲ့ optional ဖြစ်ပါတယ်။

ဝရံတာမှာ အေးမြနေစေဖို့အတွက်

ဝရံတာမှာ အနားယူတဲ့အချိန်မှာ တိုက်ခတ်တဲ့လေကို ပိုပြီး အေးမြစေမယ့် နည်းလမ်းရှိပါတယ်။ တဘက် ဒါမှမဟုတ် အိပ်ရာခင်းလိုမျိုး အဝတ်စ ခပ်ကြီးကြီးကို ရေထဲစိမ်ပြီး ရေစင်အောင် ညှစ်လိုက်ပါ။ ပြီးရင် အဲဒါကို ဝရံတာက လေတိုက်တဲ့ဘက်မှာ လှန်းထားလိုက်ပါ။ အဲဒါက တိုက်လာတဲ့လေကို ရေငွေ့တွေနဲ့ ပိုပြီး အေးမြစေပါတယ်။ နောက်တစ်ချက်ကတော့ ဝရံတာကို အမြဲတမ်း သန့်ရှင်းသပ်ရပ်နေအောင်ထားပါ။ လေဝင်လေထွက်ကောင်းတဲ့ နေရာဖြစ်မှ အပူချိန်ကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ နွေညတွေမှာ အနားယူဖို့ ဝရံတာလေးတစ်ခုကို ဖန်တီးနိုင်ကြမယ်လို့ထင်ပါတယ်။ ကိုယ်ရော စိတ်ပါ အေးချမ်းစွာနဲ့ နွေရာသီကို ကျော်ဖြတ်နိုင်ကြပါစေနော်။


Share

Comments

Related Posts