လျော့မတွက်သင့်တဲ့ ဆီးချိုရောဂါအကြောင်း

Posted in ကျန်းမာရေး


စားသောက်နေထိုင်မှုပုံစံတွေ ပြောင်းလဲလာတဲ့ အခုခေတ်မှာ ဆီးချိုရောဂါဆိုတာ လူကြီးလူငယ်မရွေး အဖြစ်များဆုံးနဲ့ ကျန်းမာရေးကို အထိခိုက်စေဆုံး ရောဂါတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူက စားလိုက်တဲ့ အစားအသောက်တွေကို ကိုယ်ခန္ဓာအတွင်းမှာ စွမ်းအင်အဖြစ် ပြောင်းလဲပေးမဲ့ လုပ်ငန်းစဥ်ကို ထိခိုက်စေတဲ့ နာတာရှည်ရောဂါပါ။ အခုချိန်မှာ ဆီးချိုရောဂါကို တော်တော်များများ ထင်ထားတာထက် ပိုအဖြစ်များလာကြပြီး ရောဂါရှိလို့ ရှိမှန်းမသိဘဲ နှစ်ပေါင်းများစွာ နေထိုင်နိုင်ပါသေးတယ်။ ဒါကြောင့် ဆီးချိုအကြောင်းကို ပိုအသေးစိတ် သိထားရအောင်နဲ့ ရောဂါကို စောစောစီးစီးသိရှိပြီး နောက်ဆက်တွဲဆိုးကျိုးတွေပါ ကာကွယ်ထားနိုင်အောင် ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်ထားလိုက်နော်။ 

ဆီးချိုရောဂါလက္ခဏာတွေ

ခုနက ပြောသွားသလို ဆီးချိုရဲ့ ရောဂါလက္ခဏာတွေဆိုတာ မသိလိုက် မသိဘာသာနဲ့ နှစ်အတော်ကြာ ကိုယ်တွင်းမှာ ရှိနေနိုင်တာမလို့ သေချာဆန်းစစ်နိုင်ဖို့ အရေးကြီးပါတယ်။ ဆီးချိုကြောင့်

  • သွေးတွင်း သကြားဓာတ် လွန်ကဲနေတဲ့အခါ ကျောက်ကပ်က ပိုအလုပ်လုပ်ရတဲ့အတွက် သကြားတွေကို ဆီးကတစ်ဆင့် စွန့်ထုတ်ရတာကြောင့် ညဘက်တွေမှာ ဆီးခဏခဏ သွားတတ်ပါတယ်။
  • ဒီလို ဆီးမကြာခဏ သွားရတာကြောင့် ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်တွေကုန်ခမ်းသွားကာ အမြဲတမ်း ရေငတ်တာနဲ့ ပါးစပ် ခြောက်သွေ့တာတွေ ဖြစ်စေပါတယ်။
  • အစားပုံမှန် စားနေပေမဲ့လည်း ခန္ဓာကိုယ်က သကြားဓာတ်ကို စွမ်းအင်အဖြစ် မသုံးနိုင်တာကြောင့် ကြွက်သားနဲ့ အဆီတွေကို အစားထိုး လောင်ကျွမ်းစေနိုင်လို့ ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းသွားတတ်ပါတယ်။
  • ဆဲလ်တွေကိုလည်း သကြားဓာတ်မဝင်ရောက်နိုင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်တွေ မရတော့ဘဲ အမြဲတမ်းအားအင်ကုန်ခမ်းပြီး မောပန်းနေတတ်ပါတယ်။
  • သွေးတွင်းသကြားဓာတ် မြင့်တက်နေတဲ့အတွက် မျက်လုံးအတွင်းက ပုံမှန်အရည်စီးဆင်းမှုကို ကမောက်ကမ ဖြစ်စေနိုင်ပြီး သွေးကြောတွေနဲ့ အမြင်အာရုံကြောတွေကို ဝေဝါးပျက်စီးစေပါတယ်။
  • သွေးလည်ပတ်မှုလည်း နည်းပါးသွားတာကြောင့် ထိခိုက်ရှာရာနဲ့ ဒဏ်ရာတွေ အကျက်နှေးစေပါတယ်။

ဆီးချိုမဖြစ်အောင် ဘယ်လိုထိန်းသိမ်းကာကွယ်နိုင်လဲ

ဆီးချိုရောဂါရဲ့ အဓိကဖြစ်တဲ့ သွေးတွင်းသကြားဓာတ်ကို ထိရောက်စွာ ထိန်းချုပ်နိုင်ဖို့ဆို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံကို ပြောင်းလဲသင့်ပါတယ်။ 

  1. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို ရွေးချယ်ပါ - အချိုဓာတ်များတဲ့ အဖျော်ယမကာတွေ၊ သကြားပါဝင်မှုများတဲ့ အစားအစာတွေနဲ့ ပြုပြင်ပြောင်းလဲထားတဲ့ အသင့်စား အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဥ်ပါ။ အမျှင်ဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေနဲ့ အဆီမပါတဲ့ ပရိုတင်းတွေကို အဓိကထား စားသုံးပေးတာက အစားစားပြီးချိန် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်လာတာကို တားဆီးပေးနိုင်ပါတယ်။ 
  2. ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ - တစ်နေ့ကို မိနစ် ၃၀ လောက် ခပ်မြန်မြန် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ သို့ ရေကူးတာ စတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန် ပြုလုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ရှိတာက အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို လောင်ကျွမ်းစေပါတယ်။
  3. ပုံမှန် ဆေးစစ်ဆေးမှု ခံယူပါ - အသက်အရွယ်အလိုက် သွေးတွင်းသကြားဓာတ်စစ်ဆေးမှု (Fasting Blood Glucose) နဲ့ HbA1c စစ်ဆေးမှုတွေ ပုံမှန်ပြုလုပ်ပါ။ ဒီကနေမှ ဆီးချို မဖြစ်ခင်အဆင့် (Prediabetes) မှာ စောစောစီးစီးသိရှိထားမယ်ဆို အစားအသောက်နဲ့ လူနေမှုပုံစံ ပြောင်းလဲရုံနဲ့ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိအောင် ကာကွယ်နိုင်မှာပါ။
  4. စိတ်ဖိစီးမှုကို လျှော့ချပါ - စိတ်ဖိစီးမှုများတဲ့အခါ ထွက်လာတဲ့ ဟော်မုန်းတွေက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတာကြောင့် လုံလုံလောက်လောက် အနားယူ၊ အိပ်စက်ပြီး ကိုယ့်ရဲ့ သွေးတွင်းသကြားဓာတ် ပမာဏကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ပုံမှန် တိုင်းတာစစ်ဆေးပေးပါ။

ဒီလောက်ဆိုရင်တော့ ဆီးချိုရောဂါရဲ့ ရောဂါလက္ခဏာတွေအကြောင်း စောစီးစွာ သိရှိနားလည်ပြီး ဆောင်ရန်၊ ရှောင်ရန်လေးတွေနဲ့ စနစ်တကျထိန်းသိမ်းသွားမယ်ဆို ကျန်းမာပျော်ရွှင်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ အထောက်အကူ ဖြစ်စေမှာ အမှန်ပါပဲနော်။ 


Share

Comments

Related Posts